ယနေ့ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိကြောင်း NLD မှ အတည်ပြုလိုက်သည်။
NLD ပါတီ ကိုယ်စားလှယ်အများစု အနိုင်ရရှိကြောင်း ယနေ့ကျေညာနိုင်မည်ဟုလည်း မျှော်လင့်ရသည်။
ယခု ကြားဖြတ်ရွေးကောက်ပွဲတွင် NLDက မဲဆန္ဒနယ်မြေ အများစုအနိုင်ရရှိမည်ဟု သတင်းများက ဆိုသည်။
“ကျနော်တို့ ၄၄ နေရာလုံးမှာ နိုင်ဖို့ အခြေအနေရှိပါတယ်၊ နောက်ဆုံး တရားဝင် ကြေညာချက်ကို စောင့်နေတယ်”ဟု NLD ခေါင်း ဆောင် တဦးဖြစ်သူ ဦးစိုးဝင်းက AFP သတင်းဌာနသို့ ပြောကြားသည်။
နောက်ဆုံးရရှိသည့်သတင်းများအရ ရန်ကုန် ရွှေဂုံတိုင်ရုံးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမြို့နယ် တို့တွင် ရွေးကောက်ပွဲအောင်နိုင်မှု အထိမ်းအမှတ်အဖြစ် လူထုက အောင်ပွဲခံနေကြောင်း သိရသည်။
အရေးပါသည့် အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ မဲဆန္ဒနယ် ၄ နေရာနှင့် စစ်တပ်အခြေစိုက်ရာ မဲဆန္ဒနယ်များဖြစ်သည့် မန္တလေး တိုင်း ပြင်ဦးလွင်၊ မိတ္ထီလာ၊ မကွေးတိုင်း ပခုက္ကူတို့တွင်လည်း NLDပါတီ အနိုင်ရရှိနိုင်ကြောင်း သိရသည်။
ယခင်၂၀၁၀ ရွေးကောက်ပွဲ ကဲ့သို့ ကြိုတင်မဲများ နည်းပါးသော်လည်း မဲစာရွက်တွင် ဖယောင်းသုတ်လိမ်းကာ ချောမွတ်အောင် လုပ်ခြင်း၊ မဲပေးနိုင်သူ စာရင်းကွာဟမှု ရှိခြင်းကြောင့် NLDက ယနေ့နံနက်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်သို့ တရားဝင်ကန့်ကွက်မှု
များ ပြုလုပ်ခဲ့သည်။
ယခုကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်မဲ ဆန္ဒနယ်မြေ ၄၅ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ကြရာ NLD က ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။