ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရပြီးနောက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများရုပ်သိမ်းရန် တရုတ်နိုင်ငံက ယနေ့ တောင်းဆိုလိုက်သော်လည်း NLD အောင်ပွဲဆင်ခဲ့သည့် အပေါ် လှိုက်လှိုက်လှဲလှဲ မရှိကြောင်း တွေ့ရသည်။
တရုတ်အစိုးရ မီဒီယာအနေနှင့် မြန်မာပြည်၏ သမိုင်းဝင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်မှု နှေးကွေးနေချိန်၌ တိုးတက်ပြောင်းလဲမှုလိုလားသော မီဒီယာများနှင့် မိုက်ခရိုဘလော့ (Micro-blog)များအတွက်မူ မြန်မာပြည်မှ မဲဆွယ်မှုများနှင့် ရွေးကောက်ပွဲ
သတင်းများသည် ရေပန်းစားလှသည့် အကြောင်းအရာများ ဖြစ်နေခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ကြေညာချိန်တွင် နိုင်ငံတဝန်း လွှင့်သည့် တရုတ် ဗဟိုရုပ်သံလွှင့်ဌာန (China Central Television – CCTV) သည် မြန်မာအစိုးရ မီဒီယာ MRTV က ကြေညာသည့်အတိုင်း ထုတ်လွှင့်သွားခဲ့သည်။
ထို သတင်းကြေညာချက်နောက်ပိုင်း၌ တရုတ်အစိုးရ သတင်းဌာနဖြစ်သည့် ဆင်ဟွာ(Xinhua) သတင်းဌာနက ရွေးကောက်ပွဲသတင်းကို ထုတ်လွှင့်သော်လည်း သတင်းအပြည့်အစုံ ထုတ်လွှင့်ခြင်း မရှိသည်ကို တွေ့ရသည်။
သို့သော် CCTV သတင်းထောက် ဝမ်ယွီးဇောင် (Wang Yuezhou) ပေးပို့သည့် ကြားဖြတ် ရွေးကောက်ပွဲကာလ အတွင်း မြန်မာ မီဒီယာများ၏ သတင်းတင်ပြမှုနှင့်ပတ်သက်သော သတင်းရှည်တပုဒ်အား CCTV က မတ်လ ၃၁ ရက်နေ့၌ ထုတ်လွှင့် သွား ခဲ့သည်။
Caixin၊ Dongfang Daily၊ Southern People၊ Southern Metropolis Daily နှင့် Asia Weekly ကဲ့သို့သော အပြောင်းအလဲ လိုလားသည့် တရုတ်သတင်းဌာနတချို့က သတင်းထောက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ရေး လှုပ်ရှားမှုများကို သတင်းယူနိုင်ရန်အတွက် မြန်မာနိုင်ငံသို့ အလုံးအရင်းနှင့် ဝင်ရောက်ခဲ့ကြသော နိုင်ငံခြားသတင်းထောက်များနှင့်အတူ ရွေးကောက်ပွဲ နေ့ မတိုင်ခင်ကတည်းက ကြိုရောက်နေကြသည်။
“ဒီလိုအပြောင်းအလဲတွေ မြန်မာနိုင်ငံထဲ ဖြစ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ကြိုးပမ်းမှုကတော့ ဝင်ရောက်မစွက် ဖက်ရေးမူကို ဆုပ်ကိုင်ထားတာပါပဲ”ဟု ရှန်ဟိုင်း နိုင်ငံတကာလေ့လာရေး အင်စတီကျု (Shanghai Institute of International Studies)၏ တောင်အာရှဌာန ညွှန်ကြားရေးမှူး ဇောင်ဂန်ချန်း (Zhao Gancheng) က တနင်္ဂနွေနေ့၌ ပြုလုပ်သည့် ရှန်ဇင်း ရုပ်သံလွှင့်ဌာန (Shenzhen Television)နှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောခဲ့သည်။
၎င်းကဆက်လက်ပြီး“တချိန်တည်းမှာလည်း မြန်မာပြည်အနေနဲ့ ပြည်တွင်း တည်ငြိမ်မှုကို ထိန်းထားနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ တရုတ်အကျိုးစီးပွားကို မထိခိုက်ဘူးလို့ ကျနော်ယူဆပါတယ်။ နိုင်ငံတကာရဲ့ မြန်မာ အပေါ်ထားရှိတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို မြန်မာအစိုးရက လျှော့ချနိုင်တဲ့အပေါ် တရုတ်နိုင်ငံက ကြိုဆိုပါတယ်”ဟု ပြောဆိုသည်။
သို့သော် အခြေအနေကို သေချာစွာစောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများက လက်ရှိအခြေ အနေကို အသုံးချပြီး မြန်မာကို ပထဝီ နိုင်ငံရေး မဟာဗျူဟာ အကျိုးစီးပွားအတွက် အဖြည့်ခံ နိုင်ငံအဖြစ် ပြောင်းလဲရန် ဆောင် ရွက်လာပါက တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အပေါ် အပျက်သဘော ဆောင်သော အကျိုးသက်ရောက်မှု ရှိလာမည် ဖြစ်ကြောင်းလည်း ဇောင်ဂန်ချန်း က ပြောသည်။
အမျိုးသားရေးရှေ့တန်းတင်သော Global Times နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဟူဇီဂျင်း (Hu Xijin) ကမူ“မြန်မာပြည်ဟာ အတိတ်မှာရှိခဲ့တဲ့ ဆင်းရဲမွဲတေမှုနဲ့ စစ်အုပ်ချုပ်ရေးတွေကို တဖြည်းဖြည်းထားရစ်ခဲ့ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီ”ဟု ချီးကျူးပြောဆိုသည်။
ဟူဇီဂျင်း သည် သြဇာကြီးသော အယ်ဒီတာတဦးဖြစ်ပြီး တနင်္ဂနွေနေ့က ၎င်း၏ Sina Weibo မိုက်ခရို ဘလော့တွင် ထိုသို့ ရေး သား ခဲ့ခြင်း ဖြစ်သည်။ ဟူဇီဂျင်း ၏ ဘလော့သည် အမြဲတမ်းကြည့်သူ ၁.၉ သန်းကျော်ရှိကြောင်း သိရသည်။
“တချို့လူတွေကတော့ မြန်မာနိုင်ငံကိုချီးမွမ်းပြီး တရုတ်ကိုသရော်ကြတယ်၊ ရယ်စရာကောင်းပါ့ဗျာ။ ဒီမိုကရေစီနဲ့ ရွေးကောက် ပွဲတွေကို ညီမျှခြင်းချတာဟာ ဖြစ်ရိုးဖြစ်စဉ် တရားသေဆန်တဲ့ ကောက်ချက်ပဲဗျ။ နိုင်ငံတခုရဲ့ ဒီမိုကရေစီ အရည်အသွေးကို နားလည်ဖို့ဆိုရင် အဲ့ဒီနိုင်ငံမှာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အစိုးရ မူဝါဒတွေ ဘယ်လောက်အထိ ကင်းကွာနေသလဲ၊ ပြီးတော့ ဒီမူဝါဒ တွေကို ဘယ်လို ချောချောမွေ့မွေ့နဲ့ အကောင်အထည်ဖော်သလဲ ဆိုတာတွေကို သေသေချာချာ အကဲဖြတ်ကြည့်ရမှာဖြစ်တယ်”ဟုလည်း ဟူဇီဂျင်း က ရေးထားသေးသည်။
ဟူဇီဂျင်းက“မြန်မာပြည်ကို တရုတ်နိုင်ငံအတွက် စံပြုသင့်တဲ့ ဥပမာလို့ပြောဖို့ သိပ်စောလွန်းပါသေးတယ်”ဟုဆိုပြီး ၎င်း၏ သူ့ရဲ့ စာကို အဆုံးသတ်ခဲ့သည်။ ထိုစာကို အခြားသူများက အကြိမ် ၉၅၀ ကျော် ဆက်၍ ဖြန့်ခဲ့ကြကြောင်း သိရသည်။
အင်တာနက်အကြောင်း ဟောပြောရေးသားသူ ဝမ် ဂူဝမ်ဇီယွန် (Wang Guangxiong) ကမူ“မြန်မာပြည်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတယ်။ မဲဆန္ဒရှင် ၉၉ ရာခိုင်နှုန်းက သူ့ကို မဲပေးခဲ့ကြတယ်။ ဆက်ဒန်ဟူစိန် (Saddam Hussein)လည်း ဟိုအရင်က သူ့လိုပဲ ၉၉ ရာခိုင်နှုန်း ရဖူးတယ်”ဟု ကိုယ်ပိုင် ဘလော့တွင် တနင်္လာနေ့က ရေးသားထားသည်။
ဝမ် ဂူဝမ်ဇီယွန် သည် Sohu Online Portal တွင် အလုပ်လုပ်နေသူဖြစ်ပြီး ၎င်း၏ မိုက်ခရိုဘလော့ကို အမြဲတမ်းကြည့်သူ ၁.၁ သန်းရှိကြောင်း သိရသည်။
ဝမ် ဂူဝမ်ဇီယွန် က ဆက်လက်ပြီး“ကျနော့်အမြင်ကိုပြောရရင် ပထမအောင်မြင်မှုက စံတန်ဖိုးတွေရဲ့အင်အားကြောင့်ဖြစ်ပြီး ဒုတိယကတော့ သေနတ်ရဲ့အစွမ်းကြောင့်ပါ။ နောက်ဆုံးမှာတော့ ယုံကြည်ချက်က လက်နက်ကို အောင်နိုင်သွားတာပါပဲ”ဟုလည်း ရေးသားသည်။
တရုတ် ဒီမိုကရေစီရေး လှုပ်ရှားသူ ရန်ယန်ဖေး (Ran Yunfei) ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲသတင်းကို ၎င်း၏ အိမ်တွင် ပြောပြရာ၌ မိသားစုက မည်သို့ကောင်းချီးသြဘာပေးကြသည်ကို တွီတာတွင် ရေးသည်။
“တကယ်လား၊ ဝမ်းသာစရာကောင်းလိုက်တာဆိုပြီး ကျနော့်သမီးက ထအော်တယ်။ သူတို့အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ် ဆိုပြီး ကျနော့်မိန်းမက အိမ်အောက်ထပ်ကနေ လှမ်းပြောတယ်။ ကျနော်ကတော့ အဲ့ဒီမှာ မဖြစ်နိုင်စရာဘာရှိလဲဆိုပြီး တကြောင်းပဲပြောလိုက်တယ်”ဟု ရန်ယန်ဖေးက ဆိုသည်။
ရန်ယန်ဖေးသည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် လျိုရှောင်ပေါ (Liu Xiaobo) ၏ တရုတ်နိုင်ငံ ဒီမိုကရေစီရေးအတွက် တောင်း ဆိုထားသော Charter 08 ကို လက်မှတ်ထိုးခဲ့သူတဦး ဖြစ်သည်။
၎င်းသည် တရုတ်နိုင်ငံအလယ်ပိုင်း ဆီချွမ် (Sichuan) ပြည်နယ် ချန်ဒူ (Chengdu) အရပ်ရှိ အစိုးရပိုင် ထုတ်ဝေရေး လုပ်ငန်းတခု၌ လက်ရှိအလုပ်လုပ်နေသူဖြစ်သည်။
မြန်မာနိုင်ငံကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန်အတွက် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီကျန်ဟွာ (Li Junhua) နှင့် အခြားဌာနေ သံတမန် ၂ ဦးတို့ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် တရုတ် သံရုံး သတင်းရပ်ကွက်က ဆိုသည်။
တိုင်းမ် မဂ္ဂဇင်း(Time Magazine) သတင်းထောက်တဦးက ဇီယွန် (Xiong)ဟု ခေါ်သော တရုတ်သံတမန်တဦးကို ဒေါ်အောင် ဆန်းစုကြည် အနိုင်ရသည့် ကော့မှူးမြို့က မဲရုံတခု၌ တွေ့ခဲ့သည်ဟု ပြောသည်။
“အခုလိုလာကြည့်တယ်ဆိုတော့ တရုတ်နိုင်ငံက ဒီမိုကရေစီကို စိတ်ဝင်စားတယ်ပေါ့လေ”ဟု ၎င်းက ပြောဆိုရာတွင် တရုတ် သံတမန်က မည်သို့မျှ ပြောဆိုခြင်းမရှိဘဲ ပြန်လည်ပြုံးပြ၍ ထွက်ခွာသွားသည်ဟုလည်း တိုင်းမ် မဂ္ဂဇင်း သတင်းထောက်က ပြောပြသည်။
Muted Coverage of Burmese Vote Shows Chinese Unease by Patrick Boehler ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။