မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ဖွဲစည်းမည့် မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်း (Myanmar Journalist Association – MJA)တွင် အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနမှ အရာရှိများ ပါဝင်ခွင့်ပြုမည် မဟုတ်ဘဲ အသင်းဥက္ကဋ္ဌ အပါအဝင် အလုပ် အမှုဆောင်များကို ဆန္ဒမဲစနစ်နှင့် ရွေးချယ်သွားမည်ဟု သတင်းရရှိသည်။
ရန်ကုန်မြို့ Orchid Hotel တွင် ဧပြီလ ၅ ရက်နေ့ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီအစည်းအဝေးတွင် ယင်းကော်မတီအတွင်းရေးမှူး ဦးကိုကို (စက်မှု) က “ဘယ်သူက ဥက္ကဋ္ဌလုပ်၊ ဘယ်သူက အတွင်းရေးမှူးလုပ်ဆိုပြီးလည်း ကြိုတင်ရွေးချယ်ထားတာ မရှိဘူး။ အစိုးရဘက်က လူတွေလည်း ပါမှာမဟုတ်ဘူး။ တကယ့်ကို လွတ်လပ်တဲ့အသင်းအဖွဲ့အဖြစ် တည်ထောင်မှာပါ။ ဘယ်သူ့သြဇာကိုမှ ခံမှာ မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းကို အယ်ဒီတာ၊ သတင်းထောက်များသာမက ကာတွန်းဆရာများ၊ ဒီဇိုင်းဆရာများ အပါအဝင် အလွှွာစုံပါဝင်အောင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး သတင်းစာဆရာအသင်းတွင် ဦးဆောင်ပါဝင်လိုသူများသည် မိမိကိုယ်ကိုယ်ကိုယ် ဆန္ဒပြုရမည်ဖြစ်ကြောင်း ရန်ကုန် မီဒီယာဂရု (ပ်) CEO ဦးကိုကို (စက်မှု) က ဆိုသည်။
သတင်းစာဆရာကြီး ဦးခင်မောင်လေး [ဖိုးသောကြာ (ခေတ်+မိုး)] ကလည်း သတင်းစာဆရာသမားများ အားလုံးညီညွတ်ရေးသည် အရေးကြီးပြီး အသင်းအဖွဲ့ကို လူငယ်မျိုးဆက်များက ဦးဆောင်သင့်သည်ဟု ပြောသည်။
“ကျနော်တို့က အသက်ကြီးပြီ။ မသေခင်တော့ ဒီအသင်းအဖွဲ့လေးကို မြင်သွားချင်ပါတယ်။ အားလုံးညီညီညွတ်ညွတ် စုစုစည်းစည်းဖြစ်တာ မြင်သွားချင်တယ်” ဟု ဦးခင်မောင်လေးက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်ကလည်း သတင်းစာဆရာအသင်းသည် လွတ်လပ်သော အသင်းအဖွဲ့အဖြစ် ရပ်တည်သွားမည်ဖြစ်ပြီး ယင်းသို့ရပ်တည်ရေးမှာလည်း အရေးကြီးကြောင်း ပြောသည်။
“သတင်းစာဆရာအသင်းက လွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ်ပဲ ရပ်တည်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီတွင် နာယကများအဖြစ် ဆရာ မောင်ဝံသ (ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ)၊ ဦးဝင်းငြိမ်း (ရွှေအမြူတေ အယ်ဒီတာချုပ်)နှင့် ဦးကိုကိုလှိုင်၊ ဥက္ကဋ္ဌအဖြစ် ဆရာကြီး ဦးခင်မောင်လေး၊ ဒု ဥက္ကဋ္ဌများအဖြစ် ဦးအောင်လှထွန်း (Reuters သတင်းဌာန)၊ ဦးသီဟစော (မြန်မာ့ဓန မဂ္ဂဇင်းနှင့် အိုးပင်ဂျာနယ် အယ်ဒီတာချုပ်) တို့ပါဝင်ပြီး ဧပြီ ၅ ရက်နေ့ အစည်းအဝေး၌ ကော်မတီတိုးချဲ့ ဖွဲ့စည်းမှုတွင် ဧရာဝတီသတင်းဌာနမှ ကိုကျော်စွာမိုး (အယ်ဒီတာ၊ English Edition)၊ မဇ္ဈိမသတင်းဌာနမှ ကိုစိန်ဝင်း (အယ်ဒီတာ) တို့ပါ ပါဝင်လာကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယနေ့တွင်လည်း Orchid Hotel တွင်ပင် အစည်းအဝေး ထပ်မံကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းစည်းကမ်းများကို ညှိနှိုင်းရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရန် သက်ဆိုင်ရာ ဂျာနယ်တိုက်များကို ဖိတ်ကြားထားကြောင်း သိရသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပေါ်ပေါက်ရန် ကြိုးစားနေချိန် နိုင်ငံရေးအကျဉ်းသားဟောင်း၊ စာနယ်ဇင်းသမားတဦးဖြစ်သူ ဦးဇော်သက်ထွေး ဦးဆောင်သော သတင်းစာဆရာများကလည်း မြန်မာသတင်းသမဂ္ဂ ဖွဲ့စည်းရေးကြိုးပမ်းလျက်ရှိရာ မကြာမီ စာနယ်ဇင်းဆိုင်ရာ တရားဝင် အဖွဲ့အစည်းနှစ်ခု ပေါ်ပေါက်လာဖွယ်ရှိသည်ဟု ပြည်တွင်းမီဒီယာအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။