ထိုင်းနိုင်ငံတွင် ရောင်းစားခံရပြီး ငါးဖမ်းစက်လှေတွင် ချုပ်နှောင် ခိုင်းစေခံနေရသည့် မြန်မာနိုင်ငံသား ၂၀ ခန့်ကို ဒေသခံ အာဏာပိုင်များနှင့် အလုပ်သမားများအရေး ဆောင်ရွက်နေသူများကပြီးခဲ့သည့် သောကြာနေ့တွင် သွားရောက် ကယ်တင်ခဲ့သည်။
ရောင်းစားခံထားရသူ တဦး၏ တိုင်ကြားချက်အရ ချွန်ဘူရီမြို့နယ်၊ အချောင်းလှေဆိပ်တွင် စုံစမ်းစစ်ဆေးပြီး ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့နှင့် ပူးပေါင်း၍ သွားရောက် ကယ်တင်နိုင်ခဲ့သည်ဟု ထိုင်း နိုင်ငံရောက် မြန်မာပြည်သားများ အသင်း တာဝန်ခံတဦးဖြစ်သူ ဦးကျော်သောင်းက ဧရာဝတီသို့ ပြောသည်။
“အဲဒီမှာ ရှိတဲ့ လှေဆိပ်ရဲ့ အခြေအနေကို ကားနဲ့ သွားပြီးတော့ အချက်အလက် ဓာတ်ပုံ၊ ဗီဒီယိုတွေ ကားထဲကနေ လျှို့ဝှက်လုပ်ခဲ့ရတယ်၊ ၂၀ ရက်နေ့ မနက် ၁ နာရီ ကတည်းက အိပ်ယာက ထ၊ ၃ နာရီမှာ အဆင်သင့် ပြင်ဆင်ထားပြီးတော့မှ ၃ နာရီခွဲကျော် လှေကပ်ပြီ သေချာတာနဲ့ အုပ်စုခွဲပြီး ကျနော်တို့ အဲဒီလှေဆိပ်ကို စီးနိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ပြန်လည် လွတ်မြောက်လာသူများသည် ၇ လ မှ ၁ နှစ်ကျော်သည်အထိ ပိတ်လှောင် ခိုင်းစေခံခဲ့ရသူများ ဖြစ်ပြီး အခကြေးငွေ မရရှိကြကြောင်း သိရသည်။
“လှေပေါ်မှာ နေ၊ လှေပေါ်မှာ စား၊ ကမ်းပေါ်တက်တဲ့အခါ အခန်းထဲမှာ ပိတ်လှောင်ထားတယ်၊ ခြံတံခါး သော့ခတ်ထားတယ်၊ အစောင့် ၂ ယောက် ရှိတယ်၊ ဘယ်မှ ထွက်မရဘူး”ဟု ဦးကျော်သောင်းက ဆက်ပြောသည်။
ရေလုပ်သား အဖြစ် ရောင်းခံစားရသူများထဲတွင် ကရင် တိုင်းရင်းသား အများစု ဖြစ်ပြီး အသက် ၁၆ နှစ် အရွယ် ကလေး ၃ ဦး ပါဝင်နေသည်ဟု ဆိုသည်။
လူကုန်ကူးသူဟု ယူဆရသူ ထိုင်းနှင့် မြန်မာနိုင်ငံသား ၆ ဦးကိုလည်း ဒေသခံအာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး၊ ရောင်းစားခံထားရသူများကို နွန်ထဘူရီနှင့် ဘန်ကောက်မြို့ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး တာဝန်ရှိသူများက ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံသားများသည် အလုပ်အကိုင် ရရှိရေး အတွက် ပွဲစားတချို့ကို အားကိုးကာ အဖမ်းအဆီး အစစ်အဆေး ထူပြောသည့် ထိုင်းနိုင်ငံသို့ နေ့စဉ် ရောက်ရှိနေကြပြီး အလုပ်အကိုင် ရှာဖွေနေကြသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအဝင် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ်ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့နေကြကြောင်း သတင်းများအရ သိရသည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ်ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ် လုပ်နေသော ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ၂ သန်းခွဲမှ ၄ သန်း ဝန်းကျင် ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားသည်။