ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်းလိုက်သည်။
နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ပရန်ငေါန်ကျေးရွာတွင် တွေ့ဆုံရန် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့် ဦးအောင်သောင်းထံ စာရေးပို့လိုက်ကြောင်း KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
ယခုလ ၂၀ ရက်နေ့ကလည်း အစိုးရက မြစ်ကြီးနားမြို့ပေါ်နှင့် ဗန်မော်မြို့နယ်တို့တွင် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားပြီး KIO ဘက်က စစ်ရေး တင်းမာနေချိန် အတောအတွင်း ထိုနေရာများ၌ တွေ့ဆုံးဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
“စစ်ရေးအရှိန်က ပြင်းထန်နေတဲ့အချိန်မှာ အဲဒီမှာ သွားပြီတော့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ အကြောင်းပြန်ထားတယ်။ သူတို့ ပြည်တွင်းတနေရာမှာ ပြောဆိုထားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ဘက်က အဆိုပြုထားတဲ့ လွယ်ဂျယ်မြို့နယ်အထဲက ပရန်ငေါန်ကျေးရွာကို ရွေးချယ်လိုက်တယ်” ဟု ဦးလနန်က ဆက်ပြောသည်။
အစိုးရအနေဖြင့် လက်ခံတွေ့ဆုံမည်ဆိုပါက KIO ဘက်က အဓိက နှစ်ဖက်တင်းမာနေသော စစ်ရေးကိစ္စများကို ဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ သို့သော် KIO ဘက်က ကမ်းလှမ်းထားသည့် စာနှင့်ပတ်သက်၍ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့က ယနေ့အထိ အကြောင်း ပြန်ကြားခြင်း မရှိသေးပေ။
စစ်ရေးတင်းမာမှုကြောင့် KIO နှင့် အစိုးရတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဧပြီလဆန်းပိုင်းမှ ယနေ့အထိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၃၀ ခန့် ရှိပြီဖြစ်ကြောင်း ဦးလနန်က ပြောသည်။
လတ်တလော တိုက်ပွဲများသည် လိုင်ဇာဌာနချုပ် ဒေသအတွင်း ဖြစ်ပွားလျက်ရှိပြီး အစိုးရတပ်များကလည်း အဝေးပစ် ၁၂၀ နှင့် ၈၀ မမ လက်နက်ကြီးများ အသုံးပြု၍ ဝိုင်းထားကြောင်း၊ KIO ဘက်ကလည်း ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ၎င်းက ဆိုသည်။
ဧပြီ ၂၈ ရက်နေ့က ကချင်ပြည်နယ် ပန်ဝါဒေသတွင် KIO နှင့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင်ပြည်သစ် တပ်မတော် (NDAK) တပ်ဖွဲ့ဝင်တချို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ NDAK သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်ခံထားသော အဖွဲ့ဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းကမူ KIO လိုင်ဇာဌာနချုပ်ကို သိမ်းပိုက်ရန် လုံး၀ အစီအစဉ်မရှိကြောင်း ယမန်နေ့က နေပြည်တော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယနေ့ထုတ် အစိုးရသတင်းစာများတွင် မန္တလေး-မြစ်ကြီးနား ပြေးဆွဲသည့် အထူး အိပ်စင်ရထား ယမန်နေ့ နံနက်ပိုင်းက အတွဲ ၈ တွဲ လမ်းချော်၍ လူ ၂ ဦး ထိခိုက်ရရှိသည့် မိုင်းခွဲမှုသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) လက်ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ KIA က ၎င်းတို့ တပ်ဖွဲ့ဝင်များ၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀ ၁၂ ခုနှစ် မတ်လ အကြား ၃ ကြိမ်ခန့် တွေ့ဆုံခဲ့ကြသော်လည်း ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ ရှိနေသည်။