အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးမှုကြောင့် ရုံးအဆောက်အအုံပေါ်မှ ခုန်ချသေဆုံးသွားသည့် မနန်းဝိုးဖန်၏ အိမ်ခြံမြေအမှုနှင့် ပတ်သက်၍ သူ၏ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟီကိုကို စသုံးလုံးက အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ ၅ (ဇ) ဖြင့် ဖမ်းဆီးပြီး ရုံးတင် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။
မနန်းဝိုးဖန်က ကျပ် သိန်းသုံးသောင်း တန်ဖိုးရှိ အိမ်ခြံမြေများ ဝယ်ယူထားပြီး ယင်းဝယ်မှုတွင် မစ္စတာ နာမဆဲ မိုတိုဟီကိုက ငွေကြေးထောက်ပံ့ခဲ့သည်ဟုဆိုကာ မေလ ၁၇ ရက်နေ့တွင် မစ္စတာ နာမဆဲ မိုတိုဟီကိုအပါအဝင် အိမ်ခြံမြေပွဲစားများနှင့် အရောင်းအဝယ်လုပ်ကြသူ အားလုံးကို စသုံးလုံးက အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းပြီး လှိုင်သာယာတရားရုံးတွင် အမှုစွဲဆိုလိုက်ကြောင်း ယင်းအမှုကို အသေးစိတ်စုံစမ်းလေ့လာနေသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“၁၉၅၀ အရေးပေါ်စီမံချက်၊ စီးပွားရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၅ (ဇ) နဲ့ စွဲချက်တင်တာ။ ရှေ့နေချုပ်ရုံးက စသုံးလုံးကို ဒီပုဒ်မနဲ့ စွဲချက်တင်နိုင်တယ်ဆိုပြီး ခွင့်ပြုလိုက်လို့ စသုံးလုံးက တရားစွဲတာ။ အခု မစ္စတာ နာမဆဲ မိုတိုဟီကိုနဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေအားလုံး အင်းစိန်အကျဉ်းထောင်မှာ ရှိနေတယ်” ဟု ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် သက်ဆိုင်ရာ ရဲစခန်းသို့ မစ္စတာ နာမဆဲ မိုတိုဟီကိုနှင့် တခြားဆက်စပ်သူများ အဖမ်းခံရခြင်းနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
Yangon Press International ၏ သတင်းတပုဒ်တွင်မူ ဂျပန်နိုင်ငံသို့ပြန်မည့် မစ္စတာ နာမဆဲ မိုတိုဟီကိုကို လေဆိပ်၌ တားမြစ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်သံရုံးက အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသော မစ္စတာ နာမဆဲ မိုတိုဟီကိုကို တွေ့ခွင့်ရရန် ကြိုးပမ်းနေကြောင်း ဖော်ပြထားသည်။
မနန်းဝိုးဖန်ကို ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးမှု၊ စစ်ဆေးမှုတွင် မရပ်မနား စစ်ဆေးမှုများအပါအဝင် ဥပဒေမဲ့ ပြုကျင့်မှုများအတွက် စသုံးလုံးက တာဝန်ယူခြင်းမရှိကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။
“တိုင်စာတွေ အားလုံးပို့ထားတယ်။ အဲဒါတွေအတွက် ဘာမှ အကြောင်းမပြန်ဘဲ အခုနောက်ဆုံး မနန်းဝိုးဖန် ခင်ပွန်းကို ဖမ်းပြီး ရုံးတင်တာ” ဟု မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။
လက်ရှိတွင် မနန်းဝိုးဖန်အမှုသည် အမှုသုံးခု ဆက်စပ်ဖြစ်ပွားလာကြောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။
“အခုဆိုရင် အမှုက ပိုပြီးရှုပ်ထွေးလာတယ်။ ဂျပန်နိုင်ငံသားကို တရားမဝင် စီးပွားရေးဥပဒေပုဒ်မနဲ့ ရုံးတင်တာက တမှု၊ နောက်တမှုက နန်းဝိုးဖန် အဆောက်အအုံပေါ်က ဘယ်လိုကျ သေဆုံးသွားသလဲဆိုတဲ့ အမှု၊ အဲဒီအမှုက ကျောက်တံတားရဲစခန်းက သေမှုသေခင်း ဖွင့်ထားတယ်။ ဒါက အဖြေမထွက်သေးဘူး။ နောက်တမှုက မနန်းဝိုးဖန်ရဲ့ မိသားစုရှေ့နေက စသုံးလုံးကို မနန်းဝိုးဖန် သေဆုံးအောင်ပြုလုပ်စေမှုနဲ့ တရားစွဲဖို့ ကြိုးပမ်းနေတာက တမှု။ အားလုံးပေါင်း သုံးမှုပေါ့” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
ဦးဖုန်းမြင့်အောင်က မိမိအနေနှင့် ယင်းအမှုတွင် စသုံးလုံးက မနန်းဝိုးဖန်ကို တရားဥပဒေနှင့်အညီ စစ်ဆေးခြင်း ပြု၊ မပြုဆိုသော အချက်ကို အထူးစိတ်ဝင်စားကြောင်း၊ ယင်းကိစ္စကို လွှတ်တော်ရုံးမှတဆင့် အစိုးရအဖွဲ့ထံသို့ မေးခွန်းမေးမြန်းထားကြောင်း ပြောသည်။
“ကိုယ် မေးခွန်းမေးထားတယ်။ ကိုယ်က ဂျပန်ကြီးကိစ္စထက် နန်းဝိုးဖန်ကို စသုံးလုံးက ဘယ်လိုစစ်ဆေးသလဲ။ စစ်ဆေးတာက ဥပဒေနဲ့အညီ စစ်ဆေးတာဟုတ်ရဲ့လား။ ဒါကိုပဲ အဓိက စိတ်ဝင်စားတယ်။ ဥပဒေနဲ့အညီ စစ်ဆေးတယ်ဆိုရင်လည်း ဘယ်လိုစစ်ဆေးသလဲ။ ဒါကို သေသေချာချာသိချင်တာ။ ဒါက အရေးကြီးတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
မနန်းဝိုးဖန်ကို မတ်လ ၂၁ ရက်နေ့တွင် စသုံးလုံးက ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ မနက် ၅ နာရီကျော်တွင် စသုံးလုံး ရုံးအဆောက်အအုံပေါ်မှ ခုန်ချသေဆုံးသွားခြင်းဖြစ်ကြောင်း၊ မနန်းဝိုးဖန်၏ အသုဘကို မတ်လ ၃၀ ရက်နေ့က ထိန်ပင်သုဿန်တွင် ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဆက်စပ်သတင်းများ
- မနန်းဝိုးဖန်အမှု တိုင်ကြားချက် ရဲလက်မခံ
- စစ်ဆေးရင်း သေဆုံးခဲ့သည့် အမျိုးသမီးငယ်အမှု စသုံးလုံး လျှို့ဝှက်
- စသုံးလုံး စစ်ရင်း သေဆုံးသွားသူအမှု သတင်းစာရှင်းလင်းပွဲလုပ်