ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး – မူဆယ် ကားလမ်းမကြီးကို မေ ၂၈ ရက်နေ့တွင် အသုံးမပြုကြရန် မူဆယ်မြို့နယ် အတွင်းရှိ ကားဂိတ်အသီးသီးသို့ စာပို့ထားသဖြင့် ဒေသခံများ ထိတ်လန့်နေကြကြောင်း သတင်းရရှိသည်။
ယင်းထုတ်ပြန်စာကို ယမန်နေ့က ဖြန့်ဝေခြင်းဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက လာရောက် ပို့ထားသည်ကို မသိရှိကြောင်း၊ယင်းစာများအတွင်း စစ်ပွဲများဖြစ်နိုင်သည့်အတွက် ပြည်သူလူထုကို မထိခိုက်စေရန် ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ရေးသား ထားကြောင်း မူဆည်ဒေသခံများက ပြောသည်။
မေလ ၁၉ ရက်နေ့ညက မန္တလေးမှ မူဆယ်သို့ တက်လာသည့် ကုန်တင်ကား ၂ စီးကို ဆတ်ကြေးတောင်း၍ ဗုံးခွဲဖျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ လက်ချက် ဖြစ်ကြောင်း မေ ၂၂ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ကားကြီး ၂ စီးသည် လက်နက်ငယ် ကျည်ခံများ ထိမှန်ခဲ့မှုကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့သော်လည်း ကားသမား များ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ထိုနေရာတွင် မပေါက်ကွဲသေးသည့် သံကိုယ်ထည် လက်ပစ်ဗုံးတလုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ မေ ၂၀ ရက်နေ့ နံနက်မှ စတင်၍ ယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း သတင်းစာက ဆိုထားသည်။
ကားလမ်းတွင် ယခင်ကားများကဲ့သို့ ဗုံးခွဲခံရမည်ကို ကားသမားများက ထိတ်လန့်နေကြပြီး ထိုစာကြောင့် နယ်စပ်ဒေသ စီးပွားရေးကို ထိခိုက်စေသည်ဟု မူဆယ်မြို့ ဒေသခံများ ပြောသည်။
“ဂိတ်ကို စာရောက်တယ်။ ဒါပေမယ့် ဘယ်သူက လာပေးတာလဲ ဆိုတာ မသိဘူး။ ၁၀၅ မိုင် ဂိတ်က အထွက်ရော၊ အဝင်ရော လုပ်ပေးနေတာပဲ။ ကားတွေကတော့ ဂိတ်တိုင်းလိုလို ထွက်ပါတယ်။ စစ်ဖြစ်မယ် ဆိုရင်တော့ အစိုးရဘက်က ဘယ်လွှတ် မှာလဲ။ အခုကတော့ ဘာမှန်းကို မသိတာ” ဟု မူဆယ် – မန္ထလေး ကားဂိတ်မှ ဂိတ်မှူးတဦးက ဆိုသည်။
ထိုကားလမ်းကို လက်ရှိအခြေအနေအထိ ဆက်လက်အသုံးပြုနေ ကြဆဲ ဖြစ်သော်လည်း မူဆယ်မှ လားရှိုးသို့ သွားသည့် ကုန်တင်ကားသေးများ၊ ခရီးသည်တင် ကားများမှာ အလွန်ပင်နည်းပါးသွားသည်ဟု သိရသည်။
မန္တလေး-လားရှိုး-မူဆယ်လမ်းတွင် ယခင်က ကားအတက်အဆင်း ၂၀၀၀ ကျော်အထိ ရှိသော်လည်း ယခုရက်ပိုင်းတွင် ကားအစီးရေ လျော့ကျသွားသည်ဟု အေးရှာဝေါလ် တိုးဂိတ်ကလည်း ဆိုသည်။
ထို့အတူ မေလ ၂၆ ရက်နေ့ နံနက် ၁ နာရီမှ စတင်၍ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ – မန်တုံ ကားလမ်းမကြီး တလျှောက်ကို အကန့်အသတ် မရှိပိတ်ဆို့လိုက်သည်ဟု KIA က ကြေညာထားကြောင်း သိရသည်။
ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ ဧရာဝတီက KIA ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။