ကချင်ဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ပြေးဒုက္ခသည်များ ပြန်လာရဲစေရန် ယင်းကျေးရွာများတွင် တပ်စွဲထားသော အစိုးရတပ်များ ပြန်ရုပ်သိမ်းပေးရေးအတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ ယနေ့ ထပ်မံ တွေ့ဆုံဆွေးနွေးကြသည်။
ယင်းဆွေးနွေးပွဲကို KIA တပ်မဟာ (၃) ထိန်းချုပ်ထားသော မိုင်ဂျာယန် ဒေသတွင်ပင် ပြုလုပ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးစန်းအောင်က ဧရာဝတီသို့ ပြောသည်။
“ရပ်ရွာတွေမှာ တပ်စွဲထားတဲ့ ကိစ္စတွေ အရင် ဖယ်ရှားပေးရမယ့် ကဏ္ဍတွေ ပါလာတယ်။ လူထုက မပြန်ရဲကြဘူး။ အဲဒါတွေ အဓိက ဆွေးနွေးကြတယ်” ဟု ဦးစန်းအောင်က ဆိုသည်။
ဆွေးနွေးပွဲကို KIA ဘက်မှ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော ကချင်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
ကျေးရွာများတွင် တပ်စွဲထားသည့် အစိုးရတပ်များအပြင် KIA ထိန်းချုပ်ဒေသများရှိ အစိုးရတပ်များ ဆုတ်ပေးရေးကိုလည်း KIA ဘက်က ထပ်မံ ဆွေးနွေးကြောင်း ဦးစန်းအောင်က ပြောသည်။
“ပစ်ခတ် တိုက်ခိုက်မှုတွေ မလုပ်ရဆိုတဲ့ အမိန့်ကို နှစ်ဖက်တပ်တွေကို ကြေညာပြီရင် အစိုးရဘက်က အဲဒီတပ်တွေကို အကုန်ရုပ်ပေးမယ်။ အဲဒီနောက်မှာ နိုင်ငံရေး တောက်လျှောက် ဆွေးနွေးသွားမယ် ပြောတယ်” ဟု ၎င်းက ဆိုသည်။
KIA ခေါင်းဆောင်များက ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ကချင်ပြည်နယ် ဗန်မော်မြို့နယ်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ ယခု အစိုးရကိုယ်စားလှယ်များဘက်မှ တင်ပြချက်များကို KIA ဗဟို ဌာနချုပ်တွင် ပြန်လည် တင်ပြပြီးနောက်ပိုင်းမှသာ တွေ့ဆုံမည်ဖြစ်ကြောင်း ဦးစိန်းဆောင်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ နှစ်ရပ်ကို အစိုးရက အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်း အနေနှင့် KIA ခေါင်းဆောင်များကို တတိယအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
KIA နှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင်းနှင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေး ဒုက္ခသည် ခန့်မှန်းခြေ ၇၅၀၀၀ ခန့်ရှိကြောင်း မကြာသေးခင်က ထုတ်ပြန်သော လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။