တနင်္သာရီတိုင်း ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် လုပ်ကိုင်နေကြသည့် မြန်မာ အလုပ်သမားများနှင့် ထိုင်းအလုပ်သမားများ၏ လုပ်အားခ မညီမျှမှုကို ဖြေရှင်းပေးရန် အီတာလျံ-ထိုင်းကုမ္ပဏီသို့ ဒေသခံအလုပ်သမားဘက်မှ ထပ်မံတောင်းဆိုမည်ဟု သတင်းရရှိသည်။
ဒေသကိုယ်စားပြုဖွဲ့ စည်းထားသည့် DDA (Dawei Development Association) က မြန်မာအလုပ်သမားများ ကိုယ်စား အီတာလျံ-ထိုင်းကုမ္ပဏီသို့ တောင်းဆိုခြင်းဖြစ်ပြီး ရသင့်ရထိုက်သည့် နှုန်းထား မရမချင်းတောင်းဆိုသွားမည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စတင်ဖွဲ့စည်းခဲ့သည့် DDA သည် ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် အလုပ်လုပ်ကိုင်ကြသည့် ဒေသခံ မြန်မာအလုပ်သမားများ၏ လုပ်အားခ အနှိမ်ခံရမှုများနှင့် ကျေးရွာနေတောင်သူများ၏ မိရိုးဖလာစီးပွားရေး ထိခိုက်နစ်နာမှုများအတွက် လှုပ်ရှားဆောင်ရွက်နေသည်။
DDA အဖွဲ့ တာဝန်ရှိသူတဦးက “ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်းအနေနဲ့က ထိုင်းကုမ္ပဏီဘက်ကို ဒေသခံတွေအတွက် အမှန်တကယ် ရသင့်ရထိုက်တဲ့နှုန်းတခုကို ရအောင်သွားရောက်ညှိနှိုင်းပါမယ်။ ကျနော်တို့မြေမှာ လာပြီး ရင်းနှီးမြှုပ်နှံနေတဲ့ ဒီစီမံကိန်းက ဒေသခံတွေအတွက် အကျိုးအမြတ် မရရှိဘူးဆိုရင် DDA က အဲ့ဒီအတွက် လုပ်ပေးသွားပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထားဝယ်ဒေသခံ မြန်မာအလုပ်သမားများနှင့် ထိုင်းနိုင်ငံမှ လာရောက်လုပ်ကိုင်သည့် အလုပ်သမားများ၏ လုပ်ခလစာ ကွာခြားမှုပြဿနာသည် စီမံကိန်းဧရိယာအတွင်း အခြေခံတည်ဆောက်မှုလုပ်ငန်းများ စတင်ချိန်ကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ၏ လုပ်အားခသည် တဝက်တိတိလျော့နည်းကြောင်း စီမံကိန်း အထွေထွေအလုပ်သမား ကိုမျိုးသိန်းက ပြောသည်။
ယမန်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ထားဝယ်ဒေသခံ အလုပ်သမားများ၏ အီတာလျံ-ထိုင်းကုမ္ပဏီသို့ လုပ်ခ လစာမညီမျှသည့် ပြဿနာအတွက် ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။
အဆိုပါစီမံကိန်းတွင် သံ ဝရိန်ဆော် အလုပ်သမား အသက် ၃၀ အရွယ် ကိုစိုးမြင့်ကလည်း “ကျနော်တို့ ဒီကြားထဲမှာ တောင်းဆိုမှုတခု အီတာလျံ-ထိုင်းကုမ္ပဏီကို လုပ်ခဲ့ကြသေးတယ်ဗျ။ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသေးတယ်။ အဲဒီနောက်ပိုင်း လုပ်ခလစာက အရင်ထက် တထောင်လောက် ပိုသွားတယ်။ ကျနော်တို့တွေဟာ ဒေသခံတွေ ဖြစ်တဲ့အတွက် ကိုယ့်နေရာကိုယ့်ဒေသမှာလာပြီး လုပ်ကိုင်တဲ့ ဒီလိုစီမံကိန်းကြီးက ဒေသခံတွေအတွက် အရမ်းကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပေးမယ်ထင်ခဲ့တာခင်ဗျ။ ဒါပေမယ့် လက်တွေ့ကျတော့ ယိုးဒယားကုမ္ပဏီက သူတို့ရဲ့အလုပ်သမားတွေကိုသာ ပိုပေးတာဗျ” ဟု ပြောသည်။
ယခုလက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားများ၏ တနေ့လုပ်ခလမှာ ထိုင်းဘတ်ငွေ ၃၀၀ ကျော် (၈၄၀၀ ကျပ်ခန့်) ဖြစ်ပြီး ထားဝယ် ဒေသခံအလုပ်သမားများမှာ၏ တရက်လုပ်ခမှာ ဘတ်ငွေ ၁၅၀ ကျော် (၄၂၀၀ ကျပ်ခန့်) ဖြစ်ကြောင်း သိရသည်။
စီမံကိန်းအတွင်း ဒေသခံအလုပ်သမား ဦးရေထက် ထိုင်းအလုပ်သမား ဦးရေက နှစ်ဆကျော် များပြားကြောင်းလည်း သိရှိရသည်။
“မနှစ်ကဆို မြန်မာအလုပ်သမားတွေက လကုန်ရက်ကျော်ပြီး လဆန်း ၁၀ ရက်လောက်မှ လခရကြတယ်ခင်ဗျ။ ဒါပေမယ့် သူတို့ ထိုင်းအလုပ်သမားတွေကျတော့ လကုန်ရက်ရောက်တာနဲ့ လခတွေရကြပါတယ်။ ပြီးရင် အချိန်ပိုကြေးတွေကလည်း ကျနော်တို့က သူတို့ရဲ့ထက်ဝက်ပဲရတယ်။ အဲ့ဒီအချိန်ကတည်းစပြီး ဒေသခံတွေနဲ့ ယိုးဒယားကုမ္ပဏီအကြား မပြေလည်တာတွေက ဆက်တိုက် ဖြစ်နေတာဗျ။ အခုချိန်အထိ အဲ့ဒီပြသနာက မပြေလည်ကြသေးပါဘူး။ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရမယ်ဆိုပြီး ယိုးဒယားဘက်ကပြောခဲ့တာ ဟုတ်မှဟုတ်ပါ့မလား ကျနော်တို့တတွေ သံသယဖြစ်လာပြီ” ဟု နဘုလယ် ဒေသခံတဦးဖြစ်သူ ဦးမောင်လေးကပြောသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ-ထိုင်း ကုမ္ပဏီတို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သတ်သည့် နားလည်မှုစာချွန်လွှာကို ၂၀၀၈ ခုနှစ် ဇွန်လအတွင်းက ရေးထိုးခဲ့ကြသည်။
ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြုပ်နှံရန်ရှိကြောင်း၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ သံမဏိ စက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။