ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးနှင့် ဘာသာရေး မငြိမ်သက်မှုများကြောင့် ပိုမိုဒုက္ခရောက်နေကြပြီ ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) က ပြောကြားသည်။
“ကလေးတွေ၊ မိန်းမတွေ၊ လူအိုတွေနဲ့ လူအတော်များများ လမ်းမတွေပေါ် အိပ်နေကြရတယ်။ တာပေါ်လင်စတွေ၊ ခြင်ထောင်တွေ၊ စောင်တွေ အကြီးအကျယ် လိုနေတာ စစ်တွေမှာ ရှိတဲ့ နှစ်ဘက်စလုံးရဲ့ ဒုက္ခသည်စခန်းတွေကို သွားခဲ့တဲ့ ကျနော်တို့ရုံး ဝန်ထမ်း တွေ က တွေ့ခဲ့ပါတယ်”ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယန် အက်ဝဒ်က ပြီးခဲ့သည့်အပတ် ဂျနီဗာမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့သွားရသူများ၊ ကြောက်လန့်ပြီး အိုးအိမ်စွန့်ပြေးရသူများ အပါအဝင် ဒုက္ခရောက်ရသူပေါင်း ၉ သောင်းရှိသည်ဟု UNHCR က ခန့်မှန်းတွက်ချက်ထားပြီး ယာယီစခန်းများနှင့် ဘုန်းကြီးကျောင်းများ အပါအဝင် နေရာပေါင်း ၇၀ တွင် ခိုလှုံနေကြရသည်ဟုလည်း ဆိုသည်။
အကြမ်းဖက်မှုနှင့် တင်းမာမှုများကို လျှော့ချထိန်းချုပ်ရေးအတွက် မြန်မာ လုံခြုံရေးတပ်ဖွဲ့များက အမြန်ဆုံး ကြိုးစားဆောင်ရွက်ပေး ရန်လည်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ က ဇွန်လ ၁၃ ရက်နေ့တွင် ပြောဆိုခဲ့သေးသည်။
“လုံခြုံရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း ဘက်မလိုက်ဖို့၊ လူ့ အခွင့်အရေးဆိုင်ရာ အဆင့်အတန်းမီဖို့၊ တရားဥပဒေဘောင် ထဲက ကိုင်တွယ်ဖို့၊ နှစ်ဘက် အညီအမျှ ဖြစ်စေဖို့ ၊ မျက်နှာမရွေးဖို့ လိုပါတယ်”ဟု ကင်တာနာ က ဆိုသည်။
နှစ်ဘက် အပြန်အလှန် အကြမ်းဖက်မှုများ ပျံ့ပွားလာပြီးနောက် ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ၎င်းနောက်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့(UN) က ရခိုင်ပြည်နယ်အတွင်းရှိ ၎င်း၏ ဝန်ထမ်းများကို လုံခြုံရေး စိတ်ချရာသို့ ထွက်ခွာခိုင်းခဲ့သည်။
ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကလ္လကတ္တား မြို့ရှိ မြန်မာ ကောင်စစ်ဝန် ရုံးရှေ့တွင် အိန္ဒိယ အစ္စလမ် ကျောင်းသားများ အဖွဲ့နှင့် မွတ် စလင် အခြေပြု နိုင်ငံရေးအဖွဲ့များက ရိုဟင်ဂျာများ အရေး ဆန္ဒပြ ကန့်ကွက်ခဲ့ရာ မွတ်စလင် ရိုဟင်ဂျာများသည် မြန်မာ နိုင်ငံ သားများဖြစ်ပြီး ယခု ဒုက္ခအကြီးအကျယ် ရောက်နေကြောင်း ပြောဆိုကြသည်။
အကြမ်းဖက်မှုများမှ ဝေးရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံရန် ကြိုးစားသူများကိုလည်း ဘင်္ဂလားဒေ့ရှ် အစိုးရက ဝင်ခွင့် မပေးဘဲ နယ်စပ်ကို ပိတ်ထားသဖြင့် ဒုက္ခရောက်ရကြောင်း ၎င်းတို့က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ခိုလှုံလာသူများသည် မြန်မာနိုင်ငံသားများသာဖြစ်၍ နေရင်းရပ်ရွာများတွင် ငြိမ်းချမ်းစွာ ပြန်လည် နေ ထိုင်ရန်ကို အလိုရှိကြောင်း ပြောဆိုသည်။
“သူတို့ဟာ မြန်မာနိုင်ငံသားတွေပါ။ သူတို့ရဲ့မွေးရာပါ အခွင့်အရေးတွေကို အသိအမှတ်မပြုတာမျိုး နိုင်ငံတကာ မိသားစု အနေနဲ့ မပြောဆိုသင့်ဘူး”ဟု ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာ ဝန်ကြီး ရှာဖစ် အာမဒ် က ပြောကြောင်း Gulf Time သတင်းစာက ဆိုသည်။
ဒုက္ခသည်များ ဝင်ရောက်လာနိုင်ရေးအတွက် နယ်စပ် ဖွင့်ပေးရန် ဘင်္ဂလားဒေ့ရှ် အား တောင်းဆိုနေခြင်းထက် မြန်မာ နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းသွားရေးကို နိုင်ငံတကာက ပိုအာရုံပြုသင့်ကြောင်း ယခင်အပတ်ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရ က ပြောဆိုခဲ့သည်။
UNHCR နှင့် အမေရိကန် ပြည်ထောင်စုက ဒုက္ခသည်များ ဝင်ရောက်ခွင့်ပြုရေး နယ်စပ်ကိုဖွင့်ပေးရန် ဘဂ်လားဒေ့ရှ်အစိုးရအား မကြာ သေးခင်က တောင်းဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရက လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် ၄ သိန်း လက်ခံ ထားရသည့် အတွက် ထပ်မံ လက်မခံ လိုတော့ကြောင်း ပြောဆိုသည်။
မလေးရှားအခြေစိုက် အင်တာနက် သတင်းဌာန ဖြစ်သည့် မလေးရှားကီနီ သတင်းတပုဒ်၏ ဖော်ပြချက်အရလည်း မလေးရှား အတိုက်အခံ ခေါင်းဆောင် အန်နဝါ အီဗရာဟင်က မွတ်စလင် ရိုဟင်ဂျာများအပေါ် မည်သို့ ပြုမူ ဆက်ဆံသည် ဆိုသည်မှာ မြန်မာ တို့၏ ယဉ်ကျေးမှု အဆင့်အတန်း ပြယုဂ် ဖြစ်လိမ့်မည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“ပါလက်စတိုင်းတွေ ဒုက္ခခံနေရသလို ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး မြန်မာပြည်က ထွက်ပြေးနေရတယ်”ဟု အန်နဝါ အီဗရာဟင်က ပြောဆိုသည်။