ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာတွင် ၁၀ လနီးပါး ကြာသည်အထိ ထုတ်ပြန်ထားခဲ့သော ပုဒ်မ ၁၄၄ ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီးတွင် အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေသော တကောင်းတောင် ဖရိုနီကယ်လ် စက်ရုံ စီမံကိန်း ဧရိယာအတွင်း စက်ရုံပိုင် ပစ္စည်းများ ပျောက်ဆုံး နေခြင်းကြောင့် ဒေသခံများ ဖြတ်သန်းသွားလာခြင်း မပြုရန် ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ ကို ထုတ်ပြန် ထားရာမှ ယခု ပြန်လည်ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။
စက်ရုံပစ္စည်းများ၏ လုံခြုံရေးအတွက် စက်ရုံ၏ အရှေ့ဘက်ပိုင်း တန့်ကြည့်တောင်တန်းအထိ၊ အနောက်ဘက်ပိုင်း ဗန်းမော်-မန္တလေး ကားလမ်းအထိ၊ တောင်ဘက်ပိုင်း ရေရှင်ချောင်းအထိ၊ မြောက်ဘက်ပိုင်း ကွန်ကရစ်လမ်းအထိ စက်ရုံပိုင် ဧရိယာ စုစုပေါင်း ၃၀၆၈ ဒသမ ၆၆ ဧကကို ကန့်သတ်ဧရိယာအဖြစ် သတ်မှတ်ကာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ပြင်ပလူများ သွားလာခွင့်ကို တားမြစ်ခဲ့သည်။
လိုက်နာမှုမရှိသူများကို အာဏာဖီဆန်မှုနှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ပုဒ်မ ၁၄၄ မှာ ရပ်ကွက်ပြည်ရွာ အုပ်စုလိုက် ရိုက်ပွဲ၊ သတ်ပွဲ၊ နှက်ပွဲ ဆူပူသောင်းကျန်းမှုများ မဖြစ်စေရန် ကြိုတင် တားဆီးသည့် အနေဖြင့် ထုတ်ပြန်သည့် ဥပဒေတရပ် ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းဒေသတွင် ပုဒ်အမ ၁၄၄ ထုတ်ပြန်ခြင်း အပေါ် တသီးပုဂ္ဂလ ပါတီ ထောင်ထားသည့် ဥပဒေ ကျွမ်းကျင်သူ ဦးစိန်လှက ကန့်ကွက်ခဲ့ရာမှ ယခုအခါ အဆိုပါ ပုဒ်မကို ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဦးစိန်လှက ဧရာဝတီကို ပြောသည်။
‘‘ပုဒ်မ ၁၄၄ ဆိုတာက တိုင်းပြည်မငြိမ်မသက်ဖြစ်ပြီး အခြေနေတွေ ထိန်းသိမ်းဖို့ ခက်ခဲမှ ထုတ်ပြန်ရတဲ့ ဥပဒေမျိုးပါ။ တဦးတယောက်ရဲ့ ကိုယ်ကျိုးစီးပွားအတွက် ထုတ်ပြန်လို့ မရပါဘူး။ အခုဟာက နီကယ်လ် စက်ရုံ ဧရိယာမှာ ဖြတ်သန်းသွားလာလို့ မရအောင် ထုတ်ပြန်တဲ့ အနေထားမျိုး ဖြစ်တဲ့အတွက် ကျနော် ကန့်ကွက်ခဲ့တာပါ” ဟု ဦးစိန်လှက ဆိုသည်။
ဦးစိန်လှ၏ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က စတင်ထုတ်ပြန်ထားသော အဆိုပါ ပုဒ်မ ၁၄၄ ကို ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားချိန်တွင် ကုမ္ပဏီပိုင်လမ်းများမှ ဖြတ်သန်းသွားလာသည့် ကျေးရွာဒေသခံများကို ကုမ္ပဏီဘက်က ဖြတ်သန်းခ ကောက်ခံလျှက် ရှိကြောင်း၊ အရေးကိစ္စရှိသဖြင့် ဖြတ်သန်းမည် ဆိုပါက ကွန်ကရစ်လမ်း ဖြတ်သန်းခ အဖြစ် နွားလှည်းတစီးလျှင် ကျပ် ၃ ထောင်၊ ထော်လာဂျီတစီးလျှင် ကျပ် ၅ ထောင် ပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။
ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကို ရုပ်သိမ်းပြီးသည့် တိုင်အောင် အဆိုပါ ကောက်ခံမှုမှာ ဆက်လက်ရှိနေဆဲဟု သိရသည်။
ကုမဏီပိုင်ဆိုင်သည့် စီမံကိန်းများအတွက် တကောင်း ဒေသရှိ ဒေသခံ လယ်သမားများ ပိုင်ဆိုင်သည့် လယ်ယာမြေ ၇၃၈ ဧကကို သိမ်းဆည်း ထားသည့်အတွက် လယ်သမားတို့မှာ အလုပ်လက်မဲ့ ဖြစ်နေရကြောင်း လယ်မြေသိမ်းခံရသူ တဦးဖြစ်သည့် ကိုမြင့်လှိုင်က ရှင်းပြသည်။
လယ်မြေများ သိမ်းယူသည့်အတွက် လယ်သမားတချို့မှာ ကျပ် သောင်းဂဏန်း လျော်ကြေးရပြီး အများစုမှာ လျော်ကြေး လုံးဝ မရကြောင်း ၎င်းက ဆိုသည်။
တကောင်းဆိပ်ကမ်း တွင်လည်း ဆိပ်ခံဘောတံတား တည်ဆောက်ရန်အတွက် လယ်မြေဧက ၄၈ ဧကကို ထူး ကုမ္ပဏီက သိမ်းယူ ထားသေးကြောင်း သိရသည်။