မြန်မာနိုင်ငံ အသွင်ကူးပြောင်းနေဆဲ ကာလမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ဖွံွ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးဟာ တချိန်တည်း တပြိုင်တည်း အရေးကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံအပြီး မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆို လိုက်ပါတယ်။
“မြန်မာနိုင်ငံအတွက် ဒီမိုကရေစီကို လိုအပ်နေချိန်မှာပဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုအပ်ပါတယ်။ ဒီမိုကရေစီ လိုနေတာကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ အစားထိုးလို့ မရပါဘူး။ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာဖို့အတွက် ဒီ ဖွံ့ဖြိုးတိုးတက်မှုကို အသုံးချရမှာ ဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။
ရေခံမြေခံ ကောင်းတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး ဖံွ့ဖြိုးတိုးတက်ဖို့ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့ လိုအပ်တဲ့ အကြောင်း၊ ရင်းနှီးမြှုပ်နှံတဲ့ နေရာမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ လိုအပ်သလို ဘဏ္ဍာရေး ဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိဖို့လည်း လိုအပ်ကြောင်း၊ မြန်မာ့လူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ လူငယ်တွေအတွက် အဓိက အခွင့်အလမ်း လိုအပ်ချက်တွေ ရှိကြောင်းကိုလည်း သူက အလေးအနက် ဆက်ပြောပါတယ်။
“တကယ်တော့ ဒီမိုကရေစီရဲ့ အခြေခံဟာ နိုင်ငံသားတွေပဲဖြစ်တယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ လုပ်နိုင်ကိုင်နိုင် စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်မယ့် အကူအညီမျိုးတွေ ကျမတို့ လိုအပ်ပါတယ်။ နိုင်ငံသားတွေရဲ့ အရည်အသွေးနဲ့ စွမ်းဆောင် နိုင်မှုတွေ ဖွံ့ဖြိုးတိုးတက်အောင် အထောက်အပံ့ဖြစ်စေတဲ့၊ အလုပ်အကိုင် အခွင့်အလမ်း သစ်တွေ ဖန်တီးပေး နိုင်မယ့် အကူအညီမျိုးတွေ လိုအပ်တယ်” လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံအရေးအတွက် လက်တွေ့ကျတဲ့ စဉ်းစားလုပ်ဆောင်ချက် တွေကိုပဲ ဖော်ဆောင်နေတဲ့ အကြောင်း၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် လက်ရှိ အစိုးရအဖွဲ့ကို လုပ်ဖော် ကိုင်ဘက်တွေ အဖြစ် သဘောထားကြောင်း၊ သမ္မတ ဦးသိန်းစိန်နဲ့ ပတ်သက်လို့လည်း ယုံကြည်မှုရှိကြောင်း၊ အနာဂတ်ကိုပဲ မျက်နှာမူပြီး အတိတ် အနာတွေကို မဆွလိုကြောင်း ဆက်ပြောပါသေးတယ်။
“သမ္မတ အနေနဲ့ ရိုးသားမှု ရှိတယ်ဆိုတာတော့ ကျမယုံပါတယ်။ အစိုးရအဖွဲ့ထဲက တခြားသူတွေနဲ့ ပတ်သက်လို့တော့ ကျမ ဘယ်သူ့အတွက်မှ မပြောနိုင်ပါဘူး။ အရေးကြီးတာ ကတော့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း လွဲချော် မသွားဖို့၊ နောက်ကြောင်းပြန် မလှည့်သွားစေဖို့ အတွက် အားလုံးက ကျမတို့ကို ဝိုင်းဝန်းပံ့ပိုး ပေးကြပါ” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပြင်သစ်ဘာသာစကားကို ကောင်းမွန် ပိုင်နိုင်စွာပြောတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ် တော်လှန် ရေး စိတ်ဓာတ်ဟာ သူ့ရဲ့ နိုင်ငံရေးဘ၀ ရုန်းကန်မှုမှာ အကျိုးသက်ရောက်ပုံ၊ သူ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကာလက ပြင်သစ် စာပေတွေ အဆက်မပြတ် လေ့လာဆည်းပူးခဲ့ပုံနဲ့ ၁၉ ရာစု ပြင်သစ် စာပေပညာရှင် ဗစ်တာ ဟျူးဂို (Victor Hugo) ကို လေးစားအားကျပုံကိုလည်း ထုတ်ပြောသွား ပါတယ်။
“ကျမ ဗစ်တာ ဟျူးဂိုကို လေးစားသူတယောက်ပါ။ ဘာကြောင့်လဲ ဆိုတော့ တကယ့်တော်လှန်ရေးဆိုတာ မိမိကိုယ် တွင်းက စရတယ်ဆိုတာ သူက နားလည်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကနေ ပြင်သစ် နိုင်ငံကို မနေ့က မီးရထားနဲ့ သွားခဲ့ပါတယ်။ ပြင်သစ် သမ္မတ က ဒေါ်အောင်ဆန်းစုကြည်ကို ကော်ဇောနီ ခင်းပြီး Elysee နန်းတော်ကနေ နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး ညစာနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တိုင်းမှာ ပါဝင်သူ အားလုံးကို ပြင်သစ်နိုင်ငံ အနေနဲ့ ထောက်ခံ အားပေးသွားမှာ ဖြစ်တဲ့အကြောင်း၊ ပြုပြင် ပြောင်းလဲရေးသမားလို့ သူတို့ ယူဆတဲ့ သမ္မတ ဦးသိန်းစိန်ကို ပြင်သစ်နိုင်ငံ အလည်အပတ် လာဖို့ ဖိတ်ခေါ်ပါကြောင်း ပြင်သစ်သမ္မတက သတင်းထောက်တွေကို ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်တလျှောက် မေးခွန်းထုတ် အခံရဆုံး ကိစ္စဖြစ်တဲ့ လတ်တလော ရခိုင်ပြည်နယ်က အဓိကရုဏ်းကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးမှု အားနည်းတာ၊ အကျင့်ပျက် ဝန်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ နိုင်ငံသား ဥပဒေ ကိစ္စကို ခိုင်မာ ထိရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောခဲ့ပါသေးတယ်။
“တရားဥပဒေ စိုးမိုးရေးဟာ ဒီအချိန်မှာ အလုပ်သင့်ဆုံး အရေးအကြီးဆုံးပါပဲ။ ဒီ နိုင်ငံသား ဥပဒေတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ကျမတို့ သေချာ လုပ်ဖို့လိုပါတယ်” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဇွန်လ ၂၇ ရက်နေ့မှာ ပါရီမြို့တော်ဝန်က ၂၀၀၄ ခုနှစ်က ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ပြင်သစ်နိုင်ငံသား “ပါရီမြို့သူ” ဆုကို လက်ခံဖို့လည်း ရှိသလို ပြင်သစ် နိုင်ငံခြား ရေးဝန်ကြီး Laurent Fabius နဲ့တွေ့ဆုံဖို့လည်း ရှိပြီး ညစာ အတူ သုံးဆောင်ကြမှာပါ။
ပြင်သစ် နိုင်ငံခြားရေး ဌာန ဥယျာဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်က “လွတ်လပ်မှု သစ်ပင်” တပင် ကို အထိမ်းအမှတ် စိုက်ပျိုးပေးမှာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ် လွှတ်တော် ၂ ရပ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ပြင်သစ်အခြေစိုက် NGO အဖွဲ့အစည်းတွေ အပြင် မြန်မာ အသိုင်းအဝန်းက လူ ၁၅၀ နဲ့လည်း မြို့တော်ခန်းမရဲ့ Le salon des Arcade အခန်းမှာ မနက် ၉ နာရီခွဲကနေ ၁၁ နာရီအထိ တွေ့ဆုံဖို့ ရှိပါတယ်။
ပြင်သစ်အခြေစိုက် အောင်ဆန်းစုကြည် အသင်းရဲ့ အကြီးအကဲဖြစ်သူ Pierre Martial ကတော့ အခုလို ပြင်သစ် မြေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ် လန်းဆန်းစွာနဲ့ မြင်ရတာကို အလွန်ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။
“သူဟာ တကယ့် စံပြ ပုဂ္ဂိုလ် တဦးပါ။ ကြောက်စရာ ကောင်းတဲ့ အာဏာရှင်ကို အကြမ်းမဖက်တဲ့ နည်းနဲ့ ပြန်တုံ့ပြန်ခဲ့တာ ရှာမှရှားပါပဲ”လို့ သူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံမှာ ဇွန် ၂၆ ရက်နေ့ကနေ ဇွန် ၂၉ ရက်နေ့ အထိ ၃ ရက် နေမှာ ဖြစ်ပြီး ၂၉ ရက်နေ့မှာ Sorbornne တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲလည်း လုပ်ဖို့ ရှိတယ်လို့ သိရ ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇူလှိုင် ၄ ရက်နေ့မှာ နေပြည်တော်မှာ ပြန်လည်စတင်တော့မယ့် ပြည်သူ့ လွှတ်တော် အစည်းအဝေးကို တက်ရောက် ရမှာလည်း ဖြစ်ပါတယ်။