မကွေးတိုင်း မြစ်သာမြစ် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းရမည့် ပနန်း၊ စံပယ်၊ ဆင်ပုံ၊ ယင်းမာ ရွာများမှ ဒေသခံ ၅၀၀ ခန့် က စီမံကိန်း ရပ်ဆိုင်းပေးရန်အတွက် တည်ဆောက်ရေးရုံးသို့ ဇူလိုင် ၇ ရက်နေ့က သွားရောက်ဆန္ဒပြကြောင်း သတင်းရသည်။
စီမံကိန်းကြောင့် ဒေသတွင်းရှိ လယ်မြေ ၈၇၇ ဧက၊ ယာမြေ ဧက ၇၇၀၊ နှစ်ရှည် စားပင်များနှင့် ရွာလေးရွာ ရေအောက်သို့ ရောက်ရှိသွားမည် ဖြစ်သော်လည်း ရရှိမည့် လျှပ်စစ်ဓာတ်အားမှာ မီဂါဝပ် ၄၀ ရှိကြောင်း၊ ကုန်ကျစရိတ်၊ ဆုံးရှုံးမှုနှင့် ပြန်လည်ရရှိမည့် အကျိုးအမြတ်မှာ မကာမိသည့်အတွက် စီမံကိန်းရပ်ဆိုင်းပေးရန် ဆရာတော် သံဃာတော်များက ဦးဆောင် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆင်ပုံရွာမှ ကျောင်းထိုင် ဆရာတော် ဦးအာစရိယ က ဧရာဝတီသို့ ပြောသည်။
“ဒီစီမံကိန်းကြောင့် ဂန့်ဂေါ တခရိုင်လုံး ကောင်းစားမယ်ဆို ဦးပဉ္ဇင်းတို့ ရွာတွေ ရွှေ့ပါတယ်၊ ဒါပေမယ့် လက်ရှိ အခြေအနေထက် မနိမ့်ကျတဲ့ လူနေမှု ဘ၀ ထူထောင် ပေးရမယ်”ဟု ဆရာတော်က ဆိုသည်။
ဂန်ဂေါခရိုင်ဦးစီးမှူးနှင့် ခရိုင်ရဲမှူးအပါအဝင် မြို့နယ်အုပ်ချုပ်ရေးအရာရှိများနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက် ကာ ဆန္ဒပြခြင်းသည် တရားဥပဒေနှင့် ညှိစွန်း၍ ပြေလည်ရန် ဖြေရှင်းပေးမည်ဖြစ်ကြောင်း ရွာခံ ဆရာတော်ကြီးများထံ လျှောက် ထားခဲ့သည်ဟု ဦးအာစရိယက ပြောသည်။
သမ္မတဦးသိန်းစိန် အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ များ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ခရိုင် အုပ်ချုပ်ရေးမှူးများထံသို့လည်း စုပေါင်းလက်မှတ်ရေးထိုးကာ စီမံကိန်းရပ်ဆိုင်းရေးအတွက် စာများပေးပိုခဲ့ သည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်လှိုင်လာရောက်၍ ရွာလေးရွာမှ ဆရာတော်ကြီးများထံ အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး မကန့်ကွက်ရန် လျှောက်ထားကြောင်း ဦးအာစရိယက ဆက်ပြောသည်။
မြစ်သာမြစ် ရေအားလျှပ်စစ်စီမံကိန်းကို ပြီးခဲ့သည့် ၂၀၀၂ ခုနှစ် စစ်အစိုးရလက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွာလေးရွာကို ၉၃ မိုင်ခန့်အကွာတွင် နေရာချထားပေးရန် ၂၀၀၇ ခုနှစ်က စီစဉ်ခဲ့ဖူးသော်လည်း ဒေသခံများက ပြောင်းရွှေ့ခြင်း မရှိပေ။
ဆန္ဒပြရာတွင် ပါဝင်သည့် ဦးကျော်ဟိုးက“နေရာက ရေမရတဲ့နေရာ၊ ရေမရလို့ မပြောင်းဘူးပြောတော့ ရေကားနဲ့ပို့ပေးမယ်လို့ လွယ် လွယ်ပြောတယ်၊ မယုံလို့ ဘယ်သူမှ မပြောင်းဘူး၊ ပြောင်းမယ့်နေရာက ကုန်းခေါင်ခေါင် စိုက်ပျိုးလို့မရဘူး”ဟု ပြောဆိုသည်။
မြစ်သာမြစ်သည် ချင်းကုန်းမြေမြင့်ကို မြစ်ဖျားခံ စီးဆင်းလာပြီး ယော၊ ကလေး၊ ဂန့်ဂေါ စသည့် မြို့နယ်များကို ဖြတ်သန်းစီးဆင်း သွားခြင်း ဖြစ်သည်။