ရန်ကုန်တိုင်း ဒေသကြီး၏ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် မကြာမီက ပြောင်းလဲခန့်အပ်ခဲ့သည့် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား လစ်လပ်တော့မည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နေရာတွင်ခန့်အပ်ရန် လျာထားကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ အရ ရန်ကုန်တိုင်း ဒေသကြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး လင်းလင်းကျော်၏ နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် နှင့် အစားထိုးကြောင်း ဖော်ပြထားသည်။
ယခုတိုင် တပ်မတော်၌ တာဝန်ထမ်းဆောင်ဆဲ စစ်ဘက် အရာရှိကြီးတဦးအား အရပ်ဘက် အုပ်ချုပ်ရေးသို့ ပြောင်းလဲရန် ကြိုးစားခြင်းသည် သမ္မတ ဦးသိန်းစိန်က စင်ကာပူ အခြေစိုက် The Straits Times သတင်းစာနှင့် ယမန်နေ့ တွေ့ဆုံရာတွင် ပြောဆိုခဲ့သော “တပ်မတော်အနေဖြင့် အာဏာကို ရေရှည် ဆက်လက် စွဲကိုင်မည်မဟုတ်” ဆိုသည့် စကားနှင့် ဆန့်ကျင်နေသည်။
သို့သော် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရာထူး အပြောင်းအလဲတွင် ဒုသမ္မတ ခန့်အပ်ရန် လျာထားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ၊ ယခု ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်အဖြစ် လျာထားခံရသည့် ဒု ဗိုလ်ချုပ်ကြီး ဝေလွင်တို့သည် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် နီးစပ်သူများ ဖြစ်သည်ကို တွေ့ရသည်။
ဦးမြင့်ဆွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ လက်အောက်တွင် စစ်ဦးစီး အရာရှိ (General Staff Officer) တာဝန် ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တိုင်းမှူး၊ အမှတ် ၅ အထူးစစ် ဆင်ရေးမှူး တာဝန်ကိုယူပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းခဲ့သူဖြစ်သည်။
အလားတူ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည်လည်း ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် ဒုတိုင်းမှူး၊ နေပြည်တော် စစ်တိုင်းမှူး တာဝန်ယူပြီး စစ်ထောက်ချုပ်ဖြစ်လာသူဖြစ်သည်။
လစ်လပ်နေသည့် ဒု သမ္မတ ရာထူးအတွက် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းထားခြင်း၊ ဒု ဗိုလ်ချုပ်ကြီး ဝေလွင်အား အချက်အချာကျသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် စီစဉ်နေခြင်းတို့ကို လေ့လာကြည့်ခြင်းဖြင့် အစိုးရအဖွဲ့၏ နောက်ကွယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆက်လက် ကြိုးကိုင်နေသေးသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။