ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှ ဦးဘရန်ရှောင်အား စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့စဉ် နှိပ်စက်ခံထားရသော ဒဏ်ရာများကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဓာတ်ပုံမှတ်တမ်း ယူခွင့်မပြုကြောင်း သတင်းရရှိသည်။
မြစ်ကြီးနား မြို့နယ် တရားရုံးတွင် ယခုလ ၁၁ ရက်နေ့က ရုံးထုတ်လာသော ဦးဘရန်ရှောင်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို သူ၏ရှေ့နေ ဦးဂျီမာခါးက မှတ်တမ်းပြုခွင့် တင်ပြတောင်းဆိုခြင်းကို တရားရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်။
“ခေါင်းနဲ့ ခန္ဓာကိုယ် အနှံ့မှာ ဒဏ်ရာဒဏ်ချက်တွေ၊ ပေါင်မှာဆိုလည်း ဓားနဲ့ ထိုးမွှေထားတဲ့ ဒဏ်ရာတွေ၊ ဒါတွေကို ကျနော်တို့က နောက်ရုံးချိန်းတွေမှာလည်း အသုံးပြုလို့ရအောင် မှတ်တမ်းတင်ထားဖို့ တောင်းဆိုတာ၊ တရားရုံးက ခွင့်မပြုပါဘူး” ဟု ရှေ့နေ ဦးဂျီမာခါးက ဧရာဝတီသို့ ပြောသည်။
ဦးဂျီမာခါး၏ တောင်းဆိုချက် ၃ ခုအနက် ဒဏ်ရာများကို စာမှတ်တမ်း တင်ခွင့် တခုသာ လက်ခံခဲ့ပြီး ဒဏ်ရာများကို ဓာတ်ပုံမှတ်တမ်းတင်ခွင့်နှင့် ထိုဒဏ်ရာများကြောင့် ကျန်းမာရေး ချို့ယွင်းနေသော ဦးဘရန်ရှောင်ကို ဆေးကုသခွင့် ပြုရန်တို့ကို တရားရုံးက ပယ်ချလိုက်ခြင်း ဖြစ်သည်။
ဦးဘရန်ရှောင်ကို ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးနိုင်က ဂျန်မိုင်ကောင် ဒုက္ခသည် စခန်းတွင် ဖမ်းဆီးခဲ့ပြီး စရဖ အဖွဲ့က လွှဲပြောင်းယူကာ ၃ ရက်ကြာ စစ်ဆေးခဲ့သည်။
ဦးဘရန်ရှောင်သည် ကချင်လွှတ်လပ်ရေးအဖွဲ့ (KIO) မှ အရာရှိတဦး ဖြစ်သည်ဟု ဆိုကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နှင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။ ရုံးချိန်းရက်တွင် တရားစွဲဆိုသူ ဗိုလ်ကြီး ကျော်စွာလင်း ရောက်မလာ ခဲ့သည့် အတွက် တရားလိုပြ သက်သေဖြစ်သော ဒုရဲအုပ် ဦးအောင်မြသန်းကို မေးမြန်းခဲ့သည်ဟု သိရသည်။
“ဒီတစ်ခေါက် ဦးဘရန်ရှောင်ကို တွေ့ရတော့ အရင်ကလို မဟုတ်တော့ဘူး၊ စိတ်ပိုင်းဆိုင်ရာ တော်တော်ကြီးကို ထိခိုက်နေတဲ့ ပုံပေါ်တယ်။ တကယ်လို့ ပြန်ထွက်လာရင်တောင် အရင်လို အနေအထား ရှိပါဦးမလားလို့ စိုးရိမ်ရတဲ့ အနေအထားအထိ ရှိနေတယ်” ဟု ဦးဂျီမာခါးက ပြောသည်။
စရဖ အဖွဲ့ဝင်များက ဦးဘရန်ရှောင်အား KIA အရာရှိ ဖြစ်သည်ဟု အဓမ္မ ဝန်ခံခိုင်းကြောင်း၊ ညှဉ်းပန်း နှိပ်စက်မှုများကို မခံနိုင်တော့၍ စရဖ အဖွဲ့များ အလိုအတိုင်း ပြောဆိုခဲ့ရကြောင်း ဦးဘရန်ရှောင်ကို ထောင်ကြီးချုပ်တွင် သွားရောက် တွေ့ဆုံခွင့် ရခဲ့သော ဇနီးဖြစ်သူ ဒေါ်ညွယ်ဇယ်က ပြောသည်။
တွေ့ဆုံခွင့် ရချိန်တွင် မျက်နှာနှင့် ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာများရရှိ ထားသည်ကို တွေ့ရှိခဲ့ပြီး ဦးဘရန်ရှောင်မှာ ကြောက်ရွံ့စိတ်ဖြင့် တည်ငြိမ်မှုမရှိဟု ၎င်းက ဆိုသည်။
ဂျမိုင်ကောင် ဒုက္ခသည်စခန်းတွင် စစ်ဘေးဒဏ်မှ ခိုလှုံနေသူ ဦးဘရန်ရှောင်မှာ အပြစ်မရှိကြောင်း၊ ခြွင်းချက်မရှိ လွှတ်ပေးရန် ဒုက္ခသည် စခန်းရှိ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များက ဇူလိုင်လ တတိယ အပတ်ထဲတွင် သမ္မတ ဦးသိန်းစိန်ထံ စာပို့နိုင်ရေးအတွက် ပြင်ဆင် နေကြသည်ဟုလည်း သိရသည်။
ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း၏ နှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာ ဦးလဖိုင်ဂျာနော်က “အဓိကကတော့ အခုဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ပေါ်မှာမူတည်ပြီး အခုလို ဆန္ဒထုတ်ဖော်ရခြင်း အကြောင်းအရင်း တွေကို တင်ပြပြီးမှ တကယ်ပဲ သူဟာ အပြစ်မရှိတဲ့ အကြောင်း၊ သမ္မတ အနေနဲ့ စဉ်းစားပြီး ခြွင်းချက်မရှိ လွှတ်ပေးဖို့ အကြောင်း တောင်းဆိုမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုလ ၆ ရက်နေ့က မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် မြို့တွင်းလမ်းမများ ပေါ်တွင် ဦးဘရန်ရှောင်ကို ခြွင်းချက်မရှိ လွှတ်ပေးရေး အပါအဝင် စစ်ဘေးခိုလုံသူ ဒုက္ခသည်များကို အဓမ္မဖမ်းဆီး နှိပ်စက်ခြင်း မပြုရန်၊ ဒုက္ခသည်များကို လုံခြုံမှု ပေးရန်၊ တရားရုံး ခွင့်ပြုမိန့်မရဘဲ လူတဦးအား ၂၄ နာရီ ကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန်နှင့် ဖမ်းဆီးထားသူအား ညှဉ်းပန်းနှိပ်စက် ခြင်းများ မပြုရန် ဒုက္ခသည် ၅၀၀ ကျော်နှင့် မြို့ခံ ၁၀၀၀ ကျော်တို့ စုပေါင်း၍ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
စရဖ နှင့် ရဲအဖွဲ့များက ဦးဘရန်ရှောင်ကို ဇွန်လ ၂၈ ရက်နေ့က ရုံးထုတ်ခဲ့ရာတွင် ခန္ဓာကို အနှံ့ ဒဏ်ရာများ တွေ့ရှိခဲ့ရသကဲ့သို့ အကျႌအတွင်း ဝမ်းဗိုက်ပေါ်တွင် အာဏာပိုင် အဖွဲ့များက အသံဖမ်းစက် တလုံး တပ်ဆင်ပေးလိုက်သည်ကို တွေ့မြင်ရကြောင်း၊ ထိုလုပ်ရပ်များသည် ဥပဒေနှင့် ဆန့်ကျင်နေကြောင်း ဦးဂျီမာခါးက ပြောသည်။
ယခုအခါ ဦးဘရန်ရှောင်ကို မြစ်ကြီးနားမြို့ ထောင်ကြီးတွင် ချုပ်နှောင်ထားပြီး ဇူလိုင်လ ၁၆ ရက်နေ့ကို ရုံးချိန်း ထပ်ပေး ထားသည်။
ဦးဘရန်ရှောင်နှင့် မိသားစုသည် ဝိုင်းမော်မြို့နယ် အင်ပေါန်ယန် ကျေးရွာတွင်နေထိုင်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ တပ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် စစ်ဘေးခိုလှုံရန် မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင် နှစ်ခြင်း ခရစ်ယာန် ဒုက္ခသည်စခန်း သို့ လာရောက်ခိုလှုံခြင်း ဖြစ်ကြောင်း ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က ပြောသည်။ ထိုစခန်းတွင် ဒုက္ခသည် ၆၆၆ ဦးခိုလှုံနေလျက် ရှိကြောင်း သိရသည်။