ယခုတပတ် ဆွေးနွေးအတည်ပြုမည်ဟု မျှော်လင့်ထားသော လစ်လပ် ဒု သမ္မတ နေရာအတွက် တပ်မတော် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းထားသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကို သမ္မတ အရည်အချင်းစစ် ကော်မတီက အတည်ပြုပေးရန် အခက်အခဲ ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
နေပြည်တော်နှင့် နီးစပ်သူများ၏ အဆိုအရ ဒု သမ္မတ အဖြစ် အတည်ပြုပေးရန် ခက်ခဲနေခြင်းမှာ ဦးမြင့်ဆွေ၏ မိသားစုဝင် တဦးသည် သြစတေးလျနိုင်ငံသား ခံယူထားသူတဦးနှင့် လက်ထပ်ထားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ သမ္မတ (သို့မဟုတ်) ဒု သမ္မတ တဦးဦးသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိဘ တပါးပါး သော်လည်းကောင်း၊ ဇနီး၊ ခင်ပွန်း သော်လည်းကောင်း၊ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ (သို့မ ဟုတ်) နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူ (သို့မဟုတ်) တိုင်းတပါး နိုင်ငံသား မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟုပါသည်။
အမည်မဖော်လိုသူ တပ်မတော် အသိုင်းအဝန်းနှင့် နီးစပ်သူတဦးကလည်း ဦးမြင့်ဆွေ၏ မိသားစုဝင်တဦး သြစတေးလျနိုင်ငံသား ခံယူထား သူတဦးနှင့် လက်ထပ်ထားသည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း မိသားစုစာရင်းမှ ထုတ်ပယ်ထားပြီး ဖြစ်ကြောင်း ဆိုသည်။
`
“သူ တိုင်းမှူးမဖြစ်ခင် ကတည်းက ရာထူးမတက်မှာစိုးလို့ သူသမီးကို အိမ်ထောင်စု ဇယားထဲက ထုတ်ပြီးသားပါ” ဟု သူက ပြောသည်။
စစ်အစိုးရ လက်ထက်ကလည်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏သား ဒေါက်တာ ရဲနိုင်ဝင်းက စင်ကာပူ နိုင်ငံသူနှင့် အိမ်ထောင်ပြုခဲ့ရာ အမွေဖြတ် စွန့်လွှတ်ကြောင်းကို သတင်းစာထဲတွင် အတိအလင်း ကြေညာခဲ့ဖူးသည်။
နိုင်ငံရေး လေ့လာသူများကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတတို့ အပါအဝင် မိသားစုများသည် နိုင်ငံသားဖြစ်ရမည်၊ တိုင်းတပါး၏ နိုင်ငံသား ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားခွင့်ရှိသူများ မဖြစ်စေရ ဆိုသည်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်၍ ရေးသားထားခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ကျန်းမာရေး အကြောင်းပြချက်ဖြင့် နုတ်ထွက်သွားသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နေရာ၌ အစားထိုးရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သား ကိုယ်စား လှယ်များက အမည်စာရင်း တင်သွင်းခဲ့သည်။
ယခင်က အဆိုပါ ဒု သမ္မတ နေရာအတွက် တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းတို့ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုများလည်း ထွက်ပေါ်ခဲ့သည်။
ပြည်တွင်းထုတ် The Voice ဂျာနယ်၏ Face book စာမျက်နှာတွင် ဒုတိယ သမ္မတ အမည်စာရင်းကို ထပ်မံတင်သွင်းရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ တင်ပြထားကြောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဒုတိယ သမ္မတ ဖြစ်မလာပါက ဗိုလ်ချုပ်ကြီး လှဌေးဝင်း ဖြစ်လာနိုင်ကြာင်း သတင်းထွက်ပေါ်နေသည်ဟု ယမန်နေ့က ရေးသားထားသည်။
အကယ်၍ ဦးမြင့်ဆွေ ဒု သမ္မတ ရာထူး ရရှိပါက လစ်လပ်သွားမည့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် နေရာအတွက် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား ရန်ကုန်တိုင်း ဒေသကြီး၏ တပ်မတော် ကိုယ်စားလှယ်အဖြစ် မကြာသေးမီက ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။