အစိုးရ ဌာနဆိုင်ရာရုံးများ အခြေစိုက်ရာ နေပြည်တော်သို့ မီးပေးရန်တည်ဆောက်နေသော အထက်ပေါင်းလောင်းဆည် စီမံကိန်း ဧရိယာတွင်းရှိ ကျေးရွာ၂၃ ရွာမှ ဒေသခံ ၈၀၀၀ ကျော်သည် နေရပ်ရင်းကို စွန့်ခွာကြရမည်ကို စိုးရိမ် ပူပန်နေကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းမြို့နယ် ပေါင်းလောင်းမြစ်ဘေးရှိ အဆိုပါကျေးရွာများတွင် ကယန်းလူမျိုးများနှင့် အခြား တိုင်းရင်းသားများ နေထိုင်ကြပြီး ၎င်းတို့ နှစ်စဉ် ရာသီပေါ်သီးနှံများ စိုက်ပျိုးကြသော စပါးနှင့်မြေပဲစိုက်ခင်း ဧက ၂၀၀၀ ကျော်နှင့် ဧက ၁၀၀၀ ဝန်းကျင်ရှိ နှစ်ရှည်ခြံများလည်း လျော်ကြေးမဲ့ စွန့်လွှတ်ရဖွယ်ကြုံနေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။
“ကျနော်တို့ကို ရေနဲ့လွတ်တဲ့ ကျနော်တို့ရွာအနောက်ဘက် ၅ ဖာလုံလောက်က ကျောက်ကုန်းပေါ်မှာ ပြောင်းနေခိုင်းတယ်၊ ကျနော် တို့ အခုလုပ်စားနေတဲ့ ခြံမြေလျော်ကြေးတွေလည်း မပေးဘူးလို့ကြားတယ်”ဟု လယ်နှင့် ခြံ ၅ ဧက လုပ်ကိုင်နေသူ ကံလှ ရွာသား ဦးအေး က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ၂၀၀၄ ခုနှစ်က စတင်တည်ဆောက်ခဲ့သော ထိုစီမံကိန်းသည် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင် အကွာတွင်ရှိသော ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၂ ဇူလိုင်လအထိ ၉၀ ရာခိုင်နှုန်း ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ထိုစီမံကိန်းကို သွားရောက်လေ့လာနေသော ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့(KNGY)က ပြော သည်။
၂၀၁၃ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်သော ယင်းစီမံကိန်းကြောင့် မြစ်ညာဘက် စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသော သပြေ ကုန်း၊ ကံလှ၊ သင်္ဘောကုန်း၊ ဟင်္သာကုန်း၊ ဂွေးကုန်းနှင့် ရွာကြီး တို့အပါအဝင် ဒေသခံရွာ ၂၃ ရွာမှ ရွာသားများသည် ပြောင်းရွှေ့ခံရမည့် အခြေအနေများအတွက် စိုးရိမ်နေကြသည်ဟု ဆိုသည်။
“ကျနော်တို့ အခုရောက်နေတဲ့ ရွာမှာဆိုရင် သူတို့အခုလက်ရှိလုပ်ကိုင်နေတဲ့ တောင်ယာတွေကို စွန့်ပြီးမှ တခြားနေရာကို မသွားချင်ကြဘူး၊ လျော်ကြေးငွေနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရက ပေးမယ် မပေးဘူး၊ ဘာမှမပြောတော့ ဒေသခံရွာသား တွေက မကျေမနပ်နဲ့ စိုးရိမ်နေကြတယ်”ဟု စီမံကိန်း နယ်မြေရောက် KNGY အဖွဲ့ဝင်တဦးက ပြောသည်။
ပြောင်းရွှေ့ရန် အစားပေးထားသော နေရာများရှိ မြေကောင်းတချို့ကို အာဏာပိုင်များက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်မည့် စီးပွားရေး လုပ်ငန်းရှင်များထံရောင်းချထားပြီး ဒေသခံများပြောင်းရွှေ့နေထိုင်ရမည့် နေရာများသည် တောင်ကုန်းများနှင့် ကျောက်တောင် များ ဖြစ်နေသဖြင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးနိုင်ရန် အခြေအနေမရှိကြောင်း ပြောင်းရွှေ့ခံရမည်ဖြစ်သော ဒေသခံ သံဃာတော် တပါး က မိန့်သည်။
“ပြောင်းရွှေ့ရမယ့်နေရာတွေက ကျောက်တောင်တွေနဲ့ တောင်ကုန်းတွေဆိုတော့ သူတို့ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလာခဲ့တဲ့ လယ်ယာလုပ်ငန်းက အလုပ်မဖြစ်ဘူး၊ အစိုးရကလည်း သေသေချာချာ စီမံပေးတာ မဟုတ်ဘူး၊ အဲဒါကြောင့် လယ်သမားတွေက ဒုက္ခရောက်လိမ့်မယ်”ဟု ဆရာတော်က မိန့်သည်။
အထက်ပေါင်းလောင်းဆည် စီမံကိန်းကို မြန်မာနိုင်ငံ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ယူနန် စက်ယန္တရား သွင်းကုန် ထုတ်ကုန် ကုမ္ပဏီ Yunnan Machinery Equipment Import & Export Co.(YMEC) တို့က ပူးပေါင်းလုပ်ကိုင် နေခြင်းဖြစ်ပြီး နည်းပညာပိုင်းအရ ဥရောပ ကုမ္ပဏီတချို့လည်း ပါဝင်ကြောင်း သိရသည်။
စီမံကိန်းပြီးစီးပါက မဂ္ဂါဝပ် ၇၀ ရှိ ဖရန့်စစ်တာဘိုင် စက်နှစ်လုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၄၀ မှ တနှစ်လျှင် ပျမ်း မျှ ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၄၅၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းတခုဖြစ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။