ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ရောက်လာ၍ မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ရာ ဘင်္ဂါလီ ဒုက္ခသည် ယနေ့အထိ ၁၂၀၀ ကျော်ရှိပြီး ဆက်လက် ဝင်ရောက် လာနေဆဲလည်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရသည်။
ယင်းဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ကမ်းခြေစောင့်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပို့ဆောင်ခြင်းဖြစ်ရာ ပြီး ခဲ့သည့် ဇူလိုင်လ ၂၆ ရက်ကလည်း ဘင်္ဂါလီ ၁၁ ဦးကို ပြန်ပို့ခဲ့သေးသည်ဟု တာခ်နာ အခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့် တပ် (BGB) က ဗိုလ်မှူး ဇျာဟိဒ် ဟာဆန်းက ပြောကြားကြောင်း ကောက်စ်ဘဇားမြို့ သတင်းစာများက ဖော်ပြသည်။
“စုစုပေါင်း ၁၁ ဦးကို BGB ကင်းလှည့် တပ်ဖွဲ့က နေ့လယ် ၂ နာရီမှာ ဖမ်းဆီးခဲ့ပြီး ၃ နာရီမှာတော့ လူသားချင်း စာနာ ထောက်ထား မှုနဲ့ အစားအသောက်တွေ ပေးပြီး နေရပ်ပြန်လွှတ် လိုက်တယ်”ဟု ဗိုလ်မှူး ဇျာဟိဒ် ဟာဆန်းက ပြောဆိုသည်။
အမည်မဖော်လိုသော တာခ်နာ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး တဦးကလည်း ဖမ်းမိသူများကို ပြန်ပို့ရာတွင် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့်ကွပ်ကဲရေး(နစက) အဖွဲ့ကို အကြောင်းကြား၍ တရားဝင်ပြန်ပို့ခြင်းမဟုတ်ဘဲ လာလမ်းအတိုင်း လှေပေါ်တင်ပြီး ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ထပ်မံ လာရောက်နေသူများလည်း ရှိကြောင်း ပြောသည်။
“သူတို့လာတဲ့ လှေပေါ်ကို ပြန်တင်ပြီး ပင်လယ်ကို ပြန်လွှတ်လိုက်တယ်။ လက်ရှိ အခြေအနေမှာတော့ မြန်မာဘက်က လူတွေ အရင်ထက် ပိုဝင်လာနေတယ်။ မိန်းမတွေတော့ မဟုတ်ဘူး။ ယောကျာ်တွေ အများကြီး လာနေတယ်”ဟုလည်း ၎င်းက ဆိုသည်။
ပြန်လွှတ်လိုက်သူ တချို့သည် သက်ဆိုင်ရာ ဒေသများသို့ မပြန်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ တနည်းနည်းဖြင့် ပြန်လည် ဝင်ရောက်ကြကြောင်း၊ စစ်တကောင်း၊ ဒါကာ အစရှိသည့် နေရာများတွင် အလုပ်လုပ်ကိုင်နေကြသူများပင် ရှိကြောင်း တာခ်နာ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး က ဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ရောက်နေသည့် ဘင်္ဂါလီများကို BGB များက လမ်းမပေါ်၊ ကားပေါ်များအထိ လိုက်လံ ဖမ်းဆီးမှုများ ရှိသည် ဟု တာခ်နာ မြို့ခံ တဦးကလည်း ပြောသည်။
ထိုသို့ မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်ရန် ကြိုးစားနေသူများတွင် အကြမ်းဖက် အဖွဲ့များနှင့် ဆက်နွယ် သူများလည်း ပါဝင်နိုင်သည့်အတွက် စိုးရိမ်မှုရှိကြောင်း ပြီးခဲ့သည့် စနေနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆို ထားသည်။
ရှိတ်ဟာဆီနာသည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပနေသော အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်စဉ် Sunday Express သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးလာသူများကို ပြန်မပို့ရန် ကုလသမဂ္ဂနှင့် အမေရိကန် က တိုက်တွန်းထားသည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ခြင်း ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့သည့် ဇွန်လ ၈ ရက်နေ့မှစ၍ ပဋိပက္ခ အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇၈ ဦး သေဆုံးခဲ့ပြီး အိုးအိန်စွန့်ခွာ တိမ်းရှောင်ရသူပေါင်း သောင်းနှင့်ချီ ရှိကြောင်း တရားဝင် စာရင်း များအရ သိရသည်။