ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သော ဘူးသီးတောင်နှင့် မောင်တောရှိ ဒေသခံများက ၎င်းတို့၏ လက်ရှိ နေ ထိုင်ရာ နေရပ်ရင်းကို စွန့်၍ ရခိုင်လူမျိုးအများစုရှိရာ နေရာများကို ပြောင်းရွှေ့နေလိုကြကြောင်း ပြောဆိုနေကြသည်။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ထိစပ်နေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဘင်္ဂါလီ လူမျိုး ၉၀ ရာခိုင်နှုန်းကျော်ရှိရာ ဒေသခံ လူနည်းစု ရခိုင်တိုင်းရင်းသားများက အကြမ်းဖက်မှုများ ထပ်မံရင်ဆိုင် ရမည်ကို ထိတ်လန့်နေကြ၍ ယင်းနေရာများမှ ပြောင်းရွှေ့လိုနေကြခြင်းဖြစ်သည်။
“ရခိုင်သားတွေ အများကြီးရှိတဲ့ မင်းပြားမှာ သွားနေချင်တယ်၊ အဲဒီမှာက ကုလားမရှိဘူး၊ ဒီမှာမနေချင်တော့ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒီကလူတွေက ကျမတို့နဲ့ အသိတွေလေ၊ သူတို့တွေပဲ ကျမတို့ကို လုပ်တော့ အဲဒီမျက်နှာတွေမြင်နေရမှာလေ၊ အခု မောင်တောမှာ နေရတာတောင် အပြင်သွားလို့ သူတို့ကိုတွေ့ရင် စိတ်ထဲမှာ တမျိုးကြီးပဲ၊ လန့်နေတယ်”ဟု မောင်တောမြို့နယ် သရီကုန်းဘောင် ရွာသူ မသန်းသန်းဝင်း က ပြောသည်။
မသန်းသန်းဝင်းနှင့် ဖခင်ဖြစ်သူတို့မှာ စီးပွားရေးပြေလည်သူများဖြစ်ကြောင်း၊ ဇွန်လ ၈ ရက်နေ့က မြို့ပေါ်ရှိ ဗလီမှ ဆင်းလာသော ဘင်္ဂါလီ အုပ်စု၏ အိမ်မီးရှို့ခြင်း၊ ရွှေ၊ ငွေနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို လုယက်ခြင်းနှင့် ၎င်းတို့ သားအဖ နှစ်ဦး ထွက်ပြေးစဉ် အကြမ်းဖက်အဖွဲ့များက သံတုတ်၊ မီးတုတ်၊ ခြိမ်းကြိုးများဖြင့် ရိုက်နှက်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။
၎င်းတို့ နှစ်ဦးအား မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းက အခြားသော ရခိုင်ဒုက္ခသည် ၃၀၀ ကျော် နည်းတူ ကယ်တင်ထားသော်လည်း ခေါင်း၊ ကျော်ပြင်နှင့် ခြေထောက်တို့တွင် ရရှိထားသော ဒဏ်ရာများကြောင့် ယင်းမြို့နယ် ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူခဲ့ကြရပြီး ဒဏ်ရာများ ပျောက်ကင်းခြင်း မရှိသေးပေ။
ဇွန်လ ၈ ရက်နေ့ မြို့ပေါ်အကြမ်းဖက်ခံရမှုတွင် ရခိုင်လူမျိုးများ၏ နေအိမ်များ၊ တည်းခိုခန်းနှင့် ဈေးဆိုင်များ မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း၊ အစိုးရ ထိန်းသိမ်းမှု နှောင့်နှေးခဲ့သဖြင့် ဒေသခံ ၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး အိမ်ခြေထောင်ဂဏန်း မီးလောင် ပျက်စီး ခဲ့ရကြောင်း သိရသည်။
မောင်တောမြို့နှင့် တရက်တည်း ပဋိပက္ခ ဖြစ်ပွားခဲ့သော ဘူးသီးတောင် ဒေသခံများကလည်း အကြမ်းဖက်မှုှဖြစ်ပွားပြီးနောက် ဘင်္ဂါလီလူမျိုး ၉၀ ရာခိုင်နှုန်းကျော် ကြီးစိုးနေသော ၎င်းတို့၏ မြို့ပေါ်တွင် ဆက်လက်နေထိုင်ရန်အတွက် စိုးရိမ်မကင်းဖြစ်နေကြရ သည် ဟု ဆိုကြသည်။
“အခုကတော့ ကျနော်တို့မြို့ကို လုံခြုံရေးအပြည့်ယူပေးထားတော့ စိုးရိမ်စရာမရှိပါဘူး၊ ရေရှည်မှာတော့ တခုခုပြဿနာတက်လာ ရင် ကျနော်တို့အတွက် စိုးရိမ်ရပါတယ်၊ တခြားရခိုင်သားအများစုရှိတဲ့နေရာကိုတော့ ပြောင်းနေချင်တယ်၊ ကျနော်တို့မှာ ပြောင်းရွှေ့နေထိုင်ဖို့ငွေကြေးမရှိပါဘူး”ဟု ဘူးသီးတောင်မြို့ခံ ကိုခိုင်မြတ်လင်း က ဧရာဝတီသို့ပြောသည်။
မကြာခင်ရက်ပိုင်းအတွင်းက ကျောက်တော်မြို့နယ်တွင် အကြမ်းဖက် မီးရှို့မှုများဖြစ်ပြီး အစိုးရက ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။
ယင်းသို့ဖြစ်ပွားပြီးနောက် ကျောက်တော်နှင့် ဘူးသီးတောင် မြို့နယ်ကြားရှိ စိုင်းဒင် တောင်တန်း အနီး သရက်ပင်၊ ဖုံညိုလိပ်၊ ကင်း တောင် စသည့် တောင်ခြေရွာများမှ ရခိုင်နှင့် အခြားတိုင်းရင်းသား မျိုးနွယ်စုများမှာ ဘူးသီးတောင် မြို့ပေါ်ရှိ ၎င်းတို့ ဆွေမျိုးများ ရှိရာသို့ ပြောင်းရွှေ့လာနေကြကြောင်း မြို့ခံများက ပြောသည်။
ထိုရွာများ၌ ရခိုင်လူမျိုးများ၏ အိမ်ခြေ ဆယ်ဂဏန်းသာရှိပြီး ဘင်္ဂါလီလူမျိုးများ၏ နေအိမ်များမှာ အိမ်ခြေ ၅၀၀ မှ ၂၀၀၀ အထိ ရှိကြောင်း၊ ထို့ကြောင့် ယင်းကျေးရွာများအတွင်း နေထိုင်သော ရခိုင်၊ မြို၊ ခမီ၊ သက် စသည့် မျိုးနွယ်စု ဒေသခံ တိုင်းရင်းသား များမှာ လုံခြုံရေး စိုးရိမ်မှုကြောင့် ကြိုတင်ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်တော်၌ ဖြစ်ပွားခဲ့သည့် အဆိုပါ ပဋိပက္ခများကြောင့် အိမ်မီးလောင်ခံရသည့် ဘင်္ဂါလီလူမျိုးများလည်း ဘူးသီးတောင် မြို့နယ်သို့ ပြောင်းရွှေ့လာနိုင်ကြောင်း၊ ၎င်းတို့ ရောက်လာပါက ဒေသခံ တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ အိမ်တွင်း ပစ္စည်းများကို မြို့ပေါ်သို့ ယမန်နေ့က ပြောင်းရွှေ့နေကြောင်း ဘူးသီးတောင် ဒေသခံ ဦးထွန်းအောင်သိန်း က ဧရာဝတီသို့ ပြောသည်။
အလားတူ ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီး ၂ လ ပြည့်နေ့တွင် မောင်တောမြို့နယ်အတွင်း ဗုံးဖောက်ခွဲမည်ဟူသော ကော လာဟလ သတင်းများ ပျံ့နှံ့ခဲ့မှုကြောင့် မြို့ပေါ်ရှိ ဈေးဆိုင်များပိတ်သိမ်းခဲ့ပြီး မြို့တွင်း၌ ကူးသန်းသွားလာမှုလည်း နည်းပါးသွားကြောင်း မောင်တော မြို့ခံများထံမှ သိရသည်။
အကြမ်းဖက်မှုဖြစ်ပွားပြီး ၂ လကျော်ကြာသည်ထိ ယင်းမြို့ ၂ မြို့နယ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းများ ပြန်မဖွင့်နိုင် သေးကြောင်း၊ မိဘများက ကျောင်းသားများကို ကျောင်းသို့လွှတ်ရန် စိုးရိမ်နေသကဲ့သို့ ဘင်္ဂါလီကျောင်းသား အများစုရှိနေသော ကျောင်းများတွင် အစိုးရဝန်ထမ်း ဆရာ၊ ဆရာမ များအနေဖြင့်လည်း စာသင်ရန် စိုးရိမ်နေကြသည်ဟု ဆိုသည်။
နှစ်စဉ် တံငါ လုပ်ငန်းနှင့် စပါးစိုက်ပျိုးကြသော ရခိုင်တိုင်းရင်းသားများမှာ ယခုနှစ်တွင် စိုက်ပျိုးရာသီနှောင်းသွားခြင်း၊ လုံခြုံရေးအရ စိုးရိမ်၍ အလုပ်ထွက်မလုပ်နိုင်ခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်ဟုလည်း ပြောဆိုကြသည်။
မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်းတွင် ရခိုင်ဒုက္ခသည် ၃၆၂ ဦးကို ခိုလှုံခွင့်ပေးထားပြီး ကြောက်လန့်နေသော ဒုက္ခသည် များကိုလည်း နေရပ်ရင်းကိုစွန့်၍ တခြားနေရာသို့ မပြောင်းရွှေ့ကြရန် တွန်းအားပေး ပြောကြားနေရကြောင်း ကျောင်းထိုင် ဆရာတော် ဦးမဏိသာရ က ဧရာဝတီသို့ မိန့်ကြားသည်။
“ဒါဟာ တို့မြေ၊ တို့ရေပဲလေ၊ တို့ပိုင်တဲ့ ဒီမြေမှာနေပြီးတော့ ဒီဘင်္ဂါလီကုလား ဆိုတာက တဘက်နိုင်ငံကနေ ခိုးဝင်လာပြီး ဒီမှာ အခြေ ချ ရင်းနဲ့ လာနေတာ၊ နိုင်ငံသား တိုင်းရင်းသားလည်းမဟုတ်ဘူး၊ ဒါကြောင့် ကိုယ့်မြေကိုယ့်ရေကနေပြီးတော့ တလက်မမှ နောက် မဆုတ်ဘူး၊ တိုက်ခိုက်လာရင်လည်း ကိုယ့်အိမ်ကို ကာကွယ်ရင်းနဲ့ ဒီနေရာမှာသေရမှာပဲ၊ ဒီမှာရှိတဲ့ လူတွေကိုလည်း အဲဒီတွန်း အား တွေ ဦးပဉ္ဇင်းတို့ ပေးထားတယ်”ဟု ဦးမဏိသာရ က မိန့်ကြားသည်။
ပဋိပက္ခဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိုးအိမ်များကို ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း မရှိသေးသော်လည်း လုံခြုံရေး လုံလောက်စွာချထားပေးကြောင်း၊ နှစ်ဘက်ပြန်လည်သင့်မြတ်ရေးနှင့် တည်ငြိမ်စွာနေရပြန်ချထားနိုင်ရေး အတွက် နှစ်ချီ၍ ပြုလုပ် ရဖွယ်ရှိကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။
ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ဆေးဝါးပြတ်လပ်မှုနှင့်ကြုံတွေ့နေရပြီး ယခု မိုးရာသီအတွင်း ဝမ်းလျှော ဝမ်းပျက်ရောဂါများ ဖြစ်ပွားနေသဖြင့် ဆေးဝါး၊ အဝတ်အထည်နှင့် စားနပ်ရိက္ခာများကို လေယာဉ်၊ သင်္ဘောများဖြင့်တင်ဆောင်ကာ ဆရာဝန် အများစုပါဝင်သော ၂၁ ဦး အဖွဲ့ဖြင့် သွားရောက် အကူအညီပေးနေကြောင်း သူက ဆက်၍ ပြောဆိုသည်။