ဧရာဝတီတိုင်းဒေသကြီးတွင် သြဂုတ် ၃ ရက်မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ဧရာဝတီမြစ်၊ ဒါးကမြစ်၊ ငဝန်မြစ် စသည့်မြစ်များမှ မြစ်ရေကြီးပြီး ကျေးရွာ ၈၀၀ နီးပါးနှင့် မိုးစပါး ဧက ၂ သိန်းနီးပါး ရေမြုပ်နေကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်မှ ရပ်ကွက် ၂၇ ခု နှင့် ကျေးရွာအုပ်စု ၇၉၈ ရွာတို့ ရေနစ်မြုပ်ကာ လူဦးရေ ၆၄၄၀၀ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း၊ စိုက်ပျိုးထားသော မိုးစပါး ဧက ၁၉၉၈၇၀ ကျော် ရေနစ်မြုပ်ရာ လုံးပျက်စီးဆုံးရှုံးရသည့် စပါးခင်းပေါင်းမှာ သြဂုတ်၂၀ ရက်အထိ ဧက ၅၅၀၀၀ ကျော် ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ဧရာဝတီသို့ ပြောသည်။
ရေနစ်မြုပ်ရာတွင် ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ဓနုဖြူနှင့် ပန်းတနော်မြို့နယ်တို့မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း သိရသည်။
“စပါးစိုက်ပျိုးရေးကတော့ အတိုင်းအတာတခုအထိ ထိခိုက်နေတယ်။ ရေပြန်ကျရင်တော့ နောက်ကျစပါးကို တဆင့်ပြန်ဝယ်ပြီး စိုက်နိုင်အောင် စီစဉ်ထားတယ်။ ဒီနှစ်မှာ ရေဘေးနဲ့ လေဘေး လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းတာကြောင့် အားလုံး ကြိုတင်ပြင်ဆင်ထားကြတယ်” ဟု တိုင်းဒေကြီးဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်စဉ်က ပျက်စီးမှုအများဆုံးဖြစ်ခဲ့သည့် ငပုတော၊ လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင်ကျွန်း မြို့များတွင် ရေကြီးခြင်းနှင့် မုန်တိုင်းဖြစ်ပေါ်လာခဲ့ပါက အထိအခိုက် နည်းစေရန် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မိုးရေကြီးမှုသည် ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ပိုမိုကြီးမားသည့် အခြေအနေတွင်ရှိနေပြီး ပြည်တွင်း မိုးလေဝသပညာရှင်များက မိုးနှောင်းပိုင်းကာလတွင် မိုးကြီးမှု ပိုမိုနိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုများရှိနေကြောင်း၊ ပစ္စည်းများ အသင့်ထုပ်ပိုးကာ နေရပ်အိုးအိမ်မှ ခွာနိုင်ရန် အဆင်သင့်ပြင်ထားကြကြောင်းလည်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းမန်နေဂျာ ဦးအောင်မြင့်ကြည်က “မိုးနှောင်းကာလမှာ မိုးရေတတ်နိုင်တယ်လို့ ယူဆတယ်၊ ရေကြီးတာကို ကြိုတင်ခန့်မှန်းပြီး သတင်းကို ဒေသခံတွေအတွက် အချိန်မီပေးမယ်၊ ပေါင်းစပ်ဆောင်ရွက်မယ်” ဟု ဆိုသည်။
ယင်းတိုင်းဒေသကြီးအတွင်း ရေထိန်းတာကြီး ရှစ်ခုရှိပြီး ယင်းတို့ကိုလည်း မကျိုးပေါက်အောင် သက်ဆိုင်ရာက ထိန်းသိမ်းလျက်ရှိကြောင်း၊ ယင်းတာကြီးများသာ ရေကြီးမှုကြောင့် ကျိုးပေါက်ခဲ့ပါက ဒေသတွင်း ရေကြီးနေမှု အခြေအနေများမှာ လုံး၀ ထိန်းသိမ်းမရသည့် အခြေအနေတွင် ရောက်ရှိနိုင်ကြောင်း သိရသည်။
“ရေမြုပ်နေတာ တလလောက်ရှိပေမယ့် ကယ်ဆယ်ရေးက တနေ့က လာတယ်၊ အဲဒီတခေါက်ပဲ။ ရေဘေးကြုံနေတာတော့ လူဦးရေ ၄ ထောင်လောက် ရှိနေပြီ။ တချို့ကတော့ အိမ်ပစ်ပြီး ဒုက္ခသည်စခန်းမှာ သွားနေတယ်” ဟု ဒါးကမြို့ဒေသခံ ကိုသန်းစိုးက ပြောသည်။
ကြိမ်ချောင်းကျေးရွာ ဒေသခံ ကိုမင်းနိုင်ကလည်း “ကျနော်တို့ရွာမှာတော့ ကယ်ဆယ်ရေးကို မျှော်နေကြတုန်းပဲ။ ဘယ်ကမှ မလာသေးဘူး။ ရေနစ်ကုန်တဲ့အိမ်တွေကတော့ အဝေးပြေးလမ်းမကြီးရဲ့ဘေးမှာ တဲတွေထိုးပြီး နေကြတယ်” ဟု ဆိုသည်။
ရေနစ်မြုပ်မှုများကြောင့် လက်ရှိအချိန်အထိ လူသေဆုံးမှု လုံးဝမရှိသေးကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၃ မြို့နယ်မှ အခြေခံပညာကျောင်းပေါင်း ၄၈၇ ကျောင်းမှာ ပညာသင်ကြားမှု ယာယီရပ်ဆိုင်းထားပြီး ရေပြန်ကျမှသာ အစားထိုး အစီအစဉ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ထားသည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အတွင်းရေးမှူး ဦးစိုးအောင်က ပြောသည်။
မြန်မာနိုင်ငံ၏ ဆန်အိုးကြီးဟု တင်စားကြသည့် ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ငါးသောင်းကျော် လုံးဝပျက်စီးနေပြီး တသိန်းကျော် ရေနစ်မြုပ်နေသော်လည်း နိုင်ငံတော်အရန်ဆန် ပမာဏ လုံလောက်နေသောကြောင့် ပြည်တွင်းဆန်ဈေးကွက်သို့ လုံးဝထိခိုက်မှု မရှိနိုင်ကြောင်း ဆန်စပါးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးကျော်ဝင်းက ဆိုသည်။
လက်ရှိတွင် ရေဘေးဒုက္ခသည်များအတွက် ပုသိမ်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၃၄ ခု၊ ကန်ကြီးထောင့်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၉ ခု၊ သာပေါင်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၅၉ခု၊ ကျောင်းကုန်းမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၅၂ ခု၊ ရေကြည်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၃၂ ခု၊ ဓနုဖြူမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၄ ခု၊ ပန်းတနော်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၀ ခုနှင့် ကျုံပျော်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁ ခုတို့ ဖွင့်လှစ်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။