လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း၊ မူဝါဒရေးဆွဲရာတွင် ပွင့်လင်းမှု မရှိခြင်း၊ မြောက်ကိုရီးယားနှင့် စစ်ဘက်ဆက်ဆံရေး မပြတ်နိုင်သေးခြင်းတို့ကြောင့် လွန်ခဲ့တဲ့နှစ်အတွင်း ပြုလုပ်ဆောင်ရွက်လာခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးဟာ အားမကောင်းသေးဘဲ ထိခိုက်လွယ်တုန်းလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလိုက်ပါတယ်။
ဇူလိုင်လကစလို့ သံအမတ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့ ဒဲရက်မစ်ချယ်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ကိစ္စရပ်တွေအပေါ် သူ့ ထင်မြင်ချက်ကို The Wall Street Journal သတင်းစာနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ရုပ်သိမ်းတာတွေအပြင် တကယ်လို့ ရှေ့ဆက် တိုးတက်မှုတွေ ဖြစ်လာရင် အမေရိကန်က မြန်မာကို ပိုပြီး အားပေးကူညီမယ်လို့ အမေရိကန် သံအမတ်က ပြောပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသတွေက ခိုင်လုံတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းတွေ လက်ခံရရှိနေပြီး အမေရိကန်တွေ စိုးရိမ်နေတဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကိစ္စကလည်း မရှင်းလင်းလှသေးဘူးလို့ ဆိုပါတယ်။
မြန်မာခေါင်းဆောင်တွေအနေနဲ့ ပိုပွင့်လင်းလာဖို့ အပြောင်းအလဲ ပိုလုပ်ဖို့ ကတိကဝတ်တွေပေးနေကြပေမဲ့ စစ်တပ်ရဲ့ အနာဂါတ်အခန်းကဏ္ဍ အပါအဝင် မရေရာမှုတွေက ရှေ့ရေးကို မှုန်ဝါးရှုပ်ထွေးစေတယ်လို့ ဒဲရက်မစ်ချယ်က ပြောပါတယ်။ အရင်စစ်အစိုးရနဲ့မတူ အခု လွတ်လပ်ပွင့်လင်းလာတာ၊ နိုင်ငံရေးနဲ့ လူမှုအသင်းအပင်းတွေ လှုပ်ရှားလာတာကို ထောက်ပြပြီး “နိုင်ငံအတွက် အလုပ်လုပ်တဲ့ လူထုတွေရော၊ ရှေ့တိုးဆောင်ရွက်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့ အစိုးရအဖွဲ့ဝင်ပါ ရှိနေတယ်လို့ ကျနော်တို့ ခံစားမိပါတယ်။ ဒါပေမဲ့ ဘယ်လိုရှေ့ဆက်မလဲ ရှင်းရှင်းလင်းလင်း မရှိတာတွေ၊ နောက်က ဆွဲထားတာတွေ၊ ပြေလည် ချောမွေ့မှု မရှိတာတွေကို ဘယ်သူမှ စိတ်ကူးယဉ်နေမယ်လို့ ကျနော် မထင်ဘူး” လို့ သူက ပြောပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ အခုထိ မပြဌာန်းနိုင်သေးတာကလည်း စိုးရိမ်မှုတခု ဖြစ်ပါတယ်။ မြန်မာအစိုးရအရာရှိတွေက ပြီးတော့မယ်လို့ မကြာခဏ ပြောနေပေမဲ့ နိုင်ငံခြားကုမ္ပဏီတွေဝင်လာရင် ပြည်တွင်းကုမ္ပဏီတွေ ယိုင်လဲမှာကို စိုးရိမ်လို့ (အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ) ပြန်ပြင်ဆင်နေရတာမို့ ကြာနေရတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဥပဒေပြုရေးမှာ ပိုပွင့်လင်းဖို့လိုမယ်။ ဒါမှ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် သက်ဆိုင်သူအားလုံး ပိုပြီး ပါဝင်အကြံပြု ဆောင်ရွက်နိုင်မယ်လို့ ဒဲရက်မစ်ချယ်က ပြောပါတယ်။
အချိန်ပိုယူတာ ကောင်းတယ်လို့ဆိုပါတယ်။ “ကျနော်တို့ အရည်အသွေးကို လိုတာပါ။ အရှိန်နှုန်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ရေရှည်ခံပြီး တွက်ချက်သုံးသပ်ရလွယ်မယ့် အခြေအနေမျိုးကို ဖန်တီးပေးမယ့် ဥပဒေဆို “စီးပွားရေးလုပ်ငန်းတွေက နည်းနည်း ပိုစောင့်နိုင်မှာပါ” လို့ ဒဲရက်မစ်ချယ်က ပြောပါတယ်။
အမေရိကန် သံအမတ်ရဲ့ ထင်မြင်ချက်တွေက မြန်မာပြည်ရဲ့ အပြောင်းအလဲတွေပေါ် စိတ်လှုပ်ရှားနေသူတွေကို မြန်မာပြည်ဟာ အပြောင်းအလဲဖြစ်စဉ်ထဲမှာပဲ ရှိနေဆဲဆိုတာ သတိပေးနေသလိုပါ။
မြန်မာကို ဒဏ်ခတ်ပိတ်ဆို့မှု လုံးဝရုပ်သိမ်းရေး အချိန်ဇယား မရှိဘူးလို့ ပြောပေမဲ့ အဲဒီအဆင့်ရောက်လာဖို့ ဘာတွေလိုမယ်ဆိုတဲ့ ဆွေးနွေးဝိုင်းတွေက မပြတ်လုပ်ပါတယ်လို့ ဒဲရက်မစ်ချယ်က ဆိုပါတယ်။ ဒါ့အပြင် ဒဏ်ခတ်ခံရသူများစာရင်းကို ဖြုတ်သူဖြုတ် တိုးသူတိုးပြီး ထပ်ပြင်ဆင်ဖို့ လုပ်နေတယ်လို့လည်း ပြောပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှု လုံးဝရုပ်သိမ်းရေးအတွက် ထောင်တွင်းမှာ “ရာနဲ့ချီ ရှိနေတဲ့” နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေး၊ မြောက်ကိုရီးယားဆီက “တခါတည်းနဲ့ အပြတ်” ဝယ်ထားတဲ့ ညူးကလီးယား နည်းပညာအပါအဝင် လက်နက်တွေ မယူတော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်ရေး၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးတည်ဆောက်မှု ပိုတိုးတက်ဖြစ်ထွန်းရေးတို့က အဓိကကျကြောင်း ဆိုပါတယ်။
တိုင်းရင်းသားအရေးဟာ “မြန်မာပြည်ရဲ့ ရှင်းလင်းတဲ့ စိန်ခေါ်ချက်”လို့ အမေရိကန် သံအမတ်က ဆိုလိုက်ပါတယ်။ အမေရိကန်အရာရှိတွေအနေနဲ့ ပဒေသာပင် နေ့ချင်းညချင်းပေါက်လာလိမ့်မယ်လို့ မမျှော်မှန်းထားကြောင်း၊ ဒါပေမဲ့ တိုက်ပွဲတွေ ရပ်သွားဖို့နဲ့ လူမှုကူညီရေး အထောက်အပံ့ပေးနိုင်ဖို့ အနည်းဆုံး ရချင်ကြောင်း ပြောပါတယ်။
ဒါ့အပြင် မငြိမ်သက်မှု၊ ဆူပူအုံကြွမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ လုံခြုံရေအစီအမံတွေ အဆင်သင့်မဖြစ်သေးတာကို ထောက်ပြပြီး “ဒီအရေးနဲ့ပတ်သက်လို့ နောက်ဆုံးအဖြေက စစ်တပ်ပဲ။ အခြေအနေတခုမှာ မငြိမ်သက်မှု၊ မတည်ငြိမ်မှုတွေ ကြုံပြီဆိုပါစို့။ စစ်တပ်က ဘာလုပ်မလဲ” လို့ ဆိုပါတယ်။ “နောက်ပြန်မလှည့်ဘူး။ ပြုပြင်ပြောင်းလဲရေးကို အာမခံတယ်လို့ ပြောတာတွေ ကြားရတာ အားတက်စရာပါ။ ဒါပေမဲ့ အပြောင်းအလဲက ဘယ်ကို ဦးတည်နေသလဲဆိုတာ မရှင်းလင်းလှသေးဘူး” လို့ ဒဲရက်မစ်ချယ်က ပြောဆိုသွားပါတယ်။