ရိုဟင်ဂျာအရေးဟာ ကမ္ဘာကမြင်နေတာထက် ပိုပြီး မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း လူမှုရေး မညီမျှမှုများကို ဖွင့်လှစ်ဖော်ပြနေတာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလိုက်ပါတယ်။
အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆို စစ်တပ်နဲ့ အစိုးရတွေကိုသာ နိုင်ငံတကာက စွပ်စွဲရှုတ်ချခဲ့ကြတယ်။ အခု ရိုဟင်ဂျာအရေးကတော့ သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား ခွဲခြားနှိမ့်ချမှုတွေကြောင့်ဖြစ်တယ်လို့ ဒဲရက်မစ်ချယ်က The Wall Street Journal ဝေါစတြိဂျာနယ် သတင်းစာကို ပြောကြားခဲ့ပါတယ်။
“ကံအကြောင်းမလှလို့ဘဲ ဆိုပါစို့၊ ဒီကိစ္စကိုကြည့်ရင် (မြန်မာ)နိုင်ငံသားတွေကြား သည်းမခံမှု၊ ခွဲခြားနှိမ့်ချမှုတွေ နက်နက်ရှိုင်းရှိုင်း တွေ့ရတယ်။ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်ခဲ့သူတွေနဲ့ တိုးတက်တဲ့အမြင်ရှိသူတွေလို့ တွေးထင်ထားသူတွေတောင် ဒီသဘောထားရှိကြတယ်” လို့ ဒဲရက်မစ်ချယ်က ပြောပါတယ်။
ရလဒ်အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဟာ “ကျနော်တို့ ထုံးစံ စနစ်၊ အစိုးရ၊ စစ်တပ်တွေအပေါ် စိုးရိမ်ကြောင့်ကြမှုတွေထက် ပိုကျယ်ပြန့်တယ်။ ဒီကိစ္စဟာ လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေပုံရတဲ့ သည်းမခံတတ်မှုတွေကြောင့် ဖြစ်ရတာပါ။ ဆိုတော့ ဒီကနေ အကြီးအကျယ် စိတ်ပျက်စရာတွေ ပေါ်လာရတယ်။ ပြီးတော့ ငါတို့နဲ့ သူတို့ဆိုပြီး ပိုင်းခြားမှု ဒီဂရီ အရှိန်မြင့်လာခဲ့တော့တာပဲ” လို့ အမေရိကန် သံအမတ်က ပြောပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာအရေးဟာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ မပတ်သတ်ကြောင်းလည်း ဆိုပါတယ်။
အမေရိကန် အစိုးရအရာရှိများ အနေနဲ့ နှစ်ရှည်လများ ဒုက္ခခံခဲ့ကြရတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေရဲ့ ခံစားချက်တွေကိုလည်း အလေးဂရုပြုကြောင်း၊ နိုင်ငံတကာကလည်း ရိုဟင်ဂျာတွေကိုပဲ ဇောင်းပေးဖော်ပြနေကြောင်း ဒဲရက်မစ်ချယ်က ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ ရိုဟင်ဂျာတွေ ဒုက္ခရောက်နေတာကို မကူညီ မစာနာရဘူးလို့ အဓိပါ္ပယ်မထွက်ဘူးလို့ ဆိုပါတယ်။
“သူတို့ဟာ နိုင်ငံမဲ့တွေပါ။ ဘယ်ကိုမှ သွားလို့လည်း မရဘူး။ ဒီကိစ္စ နိုင်ငံတကာမှာလည်း ပျောက်သွားမှာ မဟုတ်ဘူး” လို့ အမေရိကန် သံအမတ်က ဆိုပါတယ်။
ဩဂုတ်လ ၁၇ ရက် လွှတ်တော်ကို ပေးပို့တဲ့ သမ္မတဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာနဲ့အတူ ပါတဲ့ သုံးသပ်ချက်မှာလည်း ရခိုင်ဒေသ ပဋိပက္ခဖြစ်ပွားမှုမှာ ရခိုင်နိုင်ငံရေး ပါတီများ၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ခေါင်းဆောင်ပြီး လူမျိုးရေး မုန်းတီးမှု သွေးထိုး လှှုံ့ဆော်မှုများ ပါဝင်နေကြောင်း၊ လူမျိုးရေး မုန်းတီးမှု စိတ်ဓာတ် အလွန်မြှင့်တင်ပြီး အဆင် အခြင်မဲ့စွာ တိုက်ခိုက် ဆောင်ရွက်လျက် ရှိကြောင်း ဆိုထားပါတယ်။
ဒါပေမဲ့ သုံးသပ်ချက်တွေဟာ အထောက်အထား ခိုင်လုံမှု မရှိဘဲ တဖက်သတ် စွပ်စွဲထားတယ်လို့ ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) လွှတ်တော်ကိုယ်စားလှယ်တွေက အပြင်းအထန် ကန့်ကွက်တဲ့အပြင် လူအတော်များများကလည်း ဝေဖန်ကန့်ကွက်ကြတာမို့ အဲဒီသုံးသပ်ချက်ဟာ သမ္မတ သဘောထားမဟုတ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ရပါတယ်။