နာမည်ပျက်စာရင်း(Black List)များ ထပ်မံ ပယ်ဖျက်ပေးသွားမည် ဖြစ်သော်လည်း ယင်းစာရင်း ဆက်လက် ရှိနေဦးမည်ဖြစ်ပြီး စောင့်ကြည့် (Watch List) စာရင်းများ လည်း ရှိနေဦးမည်ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဧရာဝတီကို ပြော သည်။
“Black List မှာ ဆက်လက် တည်ရှိနေသေးတဲ့ စာရင်းတွေကို သက်ဆိုင်ရာဌာနတွေ၊ တာဝန်ရှိသူတွေက ဆက်လက်ပြီး စိစစ်သွားမှာပါ။ ဒီစာရင်းကို အစဉ်အမြဲ Update (နောက်ဆုံးအခြေအနေ)လုပ်နိုင်အောင်လည်း Review Process (ပြန်လည်သုံးသပ်မှု)က ရှိနေမှာပါ။ နောက်ထပ်လည်း စာရင်းက ထပ်မံလျှော့ပေးတာတွေ ရှိမှာပါ။ အချိန်အတိအကျ ဘယ်တော့လဲ ဆိုတာကိုတော့ မသိနိုင်သေးပါဘူး”ဟုလည်း သူ က ဆိုသည်။
မြန်မာနိုင်ငံတွင် နာမည်ပျက်စာရင်းကို တရားဝင်ထုတ်ပြန်လိုက်ခြင်းသည် ယခု ပထမဆုံး အကြိမ်ဖြစ်ပြီး ယခင် အစိုးရ အဆက်ဆက်က နာမည်ပျက်စာရင်း သတ်မှတ်ထားခဲ့သည်များကို လျှို့ဝှက်ထားလေ့ရှိသည်။
သမ္မတရုံးက သြဂုတ်လ ၃၀ ရက်နေ့စွဲဖြင့် နာမည်ပျက်စာရင်းဝင် ၆၁၆၅ ဦးမှ ၂၀၈၂ ဦးကို ပယ်ဖျက်ခဲ့ရာ နိုင်ငံခြားသား ၁၁၄၇ ဦး၊ မြန်မာနိုင်ငံသား ၉၃၅ ဦး အမည်စာရင်းကို ထုတ်ပြန်ခဲ့သည်။ ယခုအခါ နာမည်ပျက်စာရင်းတွင် လူပေါင်း ၄ ထောင်ကျော် ကျန်ရှိနေသေးသည်။
ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသည့် MPU, FTUB, AAPP, NDD, DPNS, BSLO, မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ ညီညွတ်သော တိုင်းရင်းသားလူငယ်များ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ မြန်မာအမျိုးသမီးများ သမဂ္ဂ၊ ကရင်အမျိုးသမီး အစည်းအရုံး အစရှိသည့်အဖွဲ့များ၊ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို နာမည်ပျက်စာရင်းမှ ပယ်ဖျက် ပေးထားသည်။
ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းမှာ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားမှုကြောင့် ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနများက ပဏာမ တင်ပြလာသည့် စာရင်းကို သမ္မတရုံးက စိစစ်ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။
“အရင်က မြန်မာနိုင်ငံကို ဖိအားပေး တိုက်ခိုက်ခဲ့တဲ့ လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာ အခုဆိုရင် အပြုသဘောဖြစ်လာပြီး အကူ အညီတွေ ပေးလာခဲ့ပါပြီ။ ဒါပေမယ့် စာရင်းမှာတော့ သူတို့ဟာ Black List, Watch List စသည်ဖြင့် ရှိနေဆဲပါ”ဟုလည်း သူက ပြောဆိုသည်။
နာမည်ပျက်စာရင်းမှ ပယ်ဖျက်ထားသူများ မြန်မာနိုင်ငံ ပြန်လာနိုင်ရန် အစီစဉ်များ ပြုလုပ်ထားသည်ဟုလည်း အစိုးရ ထုတ်ပြန် ချက်တွင် ပါရှိသည်။
သို့သော် တခြား နိုင်ငံတခုတွင် ခိုလှုံသွားသည့် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် နာမည်ပျက်စာရင်း သွင်းထားသူများကို လတ် တလောတွင် စာရင်းမှ ပယ်ဖျက်ပေးရန် အစီအစဉ် မရှိသေးကြောင်းလည်း ဦးဇော်ဌေးက RFA ရေဒီယို ကို ပြောဆိုသည်။
“နိုင်ငံတော် လျှို့ဝှက်ချက်၊ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံရေးခိုလှုံသွားတာတွေ တချို့ဆိုးဆိုးရွားရွားကြီးတွေပေါ့နော်။ အဲလိုဟာတွေ ဆိုရင်တော့ လွှတ်ထားရမှာပေါ့နော်”ဟု ဦးဇော်ဌေးက ပြောသည်။
ထိုပြောဆိုချက်သည် တခြားနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်တောင်းသွားသော သံအမတ် ဟောင်းများ၊ စစ်တပ် အရာရှိဟောင်းများစသည့် ပုဂ္ဂိုလ်များကို သတ်မှတ်နိုင်သည်ဟု မန္တလေးမြို့က ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“နိုင်ငံရေးခိုလှုံသူတွေကို နံမည်ပျက်စာရင်းသတ်မှတ်ဖို့တော့ ဥပဒေမှာ မရှိပါဘူး။ ဥပဒေကြောင်းအရ နိုင်ငံတော်ပုန်ကန်မှု ကတော့ ပုဒ်မ ၁၂၄ ပါ။ ကျနော်ထင်ပါတယ်။ ဥပမာ ဗိုလ်မှူး စိုင်းသိန်းဝင်းတို့လို၊ ဦးအောင်လင်းထွဋ်တို့လို သူတို့ လူရင်းထဲ ကနေ သစ္စာဖောက်ပြီး ခိုလှုံသွားသူတွေကိုတော့ သူတို့က နာမည်ပျက်စာရင်း ဆက်ပြီးသတ်မှတ်ထားနိုင်တယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။
နိုင်ငံရေးခိုလှုံသူတိုင်း နိုင်ငံတော်ပုန်ကန်မှု မဟုတ်ကြောင်း၊ နိုင်ငံရေးခိုလှုံသူ အမျိုးအစားများစွာရှိကြောင်း အဓိက နိုင်ငံရေး အရ လည်းကောင်း၊ စီးပွားရေးအရလည်းကောင်းရှိပြီး နိုင်ငံတော် လျှို့ဝှက်ချက်စသည်တို့ကို သယ်ဆောင် ခိုလှုံသူများကိုသာ ဆက် လက်ကန့်သတ်ထားနိုင်ကြောင်း၊ ရာဇဝတ်မှုကျူးလွန်ထားသည်ဟု ထင်ရှားသူကို မည်သည့်နိုင်ငံကမျှ ခိုလှုံခွင့် မပေးကြောင်းလည်း သူက ပြောဆိုသည်။
နိုင်ငံတော် သစ္စာဖောက်မှုဖြင့် နာမည်ပျက်စာရင်း သွင်းထားသူများနှင့်ပတ်သက်ပြီး ဦးဇော်ဌေး ကို ဧရာဝတီက မေးမြန်းခဲ့ သော် လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။
နာမည်ပျက်စာရင်း ထုတ်ပြန်သည့် ကာလအတွင်း၌ပင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌ ဟောင်းများ ဖြစ်သည့် ဒေါက်တာ နိုင်အောင်၊ ကိုမိုးသီးဇွန် အစရှိသည့် ထင်ရှားသူများ မြန်မာနိုင်ငံသို့ ပြန် လာ နေကြသည်။
ကိုမိုးသီးဇွန်နှင့် ၇ ဦးသည် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ဒေါက်တာနိုင်အောင်၊ ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့် တို့သည် ယမန်နေ့က ရောက်ရှိခြင်း ဖြစ်သည်။
ပယ်ဖျက်ပေးသည့် အမည်ပျက် စာရင်းထဲတွင် ပြည်တွင်း၌ နေထိုင်သူများလည်း အများအပြားပါဝင်ပြီး နုတ်ထွက်ထားသော အစိုးရ ဝန်ထမ်းများ၊ လျော်ကြေးပေး၍ ဝန်ထမ်း အဖြစ်မှ နုတ်ထွက်သည့် ကျောင်းဆရာမများ၊ ဆရာဝန်များ စသည်တို့လည်း ပါဝင် နေကြောင်း သိရသည်။
၎င်းတို့အား နာမည်ပျက်စာရင်းသွင်းထားသည်ကို လုံး၀ မသိကြောင်း၊ တချို့မှာ နိုင်ငံကူးလက်မှတ် လျှောက်ထား ချိန်မှ အကြောင်းပြချက်မသိရဘဲ နာမည်ပျက်စာရင်းဝင်နေသည်ဟု သိရကြောင်း အဆိုပါ စာရင်းတွင် ပါဝင်သူတချို့က ပြောဆိုသည်။
ပြည်တွင်းနေ နံမည်ပျက်စာရင်းပါဝင်သူများအား နိုင်ငံကူးလက်မှတ် ထုတ်မပေးကြောင်း၊ ထင်ရှားသည့်သာဓကမှ နိုင်ငံရေး အကျဉ်းသားဟောင်းများဖြစ်ကြောင်း ယခုအချိန်ထိ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိသူများ နိုင်ငံ ကူး လက်မှတ် လျှောက်ထားခဲ့သော်လည်း မရသေးကြောင်း သိရသည်။
ထို့အပြင် Black List မှ ပယ်ဖျက် စာရင်းဖော်ပြချက်များတွင် အမည်များ ထပ်နေခြင်း၊ ကွယ်လွန်ပြီးသူများ ပါဝင်ခြင်းများလည်း ရှိနေသည်။
ဦးဇော်ဌေးက အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ကြားသိရကြောင်း သို့သော် သမ္မတ၏ မူဝါဒအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
“သမ္မတကြီးရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကတော့ ဒီမိုကရေစီ နိုင်ငံရေးစနစ်သစ် ခေတ်သစ် နိုင်ငံတည်ဆောက်ရေးမှာ မြန်မာနိုင်ငံသားတွေ အားလုံး ပါဝင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ မူဝါဒအတိုင်း လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်”ဟုလည်း သူ ပြောဆိုသည်။