ပြန်ကြားရေး ဝန်ကြီးဌာနက ဦးစီးရေးဆွဲထားသည့် မီဒီယာဥပဒေ ကြမ်းအား စာနယ်ဇင်း အသိုင်းအဝိုင်း၏ ဆန္ဒ သဘောထား ကို ခံယူ၍ လွှတ်တော်၌ ဆွေးနွေးအတည်ပြုရန် ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည် က သဘောတူညီကြောင်း သိရ သည်။
မီဒီယာ ဥပဒေအား သတင်းသမားများထံ ချပြ၍ အားလုံးက ကျေနပ်စွာ လက်ခံသဘောတူချက်ဖြင့်သာ လွှတ်တော်က ဥပဒေ အဖြစ် ပြဌာန်းသင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဥက္ကဋ္ဌ မောင်ဝံသ က ဦးအောင်ကြည်နှင့် ယမန်နေ့ကတွေ့ ဆုံစဉ် တင်ပြဆွေးနွေးရာ လက်ခံသဘောတူကြောင်း ဆရာ မောင်ဝံသ က ဧရာဝတီ ကို ပြောသည်။
“မီဒီယာဥပဒေ ချပြဖို့ နည်းလမ်းရှာ ဦးမယ်လို့ ပြောတယ်၊ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာ စံနှှုန်းနဲ့ ညီတဲ့ လွတ်လပ်ခွင့်မျိုးအထိ မြှင့်တင်ပေးသွားမယ်လို့လည်း ပြောတယ်”ဟု ၎င်းက ဆိုသည်။
ထို မီဒီယာ ဥပဒေ၌ အခန်း ၁၀ ခန်းပါဝင်ပြီး စာရေးသူများ၊ စာနယ်ဇင်းသမားများ၏ ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ စာပေလွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည် ဖော်ရေးအတွက် စာနယ်ဇင်း ကော်မတီဖွဲ့စည်းရေး၊ ပြည်တွင်း ပြည်ပ ထုတ်ဝေဖြန့်ချိခြင်းများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။
ယခု မီဒီယာ ဥပဒေအား အိမ်နီးချင်းနိုင်ငံများ၏ မီဒီယာ ဥပဒေများကို လေ့လာ၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်းလည်း ဇန်နဝါရီ လ အတွင်း ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် မီဒီယာ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စာပေစိစစ်နှင့်မှတ်ပုံတင် ဌာန ၏ ဒု ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ က ပြောဆိုထားသည်။
ထိုဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ မီဒီယာအဖွဲ့အစည်း တချို့နှင့်ပြည်ပအခြေစိုက် မြန်မာမီဒီယာများ၊ ပြည်တွင်း မီဒီယာများ တက်ရောက် ဆွေးနွေးခဲ့ကြသေးသည်။
မီဒီယာ ဥပဒေနှင့်ပတ်သက်၍ ထည့်သွင်းသင့်သော အချက် ၃၀ ကျော်ကို မြန်မာဂျာနယ်လစ်များ ကွန်ရက်အဖွဲ့ ကလည်း လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌ များနှင့် သြဂုတ်လ ၂၉ ရက်နေ့က တွေ့ဆုံ တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
အချက် ၃၀ ကျော်တွင် သတင်းလွတ်လပ်ခွင့် အဟန့်အတား ဖြစ်စေသော ဥပဒေများ ပယ်ဖျက်ပေးရန်၊ နိုင်ငံတော် လှှို့ဝှက် ချက်မှအပ အစိုးရဌာနများ၊ အဖွဲ့အစည်းများမှ ပြည်သူများ သိသင့်သော သတင်းများကို လွတ်လပ်စွာ ရယူရေးသားခွင့် ပြုရန်၊
သတင်းရေးသား ဖော်ပြမှုများကို မည်သည့်ဆင်ဆာ ဖြတ်တောက်မှု မှ မလုပ်ဆောင်ရန် စသည်တို့ ပါဝင်ကြောင်း ကွန်ရက် အဖွဲ့ဝင် ကိုကျော်ဇေယျာထွန်း က ပြောသည်။
သတင်းသမားတဦး၏ ရေးသားဖော်ပြခွင့်ကို တားမြစ်ထားသည့် ကန့်သတ်ချက် ဥပဒေကို စကားလုံး အတိအ ကျဖြင့် ဖော်ပြ ပေးရန်၊ သတင်းရေးသားမှု အတွက် သတင်းစာဆရာအား ဖမ်းဆီးချုပ်နှောင်နိုင်သော ဥပဒေများ မပြဌာန်းရန်နှင့်အသရေ ဖျက် မှု ဖြင့်တရားစွဲခံရမှု နှင့်ပတ်သက်၍လည်း တိကျသည့် စည်ကမ်းသတ်မှတ်ချက် ထားပေးရန် စသည့်တို့ကိုလည်း မြန်မာ ဂျာ နယ်လစ် ကွန်ရက်က တောင်းဆိုထားသည်။
ထိုအချက်အလက်များကို ထည့်သွင်းရေးဆွဲနိုင်ရန် လွှတ်တော်က ကြိုးပမ်းသွားမည်ဟု လွှတ်တော်ရေးရာ ကော်ကမတီ ဥက္ကဋ္ဌ များက ပြောဆိုကြောင်း ကိုကျော်ဇေယျာထွန်းက ဧရာဝတီ ကို ပြောသည်။
မီဒီယာ ဥပဒေအား ချပြပေးရန် ဦးအောင်ကြည်က သဘောတူညီသည်ကို ကြိုဆိုကြောင်း၊ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက် ၍ တောင်းဆိုချက် ၇ ချက်ကို သတင်းလွတ်လပ်ခွင့်ကော်မတီက တင်ပြတောင်းဆိုထားကြောင်း ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်သက်ထွေး ကလည်း ပြောသည်။
၎င်းက“မီဒီယာ ဥပဒေပါ အချက်တွေကို ချပြပေးဖို့ တောင်းဆိုခဲ့ပေမယ့့် ဝန်ကြီးဦးကျော်ဆန်း လက်ထက်မှာ မရခဲ့ပါဘူး၊ လွှတော်က တဆင့် တောင်းပြန်တော့လည်း ရှေ့နေချုပ် ရုံးက ပယ်ချခဲ့တယ်၊ အခု ချပြတော့မယ် ဆိုတော့ ကောင်းတဲ့ အလား အလာ ပါ”ဟု ဆိုသည်။
သတင်း လွတ်လပ်ခွင့်ကော်မတီ၏ တောင်းဆိုချက်များမှာ ၁၉၆၂ ခုနှစ် မီဒီယာ ဥပဒေဖျက်သိမ်းပေးရေး၊ အီလက်ထရွန်နစ် ဥပဒေ ဖျက်သိမ်းရေး၊ ကျင့်ဝတ်နှင့်အညီ သတင်းရယူသည့် သတင်းထောက်များအား တရားစွဲဆိုမှု ဖြစ်ပွားပါက ရာဇဝတ်မှု ဖြင့်မစွဲဆိုရန် တရားမကြောင်း အနေဖြင့်သာ စွဲဆိုရန်တို့ ပါရှိသည်။
လွှတ်တော်၌ တင်ပြဆွေးနွေးမည့် မီဒီယာဥပဒေသည် သတင်းသမားများအတွက် မည်သည့်အတိုင်းအတာအထိ လွတ်လပ်ခွင့် ရမည်၊ သတင်းမီဒီယာများ၊ သတင်းသမားများ၏ လွတ်လပ်မှုအတွက် ပေးမည့် အာမခံချက် စသည်တို့နှင့်ပတ်သက်၍ လည်း
လေ့လာ စောင့်ကြည်ရဦးမည်ဟု ဦးဇော်သက်ထွေး က ပြောသည်။
ဆရာ မောင်ဝံသ က သတင်းစာဆရာများ ဘက်ကလည်း မိမိတို့၏ ကျင့်ဝတ် စောင့်ထိန်းလိုက် နာရမည့် ကိစ္စများကို ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်၍ ဆောင်ရွက်မည်ဟု ဆိုသည်။
ဝန်ကြီးသစ် ဦးအောင်ကြည်သည် မီဒီယာကဏ္ဍတိုးတက်မှု၊ လွတ်လပ်မှုများအပေါ် ပြောင်းလဲရန် မျှော်လင့်ချက်ထားသည်ဟု ယူဆရကြောင်း၊ သတင်း မီဒီယာသမားများ အပေါ် နားလည်မှုရှိသည်ဟု ထင်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ၏ ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံ အမြူတေ စာနယ်ဇင်းကောင်စီနှင့်ပတ်သက်၍ လက်မခံနိုင်စရာ အချက်အလက်များ ပြောင်းလဲရန်ကိုလည်း ဦးအောင်ကြည် က သဘောတူကြောင်း ဖော်ပြထားသည်။
ဦးအောင်ကြည်သည် ဝန်ကြီးဟောင်း ဦးကျော် ဆန်းနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှု လိုလားသူတဦးဟု ယူဆနိုင်သော်လည်း စည်းကမ်းဘောင် အတွင်းကသာ ဆောင်ရွက်လေ့ ရှိသူဖြစ်ကြောင်း၊ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး ကိစ္စကို ထိရောက် မြန် ဆန်စွာ လုပ်ဆောင်လိုသူဟု မယူဆကြောင်း လူငယ် သတင်းထောက် တချို့က ဧရာဝတီ ကိုပြောသည်။
ဦးအောင်ကြည် ကမူ သတင်းလွတ်လပ်ခွင့် မြှင့်တင်ပေးသွားမည်ဟု ပြောဆိုသကဲ့သို့ နေ့စဉ်ထုတ် သတင်းစာများလည်း ၂၀၁၃ ခုနှစ်တွင် ထွက်ပေါ်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ပြောဆို သွားကြောင်း သိရသည်။