မြန်မာ့ တပ်မတော်အတွင်း မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်တိုင်းမှူး အပါအဝင် တပ်မမှူးများ အပြောင်းအရွှေ့ကို ပြီးခဲ့သည့် သောကြာနေ့က စတင်ပြုလုပ်သည်။
မန္တလေး အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရဲအောင် အား စစ်ဥပဒေချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇေယျာအောင် ကို မီးရထားဝန်ကြီးအဖြစ် လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခံရပြီး အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောကို ပဲခူးတိုင်း တောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေခြင်း ဖြစ်သည်။
၎င်းတို့၏ နေရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညိုစောအား အလယ်ပိုင်းတိုင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်ကို မြောက်ပိုင်းတိုင်း၊ တပ်မတော် နည်းပညာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင် စိုးကို အရှေ့မြောက်တိုင်းသို့ လည်းကောင်း တိုင်းမှူးများအဖြစ် ပြောင်းရွှေ့ တာဝန်ပေးလိုက်သည်။
ယခု စစ်တိုင်းမှူးများ အပြောင်းအရွှေ့ ပြုလုပ်ချိန်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ကချင်ပြည် လွတ်လပ်ရေး တပ် မတော်(KIA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲပြင်းထန်ချိန်နှင့် တိုက်ဆိုင်နေသည်။
စစ်ဘက်အသိုင်းအဝိုင်း အဆိုအရ မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ ပြောင်းရွှေ့ခံရခြင်းသည် KIA တပ်များနှင့် တိုက်ခိုက်ရာတွင် အကျအဆုံးများခြင်း၊ စခန်းသိမ်းတိုက်ပွဲ ရရှိမှု နည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရသည်။
“တချို့က ငြိမ်းချမ်းရေး အတွက်လို့ ထင်တယ်၊ မဟုတ်ပါဘူး၊ တိုက်ပွဲမှာ အကျအဆုံးများရင် ရည်မှန်းချက်ကို မသိမ်းနိုင်ဘူးဆိုရင် ဒီလိုပဲ အပြောင်းအရွှေ့ လုပ်ကြတာပါပဲ”ဟု စစ်ဘက် အသိုင်းအဝိုင်း နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။
မြန်မာ့တပ်မတော်သည် တိုက်ပွဲများ၌ သေကျေ၊ ဒဏ်ရာရ စာရင်းနှင့်ပတ်သက်ပြီး တရားဝင်ပြောဆိုလေ့မရှိသော်လည်း မကြာ သေး ခင်က ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် ဖားကန့် ဒေသတိုက်ပွဲ၌ စစ်တပ်မှ အရာအရှိ အရာခံများ အပါအဝင် ၇၀ ခန့် ကျဆုံး သည် ဟု KIA အဖွဲ့ က ဆိုသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော ကလည်း“သြဂုတ်လထဲမှာ လားရှိုးနဲ့ ကျောက်မဲမှာ KIA ရယ်၊ နောက် ရှမ်းတပ်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတွေမှာ သေကျေ ဒဏ်ရာရတာ များတယ်၊ ဒါကြောင့် ရမခ (အရှေ့မြောက်ပိုင်း)တိုင်းမှူးကို ပြောင်းတာ ဖြစ်မယ်”ဟု ဆိုသည်။
ဗိုလ်ချုပ် ဇေယျာအောင်၊ ဗိုလ်ချုပ် အောင်ကျော်ဇောနှင့် ဗိုလ်ချုပ် ရဲအောင် တို့မှာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လအတွင်းက စစ်တိုင်းမှူးများ အဖြစ် တာဝန်ပေး ခံရသူများ ဖြစ်သည်။
မြောက်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးများ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး KIA အဖွဲ့ ပြောခွင့်ရ ဦးလနန် ကမူ ငြိမ်းချမ်းရေး အတွက် ထူးခြားမှုရှိမည် မထင်ဟု ဆိုသည်။
ယခုပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအရွှေ့များတွင် လစ်လပ်နေသည့် တပ်မမှူးများ နေရာအတွက် ဗိုလ်မှူးကြီးတင် မောင်ဆွေ အား တပ်မ ၇၇ တပ်မ မှူး၊ ဗိုလ်မှူးကြီး အောင်ဇော်အေးမှာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁၄ တပ်မမှူး အဖြစ် ခန့်အပ် ခဲ့ပြီး လွှတ်တော် နှစ်ရပ်တွင် တက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည့် ဗိုလ်မှူးကြီး လှမြင့်စိုးနှင့် ဗိုလ်မှူးကြီး သန်းထွတ်သိန်း တို့လည်း တပ်မမှူးများအဖြစ် ရာထူးတိုးမြှင့် ခံရကြောင်း သိရသည်။
ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပူးပေါင်းရေးသားသည်။