အိမ်ခြံမြေ ဈေးကစားမှုနှင့် ပတ်သက်ပြီး အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးစဉ် သေဆုံးသွားသော ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်၏ အမှုအတွက် တာဝန်ရှိသူများကို ရားထူးချ၊ နယ်ပြောင်း ပြစ်ဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံသား Mr.Namase Motohiko နှင့် လက်ထပ်ထားသူ မနန်းဝိုးဖန်သည် သိန်းထောင်ချီ မြေကွက်များ ဝယ်ယူထားခဲ့ကြောင်း တိုင်ကြားချက်ရရှိခဲ့သဖြင့် စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံတွင် ၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက် ၅ နာရီတွင် မနန်းဝိုးဖန်သည် ရုံးအဆောက် အအုံပေါ်မှ ပြုတ်ကျသေဆုံး သွားကြောင်း၊ ယင်းသို့ ပြုတ်ကျသေဆုံးမှု အတွက် စသုံးလုံးတွင် လုံး၀ တာဝန် မရှိကြောင်း၊ သို့သော် မနန်းဝိုးဖန် ပြုတ်ကျသေဆုံးမှုတွင် တာဝန်ပေါ့လျော့မှု အတွက် ဝန်ထမ်း ၅ ဦးကို ဌာနဆိုင်ရာ စီမံခန့်ခွဲမှု နည်းလမ်းများအရ ရာထူးချ၊ နယ်ပြောင်းပြစ်ဒဏ်များ ချမှတ်မည် ဖြစ်ကြောင်း နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
“မနန်းဝိုးဖန် သေဆုံးမှုမှာ စသုံးလုံးရဲ့ ပယောဂ မပါဘူး။ သူ့ဟာသူ ပြုတ်ကျသေဆုံးတာပါ။ ဒါပေမယ့်လည်း တာဝန်ပေါ့လျော့မှုအတွက် ရန်ကုန်တိုင်း စသုံးလုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇော်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးလွင်တို့ကို သတိပေး ဆုံးမထားပါတယ်။ နောက်ပြီး မနန်းဝိုးဖန် သေဆုံးမှုအတွက် အထိုက်အလျောက် တာဝန်ရှိကြတဲ့ အမှုစစ်အဖွဲ့က ဦးစီးအရာရှိ ဦးသန်းအေး၊ စုံစမ်းရေးမှူး ဦးစန်းဝင်းမြင့်၊ ဒုတိယ စုံစမ်းရေးမှူး ဦးကျော်ကျော်မောင်၊ စုံစမ်းရေးမှူး ဒေါ်ခင်မော်ဦး၊ ဒုတိယ စုံစမ်းရေးမှူး ဒေါ်ဝင်းဝင်းနိုင်တို့ကို ဌာနဆိုင်ရာစီမံခန့်ခွဲမှု နည်းလမ်းတွေအရ အရေးယူဖို့ရှိပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြသည်။
မနန်းဝိုးဖန် အမှုတွင် ခင်ပွန်းဖြစ်သူ Mr.Namase Motohiko သည် သိန်းထောင်သောင်းချီမြေကွက်များ ဝယ်ယူ ဈေးကစားမှု နိုင်ငံတော် အရေးပေါ်စီမံချက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁)/၄ (၂) အရ လှိုင်သာယာမြို့နယ် တရားရုံးတွင် အရေးယူတရားစွဲဆို ခံနေရပြီး ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၇ နှစ်ထက်မနည်း ချမှတ်ခံရမည်ဖြစ်ကြောင်း သိရှိရသည်။
မနန်းဝိုးဖန်အမှု ဖြစ်ပွားခဲ့ချိန်က စသုံးလုံးက သတင်းပေါက်ကြားခြင်း မရှိစေရန် အထူးလျှို့ဝှက် ဆောင်ရွက်ခဲ့သော်လည်း မီဒီယာများက သတင်းဖော်ပြသည့်အခါမှ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူမှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။
မနန်းဝိုးဖန်၏ ရှေ့နေဖြစ်သူ ဒေါ်အိအိအောင်က မနန်းဝိုးဖန်သည် အိပ်စက်အနားယူခွင့် မရရှိဘဲ စစ်ဆေးမှုများ ခံခဲ့ရကြောင်း၊ တနေ့လျှင် ၂ နာရီမျှသာ အပြင်ထွက်ခွင့်ပြုခြင်းသည် နိုင်ငံသားတဦးကို တရားရုံး၏ အမိန့်မပါဘဲ ၂၄ နာရီ ကျော်လွန်ထိန်းသိမ်းခြင်းမပြုရ ဆိုသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို အာဏာပိုင်များက လက်တလုံးခြား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့ ရန်ကုန်မြို့ ဆာကူရာတာဝါတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
အဆိုပါ ပြောဆိုမှုကို ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ငြင်းဆိုပြီး မနန်းဝိုးဖန်ကို ဖမ်းဆီးနှိပ်စက် စစ်ဆေးခြင်း မရှိခဲ့ကြောင်း ပြောသည်။
“ဖမ်းတာ မဟုတ်ဘူး။ ခေါ်ယူပြီး စစ်ဆေးခဲ့တာပါ။ သူတို့ကို ရုံးမှာ လုံခြုံရေးစောင့်ကြပ် ချထားတာကလွဲလို့ ဘာမှ တားဆီးကန့်သတ် ထိန်းချုပ်တာမျိုး မရှိပါဘူး။ သွားချင်တဲ့နေရာကို လုံခြုံရေးအစောင့်နဲ့ ပေးသွားတယ်။ တရားခံလို ဖမ်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။ မြေကွက်စာချုပ်တွေ သိမ်းဆည်းထားတယ် ဆိုတာကလည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၀၂ နဲ့ ၁၀၃ တို့အရ ရှာဖွေပုံစံနဲ့ စနစ်တကျ သိမ်းထားတာပါ။ နန်းဝိုးဖန် သေသွားတယ် ဆိုတာကလည်း တကယ့်ကို မတော်တဆပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
မနန်းဝိုးဖန် သေဆုံးမှုကို ကျောက်တံတားမြို့နယ် တရားရုံးတွင် သေမှုသေခင်းအမှတ် ၂၃/၂၀၁၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး စသုံးလုံးရုံး အပေါ်ထပ် ပြတင်းပေါက်မှ ပယောဂ မပါဘဲ အရှိန်လွန်ပြုတ်ကျ ဒဏ်ရာဖြင့် သေဆုံးရခြင်း ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် တရားဝင် အမှုပိတ်သိမ်းခဲ့ကြောင်း သိရသည်။