မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တင်္နလာနေ့က ဝါရှင်တန်ဒီစီကို ဆိုက်ရောက်လာပြီး ၁၇ ရက်ကြာမယ့် အမေရိကန်ခရီးစဉ်ကို စတင်လိုက်ပါပြီ။
အင်္ဂါနေ့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှလူ့အဖွဲ့အစည်း ၊ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုတို့ ပူးပေါင်းပြီး ဂုဏ်ပြုမယ့်ပွဲမှာ အဖွင့်စကားပြောဖို့ရှိတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့မှာပါ။
ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် ကွန်ဂရက်က အရပ်သားတွေကို ပေးတဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ဆုကို ကက်ပီတိုလ်ဟေးလ် အဆောက်အအုံမှာ လက်ခံဖို့ ရှိပါတယ်။
ဝါရှင်တန်မှာ ၄ ရက် ကြာနေဖို့ရှိနေစဉ် အိမ်ဖြူတော်ကို သွားပြီး သမ္မတ အိုဘားမားနဲ့ တွေ့မယ်လို့လည်း နီးစပ်သူတွေက ပြောကြပါတယ်။ သမ္မတကတော် မီရှဲအိုဘားမားက ညစာစားပွဲ ဖိတ်ကြားတယ်ဆိုပြီး သတင်းတွေဖြစ်နေပေမဲ့ အိမ်ဖြူတော်က တရားဝင် မပြောသေးပါဘူး။
ပြီးရင် ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးယောက်၊ မြန်မာ့အရေးဦးဆောင်သူ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲရဲ့ မြို့ ကန်တက်ကီ၊ မြန်မာတွေ နေထိုင်တဲ့ အင်ဒီယားနား၊ ဆန်ဖရန်စစ်စကို၊ လော့စ်အိန်ဂျလိစ်တို့ကို အောက်တိုဘာလဆန်းထိ ခရီးဆက်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းတယောက်လို အမေရိကန်တွေ ကြိုနေစဉ်မှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေ စုံညီတက်ရောက်လာမယ့် နယူးယောက် ကုလသမဂ္ဂအထွေထွေညီလာခံ လာတက်ဖို့ရှိတဲ့ သမ္မတ ဦးသိန်းစိန်ကို အရိပ်သိပ်မထိုးဖို့လည်း အမေရိကန်တွေ ကြိုးစား အစီအစဉ်ဆွဲပုံရပါတယ်။ ဒါ့အပြင် အိုဘားမားအစိုးရအနေနဲ့ မြန်မာ့ပို့ကုန်တွေ ပိတ်ပင်ထားတာ ပြန်ဖွင့်ပေးဖို့ ကြိုးပမ်းနေပြီး မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး အရှိန်မြင့်လာဖို့ သံတမာန်ရေးဖိအားတွေ ပေးနေခဲ့ပါတယ်။
မြန်မာအာဏာပိုင်တွေဘက်ကလည်း ဦးသိန်းစိန် အမေရိကန်မလာခင် မျက်နှာကောင်း ရရအောင် နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်တဲ့ ထောင်ကျအကျဉ်းသား ၅၀၀ ကျော်ကို ယမန်နေ့က လွှတ်ပေးခဲ့ပြီး အစောပိုင်းမှာလည်း လူကြိုက်နည်းတဲ့ စာပေစိစစ်ရေးကို ဖျက်သိမ်းပေးခဲ့ပါတယ်။
မြန်မာ့ပို့ကုန်ပိတ်ပင်မှု ပြန်ဖွင့်ပေးရေးကို သမ္မတအိုဘားမားအနေနဲ့ လုပ်ပိုင်ခွင့်အရ လုပ်မယ်ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှု လိုမယ်လို့ မစ်ချ်မက်ကောနဲလ်လို အမေရိကန် ထိပ်တန်းနိုင်ငံရေးသမားတွေက တိုက်တွန်းနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီကိစ္စအပေါ် ဘယ်လိုရပ်တည်မလဲဆိုတဲ့ ဖိအားတွေရှိနေပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ခွဲခြားကန့်သတ်ခံထားနေရတဲ့ ရိုဟင်ဂျာ မွတ်စလင်များ အရေး မေးမြန်းမယ့်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးသိန်းစိန်ကိုပါ စောင့်ကြိုနေပါတယ်။
စိန်ခေါ်မှုတွေက အမေရိကန်ခရီးစဉ် မစခင်ကတည်းက ဖြစ်ခဲ့ပါပြီ။ ကြာသပတေးနေ့မှာ ဝါရှင်တန်အခြေစိုက် National Endowment for Democracy –NED က ယခုနှစ် အတွက် ပေးမယ့်ဒီမိုကရေစီ ဆုလက်ခံရန် အစီအစဉ်ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဖျက်သိမ်းခဲ့ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး တို့ ၃ ဦးကိုပဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးပြီး ကျန်နိုင်ငံရေးအကျဉ်းသားဟောင်းများကို ခွဲခြားဆက်ဆံတာကို ကန့်ကွက်တဲ့အနေနဲ့လို့ ဆိုပါတယ်။