ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ပြုလုပ်မည့် ရခိုင်ပြည်လုံးကျွတ် လူထုစည်းဝေးပွဲ ကန့်သတ်မှုကို အာဏာပိုင်များက ပယ်ဖျက် ပေးလိုက်သည့် အတွက် စာတမ်းပေါင်း ၃၀ ဝန်းကျင် ဖတ်ကြား၍ ကျင်းပသွားမည်ဟု သိရသည်။
စက်တင်ဘာ၂၅ နှင့် ၂၆ ရက်နေ့တွင် ကျင်းပမည့် လူထုစည်းဝေးပွဲကို လူဦးရေကန့်သတ်ခြင်း၊ စာတမ်း ဖတ်ကြားမည့် ပုဂ္ဂိုလ် စာရင်း လျှော့ချခြင်း၊ ရက် ကန့်သတ်ခြင်း တို့ကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြုလုပ်ခဲ့ကြောင်း၊ သို့သော် ယနေ့တွင် ပြေ လည်မှု ရရှိသွားပြီဖြစ်ကြောင်း စည်းဝေးပွဲ ဖြစ်မြောက်ရေး ကော်မတီ ၏ ပြန်ကြားရေး တာဝန်ခံ ဦးကိုကိုမောင် က ဧရာဝတီကို ပြောသည်။
“လူဦးရေ ၆၀၀ ကျော်အစား ၂၀၀ ပဲခွင့်ပြုပေးတာ၊ ၂ ရက်အစား တရက်ပဲလုပ်ဖို့၊ စာတမ်းဖတ်မယ့် ပုဂ္ဂိုလ် ၂၈ ဦးအစား ၁၀ ဦး ပဲ ခွင့်ပြုတယ်ဆိုပြီး ကန့်သတ်ခဲ့ပါတယ်၊ ဒါပေမယ့် အရင်တင်ပြထားတဲ့အတိုင်း လုပ်နိုင်ပါတယ်ဆိုပြီး မြို့နယ် အာဏာပိုင်အဖွဲ့က ဒီမနက်မှာပဲ အကြောင်းကြားတယ်”ဟု ၎င်း က ဆိုသည်။
ထိုလူထု စည်းဝေးပွဲသို့ တက်ရောက်မည့် သူများကို ဖိတ်ကြားပြီး ဖြစ်ကြောင်းနှင့် နိုင်ငံရေး ဆွေးနွေးပွဲ မဟုတ်ဘဲ ဒေသတွင်း ရေရှည် တည်ငြိမ်အေးချမ်းရေး အတွက် အမျိုးသားရေး ဆွေးနွေးပွဲသာဖြစ်၍ ခွင့်ပြုပေးသင့်ကြောင်း အာဏာပိုင်များထံ တင်ပြသည့် အတွက် ပြန်လည်ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲ၌ ရခိုင်ဒေသ တည်ငြိမ်ရေးနှင့်ပတ်သက်၍ ရခိုင် စာပေပညာရှင်များ၊ သမိုင်း ပညာရှင်များ၊ သံဃာတော်များ၊ စာရေး ဆရာများ က စာတမ်းအသီးသီး ဖတ်ကြားကြမည် ဖြစ်ကြောင်း၊ စည်းဝေးပွဲမှ ဆွေးနွေးမှု ရလဒ်များကို ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်၍ ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်ထံ ရခိုင်ပြည်သူများ ကိုယ်စားပြု၍ တင်ပြသွားမည်ဟု ပြန်ကြားရေး အဖွဲ့ က ဆိုသည်။
ထိုလူထုစည်းဝေးပွဲသို့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုတို့မှ တမြို့နယ်လျှင် ကိုယ်စား လှယ် ၅ ဦးစီ ဖိတ်ကြားထားကြောင်း၊ သို့သော် စိတ်ဝင်စားသည့် မည်သူမဆို တက်ရောက်လေ့လာနိုင်ရန်လည်း စီစဉ်ထားကြောင်း၊ ပြည်တွင်းမီဒီယာ တချို့လည်း တက်ရောက်ကြမည် ဖြစ်ကြောင်း ဦးကိုကိုမောင် က ပြောသည်။
စာတမ်းဖတ်ကြားမည့် စာရေးဆရာများမှာ ဒေါ်စောခင်တင့်၊ ဦးမောင်ခိုင်သိန်း(သစ်တော)၊ ရမ္မာဝတီ အရှင်ပညာစာရ၊ ဦးမောင် ဘသိန်း၊ နောင်အေး၊ ဦးဝတီရွှေ၊ အရှင်ဇေယန္တဗောဓိ၊ ဒွါရာဝတီ အရှင်ကောသလ္လ(သံတွဲ)၊ ဦးအေးသိန်း၊ ဦးဘသိန်း (ကျောက်တော်)၊ ဗျာလခိုင်၊ မင်းသိန်းမောင်၊ စောလှ(ရသေ့တောင်)၊ သူမြတ် မဟာအောင်မြေ၊ လေးဝတီ ခိုင်ကျော်၊ ငွေသဇင် (သံတွဲ)၊ နတ်မြစ်(လှှိုင်းပြာ) စသည်တို့ ဖြစ်ကြောင်း သိရသည်။
ယင်းလူထုစည်းဝေးပွဲကို မူလက “မေယုမြစ်ဝှမ်း ညီလာခံ”ဟု အမည်တပ်၍ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ညီလာခံဟူသော စကားလုံးကို အာဏာပိုင်များက ခွင့်မပြု၍ လူထုစည်းဝေးပွဲဟု ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးကို ရသေ့တောင် မြို့တော်ခန်းမတွင် ကျင်းပရန်စီစဉ်ထားပြီး အသုံးပြုခွင့်မရပါက မြို့နယ် ဓမ္မာရုံ၌ ကျင်းပသွား မည်ဟုလည်း သိရသည်။