ပြည်သူ့ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ပြည်သူတို့၏ ဆုံးရှုံးနစ်နာမှုများအား လက်တွဲဖြေရှင်းသွားရန် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်က ၈၈ မျိုးဆက် ကျောင်းသားများကို ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်နှင့် ကိုဂျင်မီ ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ပုသိမ်မြို့ရှိ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်တွင် ယမန်နေ့က တွေ့ဆုံခဲ့ကြရာတွင် လွှတ်တော် ဥက္ကဋ္ဌက ထိုသို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
“ပြည်သူနဲ့ပတ်သတ်တဲ့ ကိစ္စလေးတွေရှိရင် ကျနော် ခေါ်ပါ့မယ်၊ လိုက်ခဲ့ပါ။ ခင်ဗျားတို့ ဘက်ကလည်းပဲ လိုအပ်တဲ့ သတင်း ယူလို့ရတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ ရတယ်။ အားလုံး ဝိုင်းဝန်းကူညီကြပါ။ လွှတ်တော်အနေနဲ့ ကြိုဆိုလျှက် ပါပဲ” ဟု လွှတ်တော် တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဆန်းဆင့်က ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ ဖိတ်ခေါ်ချက်အပေါ် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က လက်ခံခဲ့ပြီး နှစ်ဦးနှစ်ဘက် ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုဂျင်မီက ပြန်လည် ပြောကြားခဲ့သည်။
“ကျနော်တို့ ဘက်ကလည်း အဲဒီအခွင့်အရေး ရလာဖို့ကို မျှော်လင့်နေတာပါ။ နဂိုက အဲဒီလို အခွင့်အရေးမျိုး မရဘဲနဲ့ တဘတ်သတ် ဖိနှိပ်ခံခဲ့ရတဲ့ အခါကျတော့ အဆင်မပြေဘူး။ အခုကတော့ ဆွေးနွေးညှိနှိုင်းတာမျိုးတွေ ရှိလာတော့ လုပ်ရခက်တဲ့ ကိစ္စတွေမှာ ဆွေးနွေးလို့ ရလာတာပေါ့” ဟု ကိုဂျင်မီက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ပုသိမ်မြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ လာရောက် ထောက်ပံ့သည့် ခရီးစဉ်တွင် ဦးဆန်းဆင့်၏ ဖိတ်ခေါ်ချက်အရ သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ ခရီးစဉ်တွင် ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ ကိုဘသက်အောင်၊ မမီးမီး၊ မနီလာသိန်းတို့ လိုက်ပါလာခဲ့ပြီး ပုသိမ်မြို့ အမှတ် ၆ နှင့် အမှတ် ၇ ရပ်ကွက်များရှိ ရေဘေးသင့် ပြည်သူများအား ဆန်၊ အဝတ်အထည်၊ ဆေးဝါး၊ အချိုရည်နှင့် ဆပ်ပြာ များ လှူဒါန်းခဲ့ကြသည်။
လွှတ်တော် ဥက္ကဋ္ဌက ၈ လေးလုံး အရေးအခင်းကာလတွင် တပ်မတော်၌ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည့်အတွက် ဆူပူမှုများ၊ မတည်ငြိမ်မှုများ မဖြစ်စေရန် တာဝန်အရ လုပ်ဆောင်ခဲ့မှုများ ရှိခဲ့သော်လည်း ယနေ့တွင် ဒီမိုကရေစီ ဘက်တော်သားအဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သောကြောင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် လက်တွဲရန် အသင့်ရှိကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
“ဒီနေ့မှာတော့ ကျနော်ဟာ ပြည်သူ့အတွက် ရပ်တည်ရမယ့် လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သွားပြီ။ ဒီမိုကရေစီ ဘက်တော်သား ဖြစ်သွားတဲ့ အတွက်ကြောင့် ခင်ဗျားတို့နဲ့ မဆွေးနွေးစရာ၊ မပေါင်းသင်းစရာ၊ လက်မတွဲ နိုင်စရာအကြောင်း ဘာမှ မရှိပါဘူးလို့ ပြောချင်ပါတယ်” ဟု ဦးဆန်းဆင့်က ဆိုသည်။
ဦးဆန်းဆင့်၏ ပြောဆိုချက်အပေါ် ကိုဂျင်မီကလည်း တိုင်းပြည်အတွက် လက်တွေ့ အလုပ်ဖြစ်ဖို့ရန်သာ အဓိကထားပြီး မည်သူ့အပေါ်မှ မုန်းတီးမှု မထားကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
“ကျနော်တို့ အတွက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက်ဆိုရင် အကုန်လုံး မိတ်ဆွေတွေချည်းပါပဲ။ ဒီမိုကရေစီမှာ Family Democracy (မိသားစု ဒီမိုကရေစီ) လောက် မြင့်တာ ဘာမှမရှိပါဘူး။ မိသားစုဆိုတဲ့ သဘောက တယောက်ကို တယောက် မေတ္တာနဲ့ ဖွဲ့စည်းထားတာပါ။ တိုးတက်ဖို့ပဲ ရှိပါတယ်။ ကျနော်တို့ကတော့ မိသားစု ဒီမိုကရေစီပုံစံနဲ့ပဲ သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။
တွေ့ဆုံပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဓနုဖြူ၊ ပန်းတနော်၊ ကျောင်းကုန်း သုံးပွင့်ဆိုင်ဒေသရှိ လယ်ဧက ၇ သောင်းခန့် ရေမြုပ်နေ၍ ပြည်သူလူထု နစ်နာနေသည့် ကိစ္စများအား လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြခဲ့ရာ အကောင်းဆုံး ဖြစ်စေရန် ဖြေရှင်းပေးမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ၎င်းတို့ထံ အလှူရှင်များ ပေးပို့ထားသည့် ကျပ်သိန်း ၈၀ တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်းများအား ပန်းတနော်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ညောင်တုန်းနှင့် ပုသိမ်မြို့ရှိ ရေဘေးသင့် ပြည်သူများကို ပေးအပ် လှူဒါန်းပြီး ဖြစ်ကြောင်း သိရသည်။