[irrawaddy_gallery]
ဆင်ငိုမြက်များ ဖုံးနေသောခြံအဝင် လမ်းလေးနှင့် အဖြူရောင် ဆေးသားပြယ်လွင့်နေသည့် သော့ခတ်ထားသော သံတံခါး ကြီးကို ကြည့်ခြင်းဖြင့် ဤခြံသည် လူအဝင်အထွက် နည်းပါးမှန်း သိသာလှ၏။
ဂိတ်တံခါးအနီး အစောင့်ကင်းရုံ ရှိသော်လည်း လူအရိပ်အယောင်မျှပင် မမြင်ရချေ။
ကျယ်ဝန်းလှသည့် ခြံဝန်းအတွင်း နှစ်ချို့မန်ကျည်းပင်ကြီးများ၊ ညောင်မုတ်ဆိတ်ပင်ကြီးများ၊ တရုတ်စကားပင် အိုကြီးများ အကြား ထွက်ပေါ်နေသည့် အနီရောင် အုတ်ကြွပ် အိမ်ခေါင်မိုးကြီးက အတိတ်ကာလ၏ ခမ်းနား ထည်ဝါမှု ပြယုဂ် သဖွယ် ဖြစ်နေသည်။
ဗြိတိသျှ စာရေးဆရာကြီး မောရစ်ကောလစ်ကတော့ ဤအိမ်ကြီးတွင် နေသူများကို နေဝင်ဘုရင်များ (Lords of Sunset) ဟု တင်စားရေးဖွဲ့ခဲ့ဖူး၏။
ဤ အဆောက်အအုံမှာ သီပေါစော်ဘွား ဆာစောချယ်မှ အစပြုပြီး ၁၉၆၂ ခုနှစ် စစ်တပ်အာဏာ သိမ်းစဉ် အတွင်း ဖမ်းဆီးခံရကာ သေဆုံးသွားသည့် စော်ဘွား စဝ်ကြာဆိုင် နေထိုင်ခဲ့သည့် ဟော်နန်းဖြစ်သည်။
ခြံအတွင်း အသံပြုလိုက်သည့်အခါ ခွေးဟောင်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ရှမ်းခမောက်နှင့် ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တဦး ခွေး ၁၅ ကောင်ခန့်နှင့် အတူ ထွက်ပေါ်လာ၏။
သူ့အမည် စဝ်မွန်းဆိုင်စင် ဟု သိရပြီး ဆယ်တန်းဖြေဆိုထားသည့် ကျောင်းသား တယောက်ဖြစ်သည်။ မျိုးရိုးစဉ်ဆက်အရ နောက်ဆုံး စော်ဘွား စဝ်ကြာဆိုင်နှင့်လည်း မြေးတော်စပ်သူ တဦးဖြစ်ပြီး ဦးကြီးတော်သူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်လည်း မျက်နှာပေါက် ခပ်ဆင်ဆင်ပင်။
ဧည့်သည်များအဖြစ် ကောင်းမွန်စွာ လက်ခံ စကားပြောသော်လည်း ခြံအတွင်း ဝင်ရောက် လေ့လာခွင့်တော့ မပြုပေ၊ လူကြီးများ မရှိဟုသာ ပြောဆိုပြီး အတန်တန် ငြင်းပယ်လေသည်။
ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ မဂ္ဂဇင်းမှ ဖြစ်ကြောင်း၊ ယခုလေ့လာခွင့် မပြုလျှင် လားရှိုးမှ အပြန်တွင် ဝင်ရောက် လေ့လာချင်ကြောင်း ပြောဆိုသည့်အခါမှ မည်သို့ စိတ်ကူးပေါက်သွား၍ မသိ ခွင့်ပြုလိုက်လေ၏။
၂၀၀၄ ခုနှစ်က အဖိုးဖြစ်သူ စဝ်ဦးကြာထံ နိုင်ငံခြားသားများ လာရောက် လည်ပတ်ခဲ့ခြင်းကြောင့် စစ်အစိုးရက ခရီးသွား လုပ်ငန်းလိုင်စင် မရှိဟု အကြောင်းပြကာ စဝ်ဦးကြာကို ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက် ကတည်းက ပြင်ပ ဧည့်သည် များအား လာရောက်ခွင့် မပြုတော့ကြောင်း တံခါးကိုဖွင့်ရင်း စဝ်မွန်းဆိုင်စင်က ဆိုသည်။
“ဗိုလ်မှူးချုပ် အေးမြင့်ကြူက နိုင်ငံခြားသား ဧည့်သည်တွေလေ့လာဖို့ လာရင် လက်ခံပါ၊ ဒါမှလည်း ဟော်နန်း ပြုပြင်ဖို့ စရိတ်ရမယ်ဆိုလို့ လက်ခံလိုက်တာ။ နောက်ပိုင်း ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီကိစ္စ ပေါ်လာတော့ အဖိုးကို လိုင်စင် မရှိဆိုတဲ့ ပုဒ်မ တပ်ဆွဲလိုက်တာ” ဟု သူက ပြောပြသည်။
သီပေါဟော်သည် ညီညာပြန့်ပြူးသည့် တောင်ကုန်းပေါ်တွင်ရှိပြီး ဥရောပနှင့် အရှေ့တိုင်းဟန် ပေါင်းစပ် တည်ဆောက် ထားသည်။ ရောမခေတ် တိုင်လုံးများကဲ့သို့သော တိုင်များဖြင့် ထောက်ခံထားသည့် ဆင်ဝင်ဆောင်များလည်း ပါရှိပြီး ဂရင်းနိုက် ကျောက်ပြားများ ခင်းထား၏။
အိုင်ဗီခေါ် တိုက်ကပ်နွယ်ပင်များကတော့ အိမ်နံရံတလျှောက်တွင် တွယ်ကပ်လျှက်ရှိသည်။ နှင်းဆီ ၊ ဒေလီယာ၊ ဂန္ဓမာတို့ အစား ရွက်လှပန်းတချို့သာ ပန်းခြံအတွင်း တွေ့ရလေသည်။
ဟော်ကုန်းမှ လှမ်း၍ ကြည့်လိုက်လျှင် ဒုဋ္ဌဝတီမြစ်ကို စီးမိုးမြင်နေရသလို အောက်ဘက် ကျယ်ပြန့်သော လယ်ကွင်းပြင်နှင့် မီးခိုးတလူလူ ထွက်နေသည့် ရိုးရာ ရှမ်းအိမ်လေးများကိုလည်း မြင်နေရ၏။
ခြံအတွင်း ယခင် မိသားစု ပျော်ရွင်စွာ အပန်းဖြေခဲ့သည် အပြာရောင်ကြွေပြားခင်း ရေကူးကန်မှာလည်း ရေခမ်းခြောက် နေကာ တင်းနစ်ကွင်းမှာ မြက်ရိုင်းများ ဖုံးလျှက်ရှိသည်။
ဟော်နန်းထဲ၌မူ သစ်သားပါကေးများ ခင်းထားပြီး ဝါ၊ စိမ်း၊ နီ သုံးရောင်ချယ် ရှမ်းအလံကို ချိတ်ဆွဲထားသည်။
ဝန်ကြီးချုပ် ဦးနု၏ လက်ဆောင် မောင်းတလုံးနှင့် ရှမ်းရိုးရာ ဝန်တင် နွားခလောက်ကြီး နှစ်လုံး၊ ဆင်ရုပ်များ၊ ယွန်းထည် များသာရှိပြီး ဟော်နန်း အဆောင်အယောင်တို့ မရှိတော့ပေ။
ထို့အပြင် ဆာစောချယ်၊ စဝ်အုံကြာ၊ စဝ်ကြာဇုံ၊ စဝ်ကြာဆိုင် စသည့် စော်ဘွားတို့၏ မိသားစုဓာတ်ပုံများ၊ နောက်ဆုံး စော်ဘွား စဝ်ကြာဆိုင်နှင့် သြစတြီးယန်းသူ သုစန္ဒီတို့ လက်ထပ်ပွဲ ဓာတ်ပုံများလည်း အစီအရီရှိနေ၏။
အိမ်ရှေ့ ဆင်ဝင်အောက်တွင်မူ သီပေါစော်ဘွား စဝ်ကြာဆိုင် အင်္ဂလန်နိုင်ငံမှ မှာပြီး စိုက်ပျိုးရေး လုပ်ကိုင်ခဲ့သည့် စစ်ပြီးခေတ် အင်္ဂလန် နိုင်ငံထုတ် ဖာဂူဆန် လယ်ထွန်စက်ကြီးကို မိုးကာများအုပ်လျက် တွေ့ရ ပြီး ထွန်သွား၊ ထယ်သွားများမှာ အကောင်း ပကတိ။
“စော်ဘွား စဝ်ကြာဆိုင် ဒေသဖွံဖြိုးရေးအတွက် စိုက်ပျိုးရေး လုပ်မယ်ဆိုပြီး အင်္ဂလန်က မှာထားတာ၊ အခုအချိန်အထိ မောင်းရနေတုန်းပဲ” ဟု စဝ်မွန်းဆိုင်စင်က ဆိုသည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း စစ်တပ် အာဏာသိမ်းချိန်တွင် စော်ဘွား စဝ်ကြာဆိုင်ကို ဖမ်းခဲ့ရုံမက ဖာဂူဆန် လယ်ထွန်စက်ကိုပါ သိမ်းဆည်းသွားရာ ၁၉၉၅ ခုနှစ်ရောက်မှသာ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။
သမိုင်းဝင် ဖာဂူဆန် လယ်ထွန်စက်မှာ ယခုတိုင် ပြောင်းနှင့် တခြားသော သီးနှံများ စိုက်ပျိုးရာတွင် အသုံးပြု နေရဆဲ၊ မြေဆီအပြည့်ရှိသည့် မြေနီများကို ထွန်ယက်ဆဲဖြစ်သည်ဟု စဝ်မွန်းဆိုင်စင်က ဆိုသည်။
ဟော်ကိုကြည့်ပြီးနောက် အနောက်ဘက်ရှိ ဘုရားဆောင်ရှိရာသို့ ထွက်ခဲ့ကြသည်။ ကွယ်လွန်သူ စော်ဘွားကြီး ဆာစောချယ် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ ပင့်ဆောင် စိုက်ပျိုးထားသည့် ဗောဓိညောင်ပင်ကြီးက မြင့်မြင့်မားမား အကိုင်း အခက်တို့ ဝေလျှက်ရှိ၏
အပင်ခြေရင်း၌ ဘုံဆောင် အဆင့်ဆင့်ဖြင့် ဆောက်ထားသည့် သစ်သား နှစ်ထပ်ဘုရားကျောင်းဆောင်သည် ဆွေးမြေ့ ပြိုကျလျှက်၊ နှမျောစရာပင်။
ပြုပြင်ထိန်းသိမ်းရန် အစီအစဉ်ရှိ မရှိမေးကြည့်ရာ မိသားစုက ပြုပြင်ရန် ဆန္ဒရှိသော်လည်း ငွေကြေးကုန်ကျ စရိတ် များမည်ဟုထင်ကြောင်း စဝ်မွန်းဆိုင်စင်က ဆိုသည်။
ဘုရားဆောင် အောက်ထပ်တွင် မိုင်းတွင်း အင်ဂျင်နီယာ စဝ်ကြာဆိုင်၏ သီပေါနယ်ထွက် သတ္တုများကို ဓာတ်ခွဲ စမ်းသပ်သည့် အလုပ်ခန်းရှိသည်။
မေမြို့နှင့် နောင်ချိုအကြားရှိ ရတနာသိင်္ဂီ သတ္တုတွင်းသည် စော်ဘွားအပိုင်ဖြစ်ပြီး သတ္တုတွင်းမှ ရရှိသည့် အကျိုးအမြတ်ဖြင့် ရှမ်းလူငယ်များအတွက် စာသင်ကျောင်းများ ဖွင့်ပေးခြင်း၊ တောင်ကြီး၊ မော်လမြိုင်၊ ရန်ကုန် စသည့် မြို့များသို့ လူငယ် များကို ပို့ကာ ပညာသင်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဘော်ကြိုဘုရားအလွန် မန်ဟိုင်း၊ မန်စီ၊ မန်ကောင်း နယ်ထွက် ဂေါ်ဒန်ကျောက်များကို စီးပွားဖြစ် စနစ်တကျ ထုတ်ယူရန် စီစဉ်နေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု စဝ်မွန်းဆိုင်စင်က ဆိုသည်။
အဖမ်းခံရစဉ်က ဖက်ဒရယ်မူအရေး ဆွေးနွေးရန် တောင်ကြီးမြို့သို့ ရောက်ရှိနေပြီး မိသားစု အရေးကိစ္စအတွက် သီပေါသို့ပြန်ရန် ဟဲဟိုးလေဆိပ်အသွား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ရှေ့တွင် ဖမ်းဆီးခံရပြီး မိသားစုထံ ပြန်လည် ရောက်ရှိမလာတော့ဘဲ ပျောက်ဆုံးသွားခြင်းဖြစ်သည်။
စဝ်ကြာဆိုင်၏ ဇနီး စဝ်သုစန္ဒီကမူ သူ့ခင်ပွန်းကို စစ်တပ်က ပစ်သတ်လိုက်သည်ဟု Twilight Over Burma စာအုပ်တွင် ရေးသားထားသည်။
စော်ဘွားစဝ်ကြာဆိုင်ကို နောက်ဆုံးမြင်တွေ့လိုက်ရသော တူဖြစ်သူ ဦးခွန်ထွန်းဦးကတော့ ဗထူး – ရပ်စောက် တပ် စခန်းတွင် ဖမ်းဆီးချုပ်နှောင်ပြီး ညှဉ်းပန်း နှိပ်စက်ခြင်းခံရသဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုစဉ်က ရှမ်းပြည်နယ်ဆိုင်ရာ တပ်မဟာမင်း ဗိုလ်မှူးကြီးမောင်ရွှေနှင့် ထောက်လှမ်းရေး တာဝန်ခံမှာ ယခင် ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးဘိုနီဖြစ်သည်ဟု သိရသည်။
စဝ်ကြာဆိုင် ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်ပြီး စဝ်သုစန္ဒီက အာဏာပိုင်တို့ထံ စာရေးပြီး အကြိမ်ကြိမ် မေးမြန်းခဲ့ သော်လည်း မည်သို့မျှ ပြန်ကြားခြင်း မရှိသဖြင့် နိုင်ငံရင်း သြစတြီးယားသို့ လူမမယ်ကလေး နှစ်ဦးဖြင့် ပြန်ခဲ့ရသည်ဟု Twilight Over Burma စာအုပ်တွင် ရေးသားထားသည်။
မင်းတုန်းမင်း၏ မွေးစားသားလည်းဖြစ်၊ ယောက်ဖလည်း တော်စပ်သူ သီပေါစော်ဘွားကြီး စဝ်ခွန်ဆမ်၊ သားများ ဖြစ်သည့် စဝ်စောချယ်၊ စဝ်စောလူး၊ စဝ်စောအိုတို့မှ ဆင်းသက်လာသည့် စော်ဘွား မျိုးဆက်သည် နောက်ဆုံး စော်ဘွား စဝ်ကြာဆိုင် အဖမ်းခံပြီးနောက် အဆုံးသတ် နေဝင် သွားခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေ ယခုတိုင် အနီးအနားရှိ ကျေးရွာများတွင် စဝ်ကြာဆိုင်၏ ဓာတ်ပုံကို အမြတ်တနိုး ချိတ်ဆွဲ ထားကြပြီး လက်ရှိ စော်ဘွား မျိုးနွယ်များကိုလည်း အရိုအသေပေးခြင်း၊ လေးလေးစားစား ဆက်ဆံကာ ဆက် လက် အသိအမှတ် ပြုနေခြင်းများ ရှိနေသေးကြောင်း သိရပေသည်။
ကျန်ရစ်သည့် စော်ဘွားမျိုးနွယ်များ အနေဖြင့် သီပေါဟော်ကိုသာ မပျက်ဆီးစေရန် ထိန်းသိမ်းနိုင်သော်လည်း အစိုးရ သိမ်းယူခဲ့သည့် ကျောက်မဲမြို့အနီးရှိ နွေရာသီ စံနန်းတော် စခန်းသာ ဟော်ကတော့ စောင့်ရှောက်သူ ကင်းမဲ့လျှက် ပျက်စီးလျှက် ရှိသည်ကို တွေ့ရသည်။
လက်ရှိအခြေအနေတွင် ရှမ်းစော်ဘွားတို့၏ ဟော်များအနက် သီပေါဟော်နှင့် ညောင်ရွှေဟော်တို့သာ ကျန်ရှိတော့ပြီး ကျိုင်းတုံဟော်မှာ ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရက ဖြိုဖျက်ကာ ဟိုတယ်အဖြစ် တည်ဆောက်ခဲ့သည်။
ပဒေသရာဇ်စနစ်၏ ပြယုဂ်တခုဟု ဟိုယခင်က ဆိုစေကာမူ လက်ရှိအခြေအနေတွင် သမိုင်းအမွေအနှစ် တခုအဖြစ် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာနေရာ တခု အဖြစ် ထိန်းသိမ်းသင့်ကြောင်း ဖော်ပြလိုက်ရပါသည်။