ကမ္ဘာ့ငြိမ်းချမ်းရေး နေ့က ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ်တန့်စေရေး လမ်းလျှောက်ချီတက် ဆန္ဒ ထုတ်ဖော်ပွဲများ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ခဲ့မှုဖြင့် ဦးဆောင်သူ ၁၂ ဦးကို အာဏာပိုင်များက အမှုဖွင့် အရေးယူ လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၂၁ ရက်နေ့က ကျရောက်သော ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဦးဆောင်ပြီး အဖွဲ့အစည်းပေါင်း ၁၉ ခုဖြင့် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး အပါအဝင် တနိင်ငံလုံးတွင် လမ်းလျှောက် ချီတက်ဆန္ဒပြပွဲများ၊ ဆုတောင်းပွဲများကို သက်ဆိုင်ရာ အာဏာပိုင်များ တားမြစ်သည့်ကြားမှ ကျင်းပပြုလုပ် ခဲ့ကြကြောင်း၊ ထိုသို့ ပြုလုပ်သဖြင့် ရန်ကုန်နှင့် တောင်ကြီးမြို့မှ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ၁၂ ဦးကို အာဏာပိုင်များက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု ပုဒ်မ ၁၈ ဖြင့် အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ဆန္ဒပြပွဲဦးဆောင်သူများက ပြောသည်။
“အခုအထိ ရန်ကုန်မှာ ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်ပွဲ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်မှုနဲ့ မြို့နယ်ရဲစခန်း ၁၀ ခုက ရန်ကုန်မှာ ဦးဆောင်တဲ့ ၉ ဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။ ကျနော်တို့ကို ရဲစခန်းကနေပြီး တရားရုံးတင်မယ် ဆိုရင် လာပါမယ်ဆိုတဲ့ ဝန်ခံကတိ စာရွက်တွေကို အတင်းအကျပ် လက်မှတ် ထိုးခိုင်းတယ်” ဟု ရန်ကုန်မြို့တွင် ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူ တဦးဖြစ်သည့် ကိုမိုဃ်းသွေးက ဆိုသည်။
ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဦးဆောင်ခဲ့ကြသော ကိုဂျော်ဂွန်း၊ ဒေါ်မေစပယ်ဖြူ၊ ကိုမိုဃ်းသွေး၊ မခင်စန္ဒာညွန့်၊ မဖွေးယုမွန်၊ ကိုကျော်ဘိုဘို၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဦးဝင်းချို၊ ကိုဝေဠု တို့ကို စမ်းချောင်း၊ ကမာရွတ်၊ ကျောက်တံတား၊လှိုင်၊ ဗဟန်း၊ ကြည့်မြည်တိုင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗိုလ်တထောင်၊ ပုဇွန်တောင် မြို့နယ်ရဲစခန်းများက အမှုဖွင့် အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ တောင်ကြီးမြို့တွင်လည်း ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြပွဲ ဦးဆောင်ပြုလုပ်ခဲ့သည့် တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ကိုအောင်သူ၊ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုဘိုဘိုဟန်နှင့် တောင်ကြီးမြို့ခံ တဦးဖြစ်သည့် ကိုနေမျိုးအောင်တို့ ၃ ဦးကို တောင်ကြီးမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လိုက်ပြီး မကြာမီ တရားရုံးတင် စစ်ဆေး အရေးယူသွားမည်ဟု တောင်ကြီးမြို့ NLD ရုံးက ဆိုသည်။
“တောင်ကြီးမြို့ အာဏာပိုင်တွေက မင်းတို့အားလုံးကို တရားစွဲလိုက်ပြီ။ မနက်ဖြန် တရားရုံးတင်မယ့် ရက်ကို အတိအကျ သိရမယ်လို့ ပြောတယ်” ဟု တရားစွဲဆိုခံရသည့် ကိုအောင်သူက ပြောသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရဲစခန်းများက ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူများကို အရေးယူနေခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း အသေးစိတ် တိတိကျကျ ဖြေဆိုရန် ငြင်းဆန်ကြသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ထွေးက စက်တင်ဘာ ၂၁ ရက်နေ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူများကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း၊ ဆန္ဒပြပွဲ ဦးဆောင်သူများအပြင် ပါဝင်သူများကို စစ်ဆေး ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပပြုလုပ်သော အထူး သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြည်မြို့တွင်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆန္ဒထုတ်ဖော်ပွဲကို ပေါ်တော်မူကျောင်းတိုက် (တောင်ပေါ်) တွင် ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပွဲကျင်းပချိန် နာရီပိုင်းအလိုမှ တိုင်းသာသနာရေးဦးစီးမှူး ဦးဝင်းသိန်းက တားမြစ်ခဲ့ပြီး အကယ်၍ တားမြစ်သည့်ကြားမှ ကျင်းပလျှင် ကျောင်းထိုင်ဆရာတော်ကို ထောင် ၃ နှစ်ချနိုင်သည်ဟု ဖုန်းဆက် ပြောလာသဖြင့် ပြင်ပ ကျူရှင်တခုတွင် အကူအညီတောင်းပြီး အကျဉ်းရုံး ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲကျင်းပခဲ့သဖြင့် ဦးဆောင်သူ ၁၀ ဦးကို ယမန်နေ့က ပြည်မြို့နယ်ရဲစခန်းမှ ခေါ်ယူ သတိပေးခဲ့သည့် အပြင် ပေါ်တော်မူ တောင်ပေါ်ကျောင်းထိုင် ဆရာတော် ဦးဝိမလကိုလည်း ၂ ရက်ဆက်တိုက် ရပ်ကွက် သံဃမဟာ နာယက အဖွဲ့ရုံးက ခေါ်ယူပြီး နောက်နောင် လူမှုအဖွဲ့အစည်းများနှင့် မပတ်သတ်ရန် ခံဝန်ကတိ လက်မှတ် ရေးထိုးစေခဲ့သည်ဟု မြို့ခံများက ဆိုသည်။
ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အရေးယူ ခံထားရသူများ အနေဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် ၃ သောင်း၊ ထောင်ဒဏ်နှင့်ငွေဒဏ်ပါ ပူးတွဲ ချမှတ်နိုင်ကြောင်း ဥပဒေတွင် တရားဝင်ပြဋ္ဌာန်းထားသည်။