မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ဇီးအုပ်ကျေးရွာနှင့် ကံကြီးကုန်းကျေးရွာရှိ ကျူးကျော်နေထိုင်သည့် တဲများကို ဖျက်သိမ်းရန် တပတ် နောက်ဆုတ်လိုက်သော်လည်း ဥပဒေကြောင်းအရ ကျူးကျော်သူများ ဖြစ်သည့်အတွက် ဖျက်သိမ်း ရှင်းလင်းရေး ဆက်လုပ်သွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော်ဝန်က ပြောသည်။
မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက စက်တင်ဘာလ ၂၂ ရက်နေ့ ကျင်းပသည့် စည်ပင်ခန်းမ သတင်းစာ ရှင်းလင်းပွဲတွင် ယင်း သို့ ပြောကြားခြင်း ဖြစ်သည်။
‘‘ကျနော်တို့ အနေနဲ့ ၁ပတ် နောက်ဆုတ်ပေးတယ်ဆိုတာ ကျူးကျော်နေထိုင်သူများကိုယ်တိုင် ကိုယ့်အိမ်၊ ကိုယ့်ရာကို ဖျက်သိမ်းဖို့အတွက် အချိန်ပေးခဲ့တာပါ။ ဒီကျူးကျော်တွေကို ရှင်းဖို့ ကျနော်တို့ အပြန်ပြန် အလှန်လှန် သုံးသပ်ခဲ့တာ ၄ လ နီးပါးပါ။ ဒါ့ကြောင့် ဥပဒေကြောင်းအရ ဆက်ပြီး ဖျက်သိမ်းသွားမှာပါ”ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၂၀ ရက်နေ့က စည်ပင်သာယာမှ ကံကြီးကုန်းနှင့် ဇီးအုပ်အတွင်းရှိ မြေယာကွက်များတွင် ကျူးကျော် နေထိုင်သူများကို ဝင်ရောက်ဖျက်သိမ်းခဲ့သည်။
ဖျက်သိမ်းနေစဉ်အတွင်း ကျူးကျော်နေထိုင်သူများက တုတ်၊ ဓား အစရှိသည့် လက်နက်များနှင့် ရန်လုပ်သည့်အတွက် ဖျက်သိမ်းမှုကို ခေတ္တရပ်ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင်ပင် မြို့တော်ဝန်က ကံကြီးကုန်းကျေးရွာရှိ မကွေးကျောင်းတိုက်တွင် ကျူးကျော်နေထိုင် သူ များကို အသိ ပညာပေး ပြောကြားပြီး ပြန်လည်ထွက်ခွာရာ၌ ရာနှင့်ချီသော ဒေသခံများ က မကျေနပ်၍ မြို့တော်ဝန် ပြန်မည့် ကား တန်းကို ဝိုင်းဝန်းပိတ်ဆို့ ဟန့်တားမှု ဖြစ်ပွားခဲ့သေးသည်။
ထိုဒေသခံများက ၎င်းတို့ သည် ကျူးကျော်နေထိုင်သူများ မဟုတ်ကြောင်း၊ ယင်းမြေကွက်များကို မြေပိုင်ရှင်များထံမှ ဝယ်ယူထားခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို အိမ်နံပါတ်များ စည်ပင်မှ ထုတ်ထားပေးပြီး ဖြစ်ကြောင်း၊ စည်ပင်ဝန်ထမ်းများ ကိုယ်တိုင် မြေကွက်များ တွင် အဆောက်အအုံများ အမြန်ဆောက်လုပ်ရမည်ဟု ပြောဆိုသည့်အတွက် ဆောက်လုပ်ထားပြီးကြောင်း၊ ယခု စည်ပင်မှ လာရောက် ဖျက်သိမ်းခြင်းသည် မည်သို့မျှ လက်မခံနိုင်ပါကြောင်း ဝိုင်းဝန်းပြောဆို၍ မြို့တော်ဝန်ကားကို ပိတ်ဆို့ဟန့်တားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြို့တော်ဝန် ဦးအောင်မောင်းက‘‘ဒေသခံပြည်သူတွေက သူတို့ရဲ့ တသီးပုဂ္ဂလိက ခံစားချက်တွေကို ရှေ့တန်းတင်ပြီး စိတ်ဆန္ဒစောပြီး ဒီလို လုပ်ရပ်တွေကို လုပ်ကြ တာပါ။ ကျနော်တို့ဘက်ကလည်း ပြန်လည် စိစစ်သွားပါဦးမယ်။ ဒီလို ပိတ်ဆို့ ဟန့်တားတာကို ကျနော်ကိုယ်တိုင် တောင်းပန် ခဲ့ပေ မယ့်လည်း လမ်းကို ဖယ်ရှားမပေးပါဘူး။ မင်းမဲ့စရိုက်ဆန်ဆန်တွေ လုပ်တာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ခံစားချက်ကို သနားကရုဏာထားတဲ့အနေနဲ့ တစုံတရာအရေးယူ ဖမ်းဆီးခြင်းတွေ ပြုလုပ်မှာမဟုတ်ပါဘူး”ဟု ပြော သည်။
မြို့တော်ဝန်ကိုပိတ်ဆို့ပြီး ၃ နာရီကျော်ကြာတွင် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင်များက နှစ်ဘက်ဝင်ရောက် ဖျန်ဖြေခဲ့သဖြင့် မြို့တော်ဝန် လမ်းကြော ပွင့်ခဲ့ခြင်း ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များက ၎င်းတို့နှင့် မြို့တော်ဝန် နှစ်ဘက်ညှိနှိုင်းမှုအရ ဖျက်သိမ်းမှုကို ၇ ရက် တပတ် နောက် ဆုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။
သို့သော် မြို့တော်ဝန်က ရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် မန်းစည်ပင်အကြား သဘောတူညီချက် တစုံတရာ မရှိကြောင်း ပြောကြားခဲ့သည်။
ကျူးကျော်နေထိုင်သူများဟု သတ်မှတ်ခံရသူများက ၎င်းတို့သည် ယင်းမြေကွက်များကို ပိုင်ရှင်ကိုယ်တိုင် စာချုပ်စာတမ်းများနှင့် ရောင်းချထားခြင်း ဖြစ်ပြီး ပေ ၂၀နှင့် ၃၀ အကွက်များကို တကွက်လျှင် ကျပ် သုံးသိန်း နှင့် ဝယ်ယူထားခြင်း ဖြစ်ကြောင်း ပြောဆို ကြ သည်။ အရောင်းအဝယ်များတွင် စာချုပ် စာတမ်းများပြုလုပ်ထားပြီး ဒေသခံ ကျေးရွာ ဥက္ကဌများ ကိုယ်တိုင် သက်သေခံ လက်မှတ် ထိုးထားခြင်းများဖြစ်ကြောင်း သိရသည်။
ဖျက်သိမ်းခံရသော ကံကြီးကုန်း ရွာသူတဦးက‘‘ကျမတို့က ကျူးကျော်ဝင်ရောက်နေထိုင်တဲ့သူတွေ မဟုတ်ပါဘူး။ မရှိမဲ့ ရှိမဲ့ ပိုက်ဆံ လေးတွေနဲ့ ငွေစုပြီး ဝယ်ထားကြတာပါ။ အကြွေးတွေလည်း မကျေသေးပါဘူး။ အခုတော့ အကြွေးမကျေတဲ့အပြင် ဆောက် ထား တဲ့ အိမ်တွေကိုပါ ဖျက်တယ်ဆိုတော့ ကျမတို့မှာ နဂိုကလည်း နေစရာမရှိလို့ အကြွေးနဲ့ အိမ်ဝယ်ထားရတာ”ဟု ပြောသည်။
အဆိုပါ ကိစ္စကို မြို့တော်ဝန်က စိစစ်ရေး ကောင်စီ ဖွဲ့ပြီး စုံစမ်းစစ်ရေးများပြုလုပ်မည်ဖြစ်ကြောင်း၊ မသမာသည့် နည်းနှင့် အရောင်း အဝယ် လုပ်ထားသူများကို အရေးယူသွားမည် ဖြစ်ကြောင်း၊ ယင်းကျေးရွာ ဥက္ကဌ များကိုလည်း စိစစ်ပြီး မမှန်ကန်သည့် နည်းလမ်း များကို သုံးထားပါက အရေးယူသွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
‘‘ကျနော် လွန်ခဲ့တဲ့ သုံးလကတည်းက ရတနာပုံနဲ့ မန္တလေး နေ့စဉ် သတင်းစာတွေမှာ အကြိမ်ကြိမ် သတိပေး နှိုးဆော်စာတွေ ထည့် ခဲ့တယ်။ ဒီလို မဖြစ်ခင် တလလောက် အလိုကတည်းက ဒီမြေကွက်တွေ အရောင်းဝယ် ပိုပြီး ဖြစ်လာတယ်လို့ သိရတယ်။ ဒါဟာ ကျနော်တို့ကို သေချာ အကွက်ချပြီး အနှောင့်အယှက် ပေးနေတာပါ”ဟုလည်း ၎င်းက ဆိုသည်။
ယင်းမြေကွက်များကို မြို့တော်စည်ပင်မှ မြို့တော် တိုးချဲ့ရေးအတွက် မြေယာစီမံခန့်ခွဲရေး လုပ်ဆောင်ထားခြင်းဖြစ်ပြီး မြေယာချထားပေးကာ မူလပိုင်ရှင်များ ရှိပြီး ဖြစ်ကြောင်း၊ တချို့ ပိုင်ဆိုင်သူများမှာ ဂရန်များပင် ထုတ်ထားပေးပြီး ဖြစ်ကြောင်း၊ မသိ နား မလည် သူများကို အသုံးချကာ မသမာသည့် နည်းနှင့် မြေယာအဆင့်ဆင့် ပြန်လည် ရောင်းချခြင်းများ ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ပြဿနာများ ကြီးမားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇီးအုပ်ကျေးရွာမှ ဒေသခံတစ်ဦးက‘‘ဒီကိစ္စ အဓိက တရားခံတွေက ပွဲစားတွေပဲ။ သူတို့က အခုတော့ လည်ပင်းတွေမှာ ရွှေသီးနေပြီ၊ ဥက္ကဌ တွေ၊ စည်ပင် ဝန်ထမ်းတွေ၊ လယ်မြေ ပိုင်ဆိုင်တဲ့သူတွေနဲ့ ပင်းစားကြတာ။ မသိနားမလည်တဲ့ ဆင်းရဲသားတွေကို လိမ်ညာပြီး ရောင်းချသွားတာပါ”ဟု ပြောသည်။
မန္တလေး မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူလည်း ထိုမြေယာ ပြဿနာနှင့် ပတ်သက်ပြီး လူသားချင်း စာနာထောက်ထားရေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပကြောင်း သိရသည်။
‘‘တိုင်းဒေသကြီး အစိုးရကို တောင်းဆိုချင်တာက ကျူးကျော်တွေကို ဖယ်ရှားဖို့အတွက် ပြင်ဆင်ချိန် တိုးပေးစေချင်တယ်။ နောက်ပြီး ဝယ်ထားတဲ့လူတွေ မနစ်နာစေဖို့ ရောင်းသူနဲ့ ဝယ်သူကြားမှာ ညှိနှိုင်း ဆောင်ရွက်ပေးစေချင်တယ်။ အမှန်တကယ် နှစ်ပေါင်းများစွာ နေလာတဲ့ သူတွေ နစ်နာမှုရှိရင် အစားထိုးမြေနေရာ ရရှိဖို့အတွက် အဓိကထားပြီး တောင်းဆိုသွားမှာပါ”ဟု ဦးဝီရသူ က ဧရာဝတီ သို့ မိန့်ကြားသည်။
မန္တလေးမြို့တော်စည်ပင်သည် စည်ပင်နယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်သူများကို အသိပေးစာနှင့် သတိပေးစာများ ထုတ်ပြန်ပြီး ရှင်းလင်းရေးများ ဆောက်ရွက်လျှက် ရှိရာ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က မြရည်နန္ဒာနှင့် အောင်သာယာ ရပ်ကွက် ၁၅ ဧက တွင် နေထိုင်သည့် ကျူးကျော်တဲ ၄၅၄ လုံး ကိုလည်းကောင်း၊ စက်တင်ဘာ ၂၀ရက်နေ့က ကံကြီးကုန်း ကျေးရွာနှင့် ဇီးအုပ် ကျေးရွာရှိ မြေကွက် ၂၀၀၀ ကျော်တွင် နေထိုင်သည့် ကျူးကျော်တဲ ၅၅၄ လုံး ကိုလည်းကောင် ဝင်ရောက်ဖျက်သိမ်းခဲ့သည်။
ထို့နောက် အမရပူရ မြို့နယ်ရှိ နတ်ရေကန် ကျေးရွာမှ မြေကွက် ၁၁၂ ကွက်ရှိ ကျူးကျော်တဲ ၁၁၀ ကိုလည်း ဆက်လက် ရှင်းလင်း သွားမည်ဟု သိရသည်။