မြန်မာ့ ဒီမိုကရေစီအရေး အောင်မြင်ပြီလို့ နိုင်ငံတကာ မိသားစုက မကြေညာနိုင်သေးဘဲ အာဏာ ဘယ်သူပဲရရ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ မျှော်လင့်တဲ့အပြင် သမိုင်းတွင်မယ့် မြန်မာ့အပြောင်းအလဲဟာ “စိန်ခေါ်မှုမဲ့” မဟုတ်ဘူးလို့ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က ပြောဆိုလိုက်ပါတယ်။
နယူးယောက် ကုလသမဂ္ဂ ညီလာခံမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ မနက်ဖြန် တွေ့ကြဖို့ရှိနေတုန်းမှာ အိုဘားမား အစိုးရအနေနဲ့ စီးပွားရေး ပိတ်ဆို့မှု လျှော့ချမှု၊ အမေရိကန်-မြန်မာ တရားဝင် ဆွေးနွေးရေး လမ်းကြောင်း ပုံမှန်တည်ဆောက်ရေး၊ စစ်ရေးဆက်ဆံမှု စတင်ရေးနဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုသစ်များအကြောင်း ဆွေးနွေးမှာဖြစ်တယ်လို့ ယမန်နေ့က ဝါရှင်တန်မှာလုပ်တဲ့ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန (Center for Strategic and International Studies – CSIS) ရဲ့ ကွန်ဖရင့်မှာ ကာ့တ်ကမ်းဘဲလ်က ပြောတာပါ။
တပြိုင်နက်တည်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်ထိန်းသိမ်းထားတာ၊ တိုင်းရင်းသားဒေသတွေမှာ စစ်ဆက်ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက မြန်မာအစိုးရကို ဖိအားဆက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာ ရုတ်သိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုတာကို အပြည့်အဝ ထောက်ခံပံ့ပိုးသွားမယ်လို့ ကာ့တ်ကမ်းဘဲလ်က ပြောပါတယ်။
“ခင်ဗျားတို့အားလုံး သိပြီးဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့အပတ်က စလို့ ဒီရောက်လာပြီးနောက်ပိုင်း ချက်ခြင်းဆိုသလို မူဝါဒအပြောင်းအလဲတချို့ ပေါ်ထွက်လာခဲ့တယ်။ ကွန်ဂရက်ကလည်း သူ့တင်ပြချက်တွေကို တလေးတစားနဲ့ တုန့်ပြန်ခဲ့တယ်။ ကျနော်တို့ အစိုးရအဖွဲ့ကလည်း နောက်အဆင့်တွေအတွက် ကက်ပီတိုလ်ဟေးနဲ့ ပူးပေါင်း လုပ်ဆောင်သွားနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ကာ့တ်ကမ်းဘဲလ်က ဆိုပါတယ်။
မြန်မာပြည်မှာ အမေရိကန်တွေ စီးပွားရေးလုပ်ဖို့ကတော့ စောလွန်းနေနိုင်တယ်လို့လည်း ပြောပြီး ဒီကိစ္စ အမေရိကန်ဘက်က ကနဦး အသေးစိတ် တင်ပြချက်ကို ဟီလာရီနဲ့ ဦးသိန်းစိန် တွေ့ရာမှာ ထပ်ဆွေးနွေးမယ်၊ မြန်မာသမ္မတအနေနဲ့လည်း အမေရိကန်တွေ တင်ပြချက်ကို စိတ်ဝင်တစား ရှိနေတယ်လို့လည်း ဆိုပါတယ်။
လတ်တလော ကွန်ဂရက်က အတည်ပြုပေးခဲ့တဲ့ ငွေကြေးလွှဲပြောင်းမှု ပိတ်ဆို့ရေး သမ္မတအိုဘားမားရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖယ်ရှားရေးကို ထောက်ပြပြီး “အသေအချာ မလုပ်မဖြစ်လုပ်မှာက မြန်မာပြည်တွင်းမှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ၊ ကျန်းမာရေး၊ ပညာရေး အစီအစဉ်တွေ စအကောင်အထည်ဖော်ဖို့ နိုင်ငံတကာ ငွေကြေးအင်စတီကျူးရှင်းတွေ၊ ဖွံ့ဖြိုးရေးဘဏ်တွေနဲ့ ဖြစ်ပါတယ်” လို့ ကာ့တ်ကမ်းဘဲလ်က ပြောပါတယ်။
တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ဒါဟာ မြန်မာပြည် လက်ရှိကြုံနေရသမျှ အရေးတွေထဲမှာ “ခလုတ်ကန်သင်း အများဆုံး၊ စိန်အခေါ်ခံရဆုံး” ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ ဒါပေမယ့် တချိန်တုန်းက မြန်မာ စစ်အစိုးရဟာ ဒီအရေးကို ပြည်ပက ဝင်ရောက်စွက်ဖက်တာ လက်မခံခဲ့ပေမယ့် အခုအခါမှာ ပြည်ပကကူညီမှာကို သူတို့ တံခါးဖွင့် လက်ခံနေတယ်လို့ ဆိုလိုက်ပြီး အမေရိကန်က ဘယ်လိုအကူအညီကိုမဆို ပေးသွားဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။
ဒီနေရာမှာ အစိုးရနဲ့ချည်းပဲ ထိတွေ့ဆွေးနွေးလို့ မဖြစ်ဘဲ တိုင်းရင်းသား အင်အားစုတွေနဲ့လည်းပဲ ဆွေးနွေးဖို့ လိုအပ်တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးရမယ်။ သူတို့လိုချင်တဲ့ အဓွန့်ရှည်ကြာတဲ့ ငြိမ်းချမ်းရေးကို ဘယ်လို တည်ဆောက်နိုင်မလဲ၊ သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပုံသဏ္ဍန်က ဘယ်လိုလဲဆိုတာကအစ သူတို့ သိရှိအောင် လေ့လာရမယ်လို့ ကာ့တ်ကမ်းဘဲလ်က ဆိုပါတယ်။
ဆက်ပြီး အခုအချိန်ဟာ အမေရိကန်-မြန်မာအကြား တရားဝင် ပုံမှန် ဆွေးနွေးရေး လမ်းကြောင်းတွေ တည်ဆောက်ဖို့ လိုပြီလို့ ပြောဆိုပြီး မြန်မာ့တပ်မတော်နဲ့ ထိတွေ့ဆွေးနွေးနိုင်ရေး အလားအလာတွေကို ရှာဖွေနေကြောင်းလည်း ပြောပါတယ်။ “တွေ့ဆုံဆွေးနွေးရေးတွေမှာ အကြီးအကျယ် ပျက်ကွက်နေတာက စစ်တပ်ပါ။ အခုအထိ မြန်မာပြည်တွင်းမှာ လွှမ်းမိုး အရေးပါတုန်းပါ။ ပြုပြင်ပြောင်းလဲရေးအပေါ် သူတို့ရဲ့ သဘောထားဆက်ဆံရေး၊ တိုင်းရင်းသားဒေသတွေက အကြမ်းဖက် ရက်စက်မှုတွေ၊ တိုက်ပွဲတွေမှာ သူတို့ပါဝင်ပတ်သက်မှုတွေက ဘယ်လိုရှိတယ်ဆိုတာ သိပ်မရေရာလှဘူး” လို့ ကာ့တ်ကမ်းဘဲလ်က ဆိုပါတယ်။
စက်တင်ဘာ ၂၅ ရက်မှာ နယူးယောက်ကို ဆိုက်ရောက်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဟီလာရီနဲ့ တွေ့ဖို့ရှိတဲ့အပြင် ဦးသိန်းစိန် အရင် အမေရိကန် ကြိုရောက်နှင့်ပြီး မြန်မာ့အပြောင်းအလဲကို အင်တိုက်အားတိုက် ထောက်ခံနေတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လိုပဲ အာရှလူ့အဖွဲ့အစည်း (Asia Society) မှာ “အကူးအပြောင်းထဲက မြန်မာ – အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ လူထုပရိသတ်ကို မိန့်ခွန်းပေးပါလိမ့်မယ်။ ပရိသတ်နဲ့ အမေးအဖြေလည်း လုပ်ပါမယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့ ဦးသိန်းစိန်တွေ့ဆုံဖို့ မသေချာသေးပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီး ဒီမိုကရေစီရေး အတိုက်အခံ ခေါင်းဆောင်ကပါ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားတဲ့ မြန်မာ့အပြောင်းအလဲကို အမေရိကန်က အလေးအနက် ထောက်ခံပံ့ပိုးမယ့် သမိုင်းဝင်ကြေညာချက်ကို အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်တို့နဲ့ သမ္မတ အိုဘားမား၊ ဟီလာရီတို့ ပူးတွဲ ကြေညာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေက မြင့်မားနေကြောင်းပါ။