ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီတိုင်း၏ လွှတ်တော် အမတ်များနှင့် တိုင်းလွှတ်တော် တာဝန်ရှိသူများကို ပြစ်တင်ခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းများ မပြုလုပ်ခဲ့ကြောင်း ပြောဆိုလိုက်သည်။
ဧရာဝတီတိုင်း ကြံ့ခိုင်ရေး ပါတီဝင်များ အချင်းချင်းအကြား သဘောထားကွဲလွဲမှုများ ဖြစ်နေခြင်း၊ တိုင်ကြားမှုများ များပြား နေခြင်းကြောင့် ညီညွတ်မှု ရရှိရေး အတွက် ပါတီဗဟို၏ သဘောထားဖြင့် ညောင်တုန်းမြို့တွင် သွားရောက်ဖြေရှင်း ညှိနှိုင်း ပေးခြင်းသာ ဖြစ်ပြီး ယင်းသို့ ဖြေရှင်းရာတွင်လည်း ပြစ်တင်ခြင်း၊ ခြိမ်းခြောက်ပြောဆိုခြင်းများ မရှိခဲ့ဟု သူက ဆိုသည်။
“ဧရာဝတီတိုင်းမှာ ဖြစ်နေတဲ့ကိစ္စတွေကို တိုင်စာတွေလာတယ်၊ အပြင်က ကြားနေတာတွေလည်း ရှိတယ်။ လွန်လွန်ကဲကဲတွေ ဖြစ်ကုန်မှာကို ကျနော်တို့ မလိုလားဘူး၊ ဒါကြောင့် ဗဟိုရဲ့သဘောထား အရ ညီညီညွတ်ညွတ်ရှိကြဖို့ သွားပြီးညှိနှိုင်းဖြေရှင်း ပေးခဲ့တာပါ၊ ခြိမ်းခြောက်တာတွေ၊ ဘာတွေမလုပ်မိပါဘူးဗျာ” ဟု ဦးဌေးဦးက ဧရာဝတီ မဂ္ဂဇင်းကို ရှင်းပြသည်။
ဦးဌေးဦးက ယခုလ ၉ ရက်နေ့တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့၌ လွှတ်တော်အမတ်များကို ခေါ်ယူတွေ့ဆုံကာ ဧရာဝတီတိုင်း လွှတ်တော်အပေါ် ပုတ်ခတ်သည့် အကြောင်းအရာများစွာ ပြောဆိုခဲ့သည်ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က စက်တင်ဘာ ၂၄ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောခဲ့သည့်အပေါ် ဦးဌေးဦးက မဟုတ်ကြောင်း ငြင်းဆိုခြင်း ဖြစ်သည်။
သို့ရာတွင် ဦးဆန်းဆင့်ကမူ “ဦးဌေးဦးရဲ့ ပြောဆိုချက်တွေဟာ လွှတ်တော်ရဲ့ လုပ်ငန်း တာဝန်ဆောင်ရွက်ခြင်းအပေါ် ပုဂ္ဂိုလ်ရေးဘက် ဆွဲယူပြီး စွပ်စွဲမှုတွေဖြစ်နေလို့ ကျနော့်အနေနဲ့ အံ့သြ စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်နောင် ခုလိုမျိုး အလားတူဖြစ်လာခဲ့ရင် လွှတ်တော်အနေနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ထို့အပြင် ဦးဌေးဦးက ဧရာဝတီတိုင်း လွှတ်တော်ကို ဖိအားပေးခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊ ယင်းသို့ ပြောဆိုချက် များသည် တိုင်းလွှတ်တော် အမတ်များ၏ ဂုဏ်သိက္ခာ၊ လွှတ်တော် ဥက္ကဋ္ဌနှင့် အမတ်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း သူက ဆက်ပြောသည်။
ယင်းသတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းဌာန ၁၇ ခု တက်ရောက် သတင်းယူခဲ့ကြရာ ဧရာဝတီတိုင်း လွှတ်တော်အမတ်များက ညောင်တုန်းမြို့၌ ဦးဌေးဦး ပြောကြားခဲ့သည့် အသံဖိုင်ကို သတင်းထောက်များအား ဖွင့်ပြ နားထောင်စေခဲ့သည်။
ဦးဌေးဦး ပြောဆိုခဲ့သော အသံဖိုင်ထဲတွင် “အဲဒီလူတွေအားလုံးက သူတို့ လုပ်ချင်လွန်းအားကြီးလို့ အဲဒီနေရာ ရောက်နေတာ မဟုတ်ဘူး။ ကျနော်တို့က လုပ်ပါလို့ တာဝန်ပေးလို့ ရောက်နေကြတဲ့ လူတွေဖြစ်တယ်။ ဒါကို ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ ရှေ့မှာလည်း ပြောနိုင်တယ်။ သိပ်ပြီးတော့မှ တော်လို့တတ်လို့၊ သိပ်ပြီးတော့မှ သင့်တော်လို့၊ သူကလွဲလို့ ဘယ်သူမှ မရှိလို့ မဟုတ်ပါဘူး” ဟု ပါရှိသည်။
ထို ပြောဆိုချက်များသည် ဧရာဝတီတိုင်းလွှတ်တော်အပေါ် မထီမဲ့မြင်ပြုမှုဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းလွှတ်တော်၊ လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် အမတ်များ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဦးဆန်းဆင့်က ပြောသည်။
တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းထွန်းတို့အား စွပ်စွဲပြစ်တင်ခြင်း အဆိုကို ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် လွှတ်တော် အရေးပေါ် အထူးအစည်းအဝေး (၁/၂၀၁၂) တွင် တင်သွင်းခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဦးဌေးဦးက “မလုပ်သင့်တာကို လုပ်မိပြီးတော့မှ နောက်ကနေ လိုက်ပြီးတော့ ဖြေရှင်းရတာ သိပ်ခက်ပါတယ်။ ကလေးတွေလို ငါနိုင်အောင်ချမယ် ဆိုတဲ့ဟာနဲ့ မပြီးသေးဘူးဆိုတာ မှတ်ထားပါ။ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာဦးမလဲဆိုတာလည်း သိထားပါ” ဟု ညောင်တုန်းမြို့တွင် ပြောဆိုခဲ့ကြောင်း သိရသည်။
သို့ရာတွင် ဦးဌေးဦးကမူ ကြံ့ခိုင်ရေးပါတီ၌ ဧရာဝတီတိုင်း တခုတည်းတွင် ပါတီတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားပြီး ပါတီ ဗဟိုနှင့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် ယင်းသို့ သဘောထားကွဲလွဲခြင်း၊ မတည်ငြိမ်ခြင်းများ မရှိကြောင်း၊ ပါတီတွင်း အချင်းချင်း မကျေလည်မှုကို ပါတီဗဟိုသို့ အကြောင်းကြားခြင်းမရှိဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဖြေရှင်းမှုပြုလုပ်သွားခြင်းကို နားမလည်နိုင် ဖြစ်ခဲ့ရကြောင်း ယမန်နေ့က ဧရာဝတီမဂ္ဂဇင်းကို ရှင်းပြသည်။
“ကျနော်ပြောတာက ပါတီတွင်းမှာရှိတဲ့ တချို့လူတွေဟာ အရည်အချင်းတွေက မတိမ်းမယိမ်းတွေ၊ တချို့က လွှတ်တော်ထဲမှာ ပါတဲ့လူလည်းရှိတယ်၊ မပါတဲ့လူလည်းရှိတယ်၊ အစိုးရအဖွဲ့ထဲမှာ ပါတဲ့လူလည်းရှိတယ်၊ မပါတဲ့လူလည်းရှိတယ်၊ အားလုံးက ညီညွတ်ညွတ်နဲ့ လုပ်ကြရမယ်။ ပါသွားတဲ့အတွက် တယောက်နဲ့ တယောက် ပြောနေရင် မသင့်တော်ဘူးပေါ့ ဆိုတာမျိုးပါ” ဟု သူက ဆက်ပြောသည်။
ဧရာဝတီတိုင်း လွှတ်တော် အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က ကြံ့ခိုင်ရေးပါတီအနေဖြင့် ပါတီသြဇာသုံး၍ လွှတ်တော်အတွင်း ဝင်ရောက် စွက်ဖက်ခြင်း၊ လွှမ်းမိုးချယ်လှယ်ခြင်းများ မပြုလုပ်စေလိုကြောင်း ပါတီ ထိပ်ပိုင်း ခေါင်းဆောင် များကို တိုက်တွန်း ပြောကြားခဲ့သည်ဟုလည်း သိရသည်။
ကြံ့ခိုင်ရေးပါတီကို အရပ်သားအဖြစ် ပြောင်းထားသော ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁၁၅၄ ခု အနက် ကြံ့ခိုင်ရေး ပါတီက ၈၈၂ နေရာ (၇၆. ၅ ရာခိုင်နှုန်း) ကို အငြင်းပွားဖွယ်ရာ မဲများဖြင့် အနိုင်ရခဲ့သည်။
၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်း အမည်ခံထားသည့် ကြံ့ခိုင်ရေးပါတီသည် စစ်အစိုးရ ကျောထောက် နောက်ခံဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံရေး ပါတီအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ပါတီ အဖြစ် မပြောင်းလဲမီ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက နာယက အဖြစ် တာဝန်ယူ သကဲ့သို့ စစ်တပ် ထိပ်ပိုင်း အရာရှိများဖြင့် ဦးဆောင် လာခဲ့သည့် ပါတီတရပ်ဖြစ်သည်။
လက်ရှိတွင် ကြံ့ခိုင်ရေးပါတီကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ယာယီဥက္ကဌ၊ လွှတ်တော်အမတ် ဦးဌေးဦးက အထွေထွေအတွင်းရေးမှူး တာဝန်ယူကာ ဦးဆောင်နေသည်။
သန့်စင်ငြိမ်းချမ်း ပူးပေါင်းရေးသားသည်။