လှော်ကား ရေပိုက်လိုင်း ပေါက်ခြင်းကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ရေ ၃ ရက်ကြာ ပြတ်တောက်သွားခဲ့ သဖြင့် ချိုးရေ၊ သုံးရေများအတွက် သောက်ရေသန့် ဘူးများကို ဈေးအဆမတန် ပေးဝယ်ကာ အသုံးပြုခဲ့ရကြောင်း မြို့ခံများက ပြောသည်။
“ရေပြတ်မယ်ဆိုတာကို ကျမတို့က မသိလိုက်တော့ ကြိုတင်ဘာမှ လုပ်မထားမိဘူး။ အရင်က ရေသန့်တဘူးကို ၅ လွှာအရောက်မှ ကျပ် ၅၀၀ ပဲပေးရတယ်။ အခုက ၁၀၀၀ တောင် ပေးဝယ်ရတယ်။ မတတ်နိုင်ဘူးလေ ဝယ်ရတာပေါ့၊ ရေမှမရှိတာကို။ အဲဒီရေသန့်ကိုပဲ သုံးရေအဖြစ် သုံးနေရတယ်၊အခုဒီတခေါက် ရေပြတ်တာ ၃ ရက်ထဲတောင် လူတွေတော်တော် ဒုက္ခရောက်တာ၊ နောက်ဒီထက် ကြာရင် မလွယ်ဘူး။ အဲဒီလိုမဖြစ်အောင် ရေတိုင်ကီတွေ ဝယ်ထားရတော့မယ်” ဟု ကျောက်မြောင်း ရပ်ကွက် အတွင်းရှိ ၅ လွှာ တိုက်ခန်းတခန်းတွင် နေထိုင်သူတဦးက ဆိုသည်။
ရန်ကုန်မြို့လယ် ၆ မြို့နယ်တွင် ရေပြတ်လပ်မည်ဟု ရုပ်သံ အစီအစဉ်များတွင် ထည့်သွင်း ကြေညာသည်ဟု သိရသော်လည်း ၎င်းအနေဖြင့် မသိလိုက်ကြောင်း သူက ဆက်ပြောသည်။
ထို ရေပြတ်လပ်မှုမှာ ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး လွန်ခဲ့သည့် ၃ လခန့်က ၃ ရက်ခန့် ရေ ပြတ်လပ်ခဲ့ သေးကြောင်း၊ပထမ အကြိမ်ရေပြတ်လပ် စဉ်ကထက် ယခုတကြိမ် ရေပြတ်လပ်မှုမှာ ပိုမို အခက်အခဲ ကြုံတွေရကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းသို့ ရေပြတ်လပ်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင် ရေသန့်ဌာနမှ ဗိုလ်မှူးကြီးမြင့်ဦးက “အခုလို ရေပြတ်တယ် ဆိုတာကို ကျနော်တို့ အနေနဲ့ သိရင်တော့ ချက်ချင်း ဘယ်မှာဖြစ်တယ်ဆိုတာ ရှာဖွေပြီး လုပ်ပေးလို့ရတယ်၊ ကြိုတင် ကာကွယ်ဖို့ကျတော့ ဘယ်နေရာမှာ ဘယ်လိုတွေဖြစ်တယ်ဆိုတာ အမြဲတစေ စောင့်ကြည့်နေလို့လည်း အဆင်မပြေဘူး။ သိပြီဆိုရင်တော့ အလွယ်တကူလုပ်ပေးလိုရတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ ရေပြတ်လပ်မှုများ မကြုံတွေ့စေရန် ဟောင်းနွမ်းနေသည့် ပိုက်လိုင်းများအား အသစ် ပြန်လည် လဲတပ်မှုများ ပြုလုပ်ရမည် ပြောသည်။
ရေပြတ်လပ်မှု ဖြစ်မည့် ကိစ္စနှင့် ပတ်သက်၍ ကြိုတင် အကြောင်းကြားသည့် အနေဖြင့် MRTV4၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင်သံကြားတို့တွင် ကြေညာပေးခဲ့ကြောင်း၊ လှော်ကား ရေပိုက်လိုင်း ပေါက်ခြင်းကြောင့် ယခုကဲ့သို့ ရေပြတ်လပ်ခဲ့ကြောင်း၊ ယင်းရေပိုက်ကို အမြန်ဆုံး ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ထိုသို့ မြို့နယ်များအတွင်း ရေပြတ်လပ်မှု ဖြစ်ပါ်လာပါက ရန်ကုန်တိုင်းဒေသကြီး စည်ပင်ရုံး ရေသန့်ဌာနသို့ အမြန်ဆုံး သတင်းပေးပို့ခြင်း၊ မေးမြန်းခြင်းများ ပြုလုပ်နိုင်ကြောင်း ဗိုလ်မှူးကြီး မြင့်ဦးက ရှင်းပြသည်။
ရေသန့်ဌာနသို့ ဆက်သွယ်ရန်ဖုန်းမှာ ၀၉ ၂၄၉၆၆၅၅ ဖြစ်ကြောင်း သိရသည်။