မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့တွင် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဒေသခံ အာဏာပိုင်များက အရေးပေါ် ပုဒ်မ ၁၄၄ နှင့် ၃ ယောက်ထက် ပိုမို မစုဝေးရန် ထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၃၀ ရက်နေ့က ယင်းဒေသရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများကို မီးရှို့ရာမှ ပဋိပက္ခကြီးထွားလာခြင်း ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ ည ၉ နာရီခွဲချိန်ခန့်တွင် အစ္စလမ် ဘာသာဝင်များ၏ ကိုရမ်ကျမ်းစာအုပ်ကို ခြေထောက်နှင့် နင်းထားသည့် နိုင်ငံရပ်ခြားမှ ဓာတ်ပုံတပုံအား ပန်းဝါမြို့နေ အူတွန်ဘူဒဝါ အမည်ရှိ လူငယ်တဦးက အင်တာနက်မှ ဆွဲချကာ ၎င်းပိုင် ဝက်ဘ်ဆိုက်ပေါ် တင်ခဲ့သည်ကို ပန်းဝါရှိ မွတ်စလင် လူငယ်တစုက မြင်တွေ့ခဲ့ပြီး ဆန္ဒပြကြရာမှ စတင်ကာ ဘုန်းတော်ကြီး ကျောင်းများကို မီးရှို့သည်အထိ ဖြစ်သွားကြောင်း ပန်းဝါမြို့နေ ရုပ်သံ သတင်းထောက် ဂျဗစ်က ဧရာဝတီကို ပြောသည်။
“ကျနော် ကော့စ်ဘာဇာကနေ ပြန်လာတော့ အဲဒီ လူငယ်တွေက အင်တာနက်မှာ တင်ထားတဲ့ပုံကို ကြည့်ပြီးတော့ ဆန္ဒပြကြတယ်။ အဲဒီနောက်မှာ လူ ၃၀ လောက် ဖြစ်လာတယ်။ ကျနော်လည်း မြင်တာနဲ့ ဌာနဆိုင်ရာတွေကို ဖုန်းဆက် အကြောင်းကြား လိုက်တယ်။ အိမ်ကိုရောက်တော့ အင်တာနက်မှာ ဝင်ပြီး ရှာလိုက်တဲ့ အချိန်မှာ သူတို့ပြောတဲ့ ပုံကို တွေ့တယ်။ တခါ အပြင်ကို ပြန်ထွက်ကြည့်လိုက်တော့ လူတွေက တဖြည်းဖြည်း များလာတယ်။ ည ၁၂ နာရီ လောက်မှာ မီးရှို့တာတွေ စဖြစ်တော့တာပဲ” ဟု သူက ဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် ၃၀ ရက်နေ့ မနက်စောစောတွင် ပန်းဝါမြို့နယ်မှူးက ပုဒ်မ ၁၄၄ အမိန့်ကို ထုတ်ပြန်လိုက်ပြီး ပန်းဝါမြို့တွင် ဈေးများပိတ်ကာ အခြေအနေကို ထိမ်းသိမ်းလိုက်သည်။
“တခြားဒေသက မွတ်စလင်တွေ ထရပ်ကား ၇ စီးလောက်နဲ့ လာကြတယ်။ အင်တာနက်တင်တဲ့ ဦတွန် ဘူဒဝါဆိုတဲ့ လူကိုတော့ ရှာလို့မရဘူး၊ သူ့ အဒေါ်ကိုတော့ ရဲက လုံခြုံရေးတွေနဲ့ ခေါ်သွားတယ်လို့ သိရတယ်။ သူ့အိမ်နဲ့ သူတို့ဆွေမျိုး အိမ်တွေလည်း မီးရှို့ခံရတယ်။ အိမ် ၁၂ လုံးလောက် မီးလောင် သွားတယ်” ဟု ၃၀ ရက်နေ့ မနက်စောစောတွင် ယင်းဒေသသို့ သွားရောက် လေ့လာခဲ့သည့် ရခိုင်အသင်း ဗဟိုကော်မတီဝင် အားကစားနှင့် လူမှုရေး တာဝန်ခံ ဦးမောင်ရီဖြူက ပြောသည်။
၃၀ ရက်နေ့ မနက်စောစော ပန်းဝါ ကိုရောက်ရှိသွားသည့် ကော့စ်ဘာဇာမြို့နေ ကိုနိုင်နိုင်ကလည်း ရဲနှင့် နယ်ခြားစောင့် တပ်များက ပန်းဝါတွင် လုံခြုံရေး ယူထားကြောင်း၊ လောင်ကျွမ်းနေသည့် မီးမှာ မနက်အထိ အရှိန် မသေသေးကြောင်း ရှင်းပြသည်။
“ကျနော် ရောက်တော့ မီးလောင်နေတဲ့ ဘုန်းကြီးကျောင်းကို လူတွေ လာကြည့်နေကြတယ်။ ရခိုင်တွေ၊ ဒေသခံ ဗုဒ္ဓဘာသာ အဘိုးကြီး၊ အဘွားကြီးတွေက မျက်ရည်ကျပြီး မီးပုံအောက်ကို ရောက်နေတဲ့ ဘုရားရုပ်တု တွေကို ဦးချ နေကြတယ်။ ပန်းဝါမြို့ ကျောင်းကြီးဆိုတဲ့ ဘုန်းကြီးကျောင်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေဟောင်း ရုပ်ပွားတော်တွေ၊ ရှေးဟောင်းပစ္စည်းတွေ ရှိတာ မီးထဲ ပါသွားတယ်” ဟု သူမြင်တွေ့ခဲ့ရသည်ကို ပြောပြသည်။
ပန်းဝါမြို့မှ စတင်ခဲ့သည့် ဗုဒ္ဓသာသနိက အဆောက်အအုံများ ဖျက်ဆီးမှုသည် စက်တင်ဘာ ၃၀ ရက်နေ့ နံနက်တွင် မော်ရီကြာ၊ ဦကီယာ၊ တက္ကနာ စသည့် မြို့နယ်များ တဝိုက်ရှိ ဗုဒ္ဓဘာသာ ကိုးကွယ်သော ဘူဒဝါရွာများဆီသို့ ပြန့်နှံ့သွားကြောင်း သိရသည်။
တက္ကနာမြို့နယ် မြစ်နားရွာမှ ကိုသာသာမောင်က “ကျနော်တို့ နားမှာ ၃၀ ရက်နေ့ မနက် ၈ နာရီလောက်က မော်ရီကြာမှာ ဘုန်းကြီးကျောင်း တကျောင်းဖြိုတယ်၊ ဦကီယာမှတော့ ညနေ ၃ နာရီလောက်မှာ စေတီတွေကို ဖြိုလိုက်တယ်။ အဲဒီ ကျောင်းတွေက ဘုန်းကြီးတွေ တောထဲကို ထွက်ပြေးနေကြတယ်။ ညနေ ၆ နာရီ လောက်မှာတော့ ဝါးခတ်ချောင်း ရွာမှာဖြစ်တယ်။ ဝါးခတ်ချောင်းမှာတော့ ဘုန်းကြီးကျောင်း ဘာမှ မဖြစ်ဘဲ အိမ် ၄ လုံးမီးရှို့ခံလိုက်ရတယ်” ဟု ပြောသည်။
မီးရှို့ဖျက်ဆီးမှုများကြောင့် ပန်းဝါမြို့တွင် ဘုန်းကြီးကျောင်း ၆ ကျောင်း၊ သိမ် ၂ လုံး၊ တောင်ရွှေရွာတွင် ဘုန်းကြီးကျောင်း တကျောင်း သိမ် ၁ လုံး၊ လူနေအိမ် ၂၀ ခန့် ပျက်ဆီးခဲ့ပြီး ယင်း ဘုန်းကြီးကျောင်းများ ထဲတွင် ပန်းဝါမြို့ရှိ ရွာကြီးကျောင်းသည် ရှေးအကျဆုံး ကျောင်းဖြစ်၍ ယခု မီးရှို့မှုကြောင့် ရှေးဟောင်း အမွေအနှစ်များစွာ ပျောက်ဆုံး ပျက်ဆီးခဲ့သည်။
ပျက်စီးသွားသော သာသန အဆောက်အအုံ များထဲတွင် ရခိုင် ဘုန်းကြီးကျောင် တကျောင်း ပါဝင်ပြီး ဘူဒဝါ လူမျိုးများ ကိုးကွယ်ရာ ဘုန်းတော်ကြီး ကျောင်းများဖြစ်၍ လူနေအိမ်များမှာလည်း ဘူဒဝါလူမျိုးများ၏ နေအိမ်များဖြစ်ကြသည်။
ဗုဒ္ဓဘာသာ ကိုးကွယ်ကြသော ဘူဒဝါ လူမျိုးကို မရာမာကြီးဟုလည်း ခေါ်ဝေါ်သုံးစွဲကြပြီး ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင် ဘူဒဝါ လူမျိုး ၁၀ သိန်းခန့် နေထိုင်လျှက်ရှိကြောင်း၊ ၎င်းတို့သည် ဘင်္ဂလာဒေ့ရှ် နိုင်ငံ၏ တိုင်းရင်းသား စာရင်းဝင် လူမျိုးတမျိုးလည်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဘုန်းကြီးကျောင်းများ ဖျက်ဆီးခံရမှုများသည် ပန်းဝါ (ခေါ်) ရာမူးမြို့နယ်အတွင်းရှိ ပန်းဝါနှင့် တောင်ရွှေရွာ၊ ကော့စ်ဘာဇာမြို့နယ်ရှိ မော်ရီကြာ၊ ဦးကီယာမြို့နယ်၊ တက္ကနာမြို့နယ် ဝိုက်ကျောင်း၊ ပိုတီယာ စသည့် မြို့နယ်များတွင် ဖြစ်ပွား ခဲ့ကြောင်းနှင့် ပျက်ဆီးဆုံးရှုံးသွားသည့် ဘုန်းကြီးကျောင်းများနှင့် နေအိမ်များကို ဘင်္ဂလာဒေ့ရှ် အစိုးရက ပြန်လည် တည်ဆောက် ပေးမည်ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဘင်္ဂလာဒေ့ရှ် ရုပ်သံ သတင်းဌာနများက စက်တင်ဘာ ၃၀ ရက်နေ့ ညဘက် သတင်းများတွင် ကြေညာခဲ့သည်။
အခင်း ဖြစ်ပွားမှုများကြောင့် ကော့စ်ဘာဇာ ခရိုင်အတွင်း လူ ၄၀ ကျော်ကို ဖမ်းဆီးထားပြီး ဆက်လက် ဖမ်းဆီမှုများလည်း ရှိနေသေးကြောင်း ကော့စ်ဘာဇာ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။
ထို့အပြင် ဗုဒ္ဓဘာသာဝင် အနည်းစု နေထိုင်ရာ သော်ဒီဂျာနှင့် ဘိုင်စရီဒေသ၊ မဟားဇိုးကျွန်း၊ တက္ကနာမြို့နယ် အတွင်းရှိ ကျေးရွာများ အပါအဝင် ကျေးရွာအများစုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်၊ နယ်ခြားစောင့် တပ်များနှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးထားကြောင်း သိရသည်။