ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပန်းဝါ (ခေါ်) ရာမူးမြို့က စတင်ခဲ့တဲ့ ဗုဒ္ဓ သာသနိက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့တာဟာ အစ္စလမ်အခြေခံ ဝါဒီတွေရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းထားတဲ့ လူ ၁၇၀ ကျော်ထဲမှာ အတိုက်အခံ ပါတီဝင်တွေ ပါဝင်နေတယ်လို့လည်းလို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟိအူဒင် ခန် အလမ်ဂါက အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့စဉ် အတွင်း အခုလို ပြောဆိုခဲ့တာ ဖြစ်ပြီး နယ်မြေခံ အတိုက်အခံ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီခေါင်းဆောင်ကို အရေးအခင်း ဖြစ်ပွားအောင် လှုံ့ဆော်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။
တပြိုင်နက်တည်းမှာ ဒါကာက အတိုက်အခံ ပါတီခေါင်းဆောင် ခါလီဒါဇီယာက ဘင်္ဂလားဒေ့ရှ် အစိုးရဟာ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင် လူနည်းစုကို လုံခြုံမှု မပေးနိုင်တဲ့အပြင် အရေးအခင်းကို အကြောင်းပြပြီး အတိုက်အခံ တွေကို နှိပ်ကွပ်မှာ စိုးရိမ်တယ်လို့ ကြေညာချက် ထုတ်ပါတယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပန်းဝါမြို့က စတင်လိုက်တဲ့ အကြမ်းဖက်မှုတွေဟာ စစ်တကောင်း တိုင်းအတွင်းက ကော့စ်ဘာဇာခရိုင်၊ ဦးကီယာ၊ တက္ကနာနဲ့ စစ်တကောင်း ခရိုင် ပေါ်တီယာမြို့တွေကို ပျံ့န့ှံသွားခဲ့ပြီးနောက် အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို အာဏာပိုင်တွေက ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့တာ အခုဆို လူ ၁၇၀ ကျော်ကို ဖမ်းဆီးရမိထားကြောင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ မြို့တော် ဒါကာထုတ် သတင်းစာတွေနဲ့ ဒေသတွင်း သတင်းစာတိုင်းမှာ ဖော်ပြနေပါတယ်။
ဖမ်းဆီးမှုတွေအကြောင်း ကော့စ်ဘာဇာ ရဲအရာရှိတဦးက “ဖမ်းတာတွေကတော့ ၁၇၀ ကျော်ပြီ။ သူတို့ကို စစ်တကောင်းမြို့နယ်နဲ့ ကော့စ်ဘာဇာ မြို့နယ်တွေက ဖမ်းဆီးထားတာပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းနဲ့ အိမ် ၄၀ လောက် မီးရှို့ဖျက်ဆီး ခံရအပြီး ဒေသတွင်းမှာ နေထိုင်ကြသူ ဒုက္ခသည် ဗုဒ္ဓဘာသာဝင်တွေ ရပ်ရွာကို ပြန်လာကြရာမှာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကာအကွယ် ပေးပါတယ်။
ဒေသခံ ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အဆိုအရ လူ တထောင်လောက် ထွက်ပြေးခဲ့ရပြီး အခု တိုက်ခိုက်မှုတွေ မရှိတော့ဘူးလို့ သိရပါတယ်။ ပျက်စီးသွားတဲ့ အိုးအိမ်တွေကို ပြန်ဆောက်ပေးမယ် လို့လည်း အစိုးရက ပြောပါတယ်။
အစ္စလမ်ဘာသာကို အများစု ကိုးကွယ်ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ လူဦးရေ ၁၅၃ သန်းမှာ ဗုဒ္ဓဘာသာဝင်ဟာ ၁ ရာခိုင်နှုန်းသာရှိပြီး မြန်မာနယ်စပ်နဲ့ ကပ်နေတဲ့ ဒေသတွေမှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌရဲ့ အဆိုအရ ပြီးခဲ့တဲ့ တိုက်ခိုက်မှုဟာ ပါကစ္စတန်က ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကြေညာခဲ့ချိန်ကစလို့ ဒီလိုမျိုး တခါမှ မကြုံသေးဘူးလို့ သိရပါတယ်။ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဩဇာရှိတဲ့ လူမှုရေးခေါင်းဆောင် ၉ ဦးကလည်း တရားဥပဒေအရ စုံစမ်းစစ်ဆေးရေး အမြန်စဖို့ တောင်းဆိုထားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ တိုက်ခိုက်မှုမှာ ပါတယ်လို့ ကောလာဟလတွေ ထွက်နေပေမယ့် ခိုင်မာတဲ့ အထောက်အထား မရှိဘဲ အဖမ်းအဆီး ခံရမှုများလည်း မရှိသေးပါဘူး။