ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေတွင် စစ်တပ်က တပ်တိုးချဲ့ရေးအတွက်ဟုဆိုကာ ရခိုင်ဒေသခံ ၂၀ ကျော်ထံမှ ပုဂ္ဂလိကပိုင်မြေများ သိမ်းယူပြီး ဟိုတယ်များဆောက်လုပ်ခွင့် ပြုခဲ့သည့်အပေါ် အမျိုးသားလွှတ်တော် နိုင်ငံသားတို့၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက စုံစမ်းစစ်ဆေးမှုများ စတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယခင်စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ) ၅၅ က တပ်တိုးချဲ့ရေးအတွက်ဟုဆိုကာ ငပလီကမ်းခြေရှိ ပုဂ္ဂလိပိုင်ခြံမြေများကို သိမ်းယူခဲ့ကြောင်း၊ ထိုသို့ သိမ်းယူပြီးနောက် အမှန်တကယ် တပ်တိုးချဲ့ခြင်းမပြုဘဲ ဟိုတယ်များ ဆောက်လုပ်ခဲ့ကြောင်း၊ ယခင်က စစ်အစိုးရ အုပ်ချုပ်ချိန်ဖြစ်သည့်အတွက် ဒေသခံအများစုမှာ မည်သူကိုမျှ မတိုင်ကြားရဲခဲ့ကြဘဲ အရပ်သားအစိုးရ တက်လာပြီး ဒီမိုကရေစီအပြောင်းအလဲဖြစ်လာချိန်တွင် လွှတ်တော်ကော်မတီများထံ တိုင်ကြားလွှာ ပေးပို့လာသဖြင့် အမျိုးသားလွှတ်တော်နိုင်ငံသားတို့၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီက စုံစမ်းစစ်ဆေးပြီး လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီဝင် အမျိုးသားလွှတ်တော်က ိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
“ခလရ ၅၅ က တပ်တိုးချဲ့ဖို့ဆိုပြီး ပြည်သူတွေဆီက သိမ်းထားတဲ့မြေတွေကို ဟိုတယ်တွေ ဆောက်ထားတယ်။ ဒါနဲ့ပတ်သက်လို့ ကော်မတီကို တရားဝင် တိုင်ကြားစာရောက်လာလို့ ကော်မတီက စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေပြီ။ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လွှတ်တော်ကနေတဆင့် လုပ်သွားဖို့ရှိပါတယ်” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။
ငပလီကမ်းခြေရှိ ခလရ ၅၅ က အဓမ္မသိမ်းယူထားသော မြေများပေါ်တွင် မင်းဇာနည်ကုမ္ပဏီ၊ ဧဒင်အုပ်စု၊ Fortune ကုမ္ပဏီ၊ Max Myanmar နှင့် Amazing Hotel များ ဆောက်လုပ်ထားကြောင်း ဒေသခံများက ဧရာဝတီသို့ ရှင်းပြသည်။
“တပ်က သိမ်းတာက စုစုပေါင်း ၃၅ ဧက သိမ်းတာ။ ပုဂ္ဂလိ ဘိုးဘွားပိုင်မြေက ၃၀ ဧက ပါတယ်၊ ဌာနဆိုင်ရာ ပိုင်မြေ ၅ ဧက။ တပ်တိုးချဲ့ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ သိမ်းခဲ့တယ်။ ဒါပေမယ့် လက်တွေ့မှာ ဟိုတယ်တွေ တလုံးပြီး တလုံးပေါ်လာတယ်။ အသိမ်းခံရတုန်းက မပြောရဲ မဆိုရဲဘူးလေ။ အဲဒီတုန်းက စစ်အာဏာရှင်ခေတ်ဆိုတော့ အားလုံးကြောက်ကြတယ်။ အခုတော့ ဒီကိစ္စကို အဖြစ်မှန်ပေါ်ဖို့ လွှတ်တော်ကို တရားဝင် တိုင်ကြားတာပါ” ဟု ဒေသခံတဦးက ပြောသည်။
အမျိုးသားလွှတ်တော် နိုင်ငံသားတို့၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီမှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ အတွင်းရေးမှူး ဦးမြင့်ထွန်းနှင့် ကော်မတီဝင် ဦးဖုန်းမြင့်အောင်တို့သည် စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ သံတွဲမြို့သို့ သွားရောက်ကာ ခလရ ၅၅ မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် ပြည်နယ်အုပ်ချုပ်ရေး အာဏာပိုင်များ၊ မြေယာသိမ်းဆည်းခံထားရသော ဒေသခံများနှင့်တွေ့ဆုံခဲ့ပြီး စိစစ်စုံစမ်းမှုများပြုလုပ်ပြီး မကြာမီ အစီရင်ခံစာ လွှတ်တော်သို့ တင်ပြမည်ဟု သိရှိရသည်။
“တပ်က တာဝန်ရှိတဲ့သူတွေ၊ မြေအသိမ်းခံထားရတဲ့ ဒေသခံတွေ၊ အုပ်ချုပ်ရေး အာဏာပိုင်တွေကို အဆင့်ဆင့် တွေ့ဆုံပြီး စစ်ဆေးမှုတွေလုပ်ပြီးပြီ။ လာမယ့် လွှတ်တော်အစည်းအဝေးမှာ ကော်မတီက အစီရင်ခံစာကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ်တော်ကို တင်ပြမယ်။ အစီရင်ခံစာနဲ့ လွှတ်တော်ရဲ့အဆုံးအဖြတ်ပေါ်မှာ မူတည်ပြီး လိုအပ်တဲ့ ဆောင်ရွက်မှုတွေရှိလာမယ်” ဟု ဦးဖုန်းမြင့်အောင်က ဆက်လက်ပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကမူ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသော မြေယာသိမ်းဆည်းမှုများကို ပြည်ထောင်စုလွှတ်တော် မြေယာသိမ်းဆည်းမှုများ ဖော်ထုတ်ရေး ကော်မတီက စုံစမ်းဖော်ထုတ်နေပြီး တပ်က သိမ်းဆည်းထားသော မြေယာများကိစ္စလည်း ပါဝင်နေကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“ပြည်ထောင်စုလွှတ်တော်ကနေ ဖွဲ့စည်းလိုက်တဲ့ မြေယာကော်မတီက လွှတ်တော်နားတဲ့အချိန်မှာ မြေယာသိမ်းဆည်းခံရတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ စုံစမ်းဖော်ထုတ်တာတွေရှိနေပြီ။ မြေသိမ်းခံရတယ်ဆိုတဲ့ အထဲမှာ တပ်က သိမ်းတာ၊ ကုမ္ပဏီတွေက သိမ်းတာ၊ စီမံကိန်းနယ်မြေတွေမှာ ပါသွားလို့ အသိမ်းခံရတာ ပုံစံအမျိုးမျိုးရှိတယ်။ ကော်မတီအနေနဲ့ အသိမ်းခံရတဲ့ကိစ္စတွေမှာ မျှမျှတတဖြစ်အောင် နစ်နာမှုမရှိအောင်ဖြေရှင်း ပေးဖို့ ရည်ရွယ်ထားတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ မြန်မာနိုင်ငံတွင်ဖြစ်ပွားသော မြေယာသိမ်းဆည်းမှုများသည် အစိုးရမြေပုံအညွွှန်းပေါ်တွင်ရှိသော အခြေအနေနှင့် လက်တွေ့ပြင်ပအခြေအနေများ ကွာခြားနေမှုက အဓိက အရေးကြီးသော အကြောင်းအရင်းတရပ်အဖြစ် ပါဝင်နေသည်ဟု မကြာသေးမီက ကျင်းပပြီးစီးခဲ့သော လွှတ်တော်အစည်းအဝေးများတွင် မှတ်ချက်ပြုခဲ့ကြောင်း သိရှိရသည်။
“ဦးရွှေမန်းက ပြောတာက အစိုးရမြေပုံအညွွှန်းပေါ်မှာ သစ်တောကြိုးဝိုင်းလို့ပြထားတယ်။ တပ်က တပ်တိုးချဲ့ဖို့ အဲဒီသစ်တောကြိုးဝိုင်းကို ယူမယ်ဆိုပြီး လုပ်တဲ့အချိန်မှာ တကယ့်လက်တွေ့အပြင်မှာက သစ်တောကြိုးဝိုင်းမရှိတော့ဘဲ ရွာတွေ၊ ဘုန်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေဖြစ်နေတယ်။ အဲဒါတွေကို အတင်းအကျပ် ရွှေ့ခိုင်းတဲ့အခါမှာ မြေယာသိမ်းတဲ့ကိစ္စတွေ ဖြစ်လာတယ်။ အလားတူကိစ္စမျိုးတွေ အများကြီး ရှိနေတယ်၊ ဖြစ်နေတယ်ဆိုတာ ပြီးခဲ့တဲ့ လွှတ်တော်အတွင်းမှာ ဆွေးနွေးခဲ့ကြတယ်” ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။
တနိုင်ငံလုံး မြေယာသိမ်းဆည်းခံရမှုများကို စုံစမ်းဖော်ထုတ်ရန် ပြည်ထောင်စုလွှတ်တော် မြေယာသိမ်းဆည်းမှုများ ဖော်ထုတ်စိစစ်ရေး ကော်မတီကို ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးများတွင် ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ ရှစ်ဖွဲ့ခွဲကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။