ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် ဗဟို အလုပ်အမှုဆောင် ၃ ဦးတို့ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုမှ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနမှ ပဒိုဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို KNU အဖွဲ့မှ တွဲဘက် အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ယခုလ ၂ ရက်နေ့က လက်မှတ်ရေးထိုးပြီး ၎င်းတို့ကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
တာဝန်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ခဲ့သည့် အမိန့်စာကို KNU ဗဟို အလုပ်အမှုဆောင် ၁၁ ဦးထံ ပေးပို့ထားပြီး ၎င်းတို့၏ နေရာများတွင် အစားထိုး ခန့်အပ်ရန် ယခုရက်ပိုင်းအတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
KNU နှင့် နီးစပ်သူတဦး အဆိုအရ စစ်ဦးစီးချုပ်နေရာကို KNLA တပ်မဟာ (၅) မှ တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဘောကျော်ဟဲ၊ ပဒို ဒေးဗစ်ထောနေရာတွင် KNU တွဲဖက် အတွင်းရေးမှူး (၂) စောဒေါလေမူးကို ခန့်အပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
ပဒိုရောဂျာခင်၏ နေရာတွင် မည်သူ့အား အစားထိုးခန့်အပ်မည်ကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။
မကြာသေးခင်ရက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေး ဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်ပြီး KNU အနေနှင့် ဆောက်ရွက်ခြင်း မဟုတ်သည့်အပြင် KNLA ဗဟို စစ်ဌာနချုပ်၏ အစီအစဉ် မဟုတ်၍ KNU ဗဟိုမှ တစုံတရာ မသိရကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ထုတ်ပြန်ပြီးနောက်ပိုင်း KNU ဗဟိုမှ တာဝန်မှ ရပ်စဲလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခြင်း ဖြစ် သည်။
ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်အတွက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တပ်မဟာ ခေါင်းဆောင်တချို့ကို ဦးဆောင်၍ KNU ဗဟိုကော်မတီဝင်များနှင့် တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲ သွားရောက်ခဲ့ကြောင်း KNU က ဆိုသည်။
ဘားအံမြို့သို့ သွားရောက်ခဲ့သည့်အဖွဲ့တွင် KNU တပ်မဟာ (၇) မှ ဗိုလ်ချုပ် ဂျော်နီနှင့် တပ်မဟာ (၄) ဒေသ ထားဝယ်ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်း၊ ပဒိုဒေးဗစ်ထော၊ ပဒိုရွှေမောင်နှင့် ပဒိုရောဂျာခင် အပါအဝင် ကိုယ်စားလှယ် ၃၁ ဦး လိုက်ပါသွားကြောင်း သိရသည်။
KNLA တပ်ဖွဲ့သည် KNU ၏ ဌာန ၁၄ ခုရှိသည့်အနက် ကရင်အမျိုးသား ကာကွယ်ရေးဌာန အုပ်ချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင် ရှိသော အဖွဲ့တခု ဖြစ်သည်။
KNU ဗဟိုနှင့် စစ်ဦးစီးချုပ်တို့အကြား ပြီးခဲ့သည့်လဆန်းပိုင်းမှ စတင်၍ တဘက်နှင့်တဘက် အမိန့်နာခံမှုနှင့် ပတ်သက်၍ အပြန်အလှန် လေးစားမှု မရှိတော့ဘဲ ကြေးနန်းဖြင့်သာ နှစ်ဘက်သဘောထားများကို ပေးပို့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အစိုးရနှင့် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြသည်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီးလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်သည်။