ပြည်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ် အချို့သည် နေ့စဉ် သတင်းစာများ ထုတ်လုပ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်နေကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်များမှ သတင်းစာဆရာ တချို့က ပြောသည်။
ပြည်တွင်း၌ ဂျာနယ်လောကတွင် နာမည်ရနေကြပြီဖြစ်သော မြန်မာတိုင်းမ်၊ 7Day, Eleven, The Voice, Messenger, Popular, ပြည်မြန်မာ စသည်ဂျာနယ်များက နေ့စဉ်သတင်းစာ ထုတ်နိုင်ရေး ပြင်ဆင်နေကြောင်း သိရသည်။
“ကျနော်တို့ကတော့ အဆင်သင့် နီးပါးလောက် ဖြစ်နေပြီလို့ ပြောလို့ရပါတယ်၊ ကြားထဲမှာ ကျနော်တို့ ထပ်ပြီးတော့ လူအင်အား ဖြည့်ရဦးမှာပေါ့၊ ဒီနှစ်ကုန်လောက် ဆိုရင်တော့ အဆင်သင့်ဖြစ်သွားမှာပါ” ဟု စွယ်စုံမီဒီယာဂရု (ပ်) အကြီးအကဲနှင့် ပြည်မြန်မာ ဂျာနယ်၏ အယ်ဒီတာချုပ် ဒေါက်တာ တင်ထွန်းဦး က ဧရာဝတီသို့ ပြောသည်။
နေ့စဉ်သတင်းစာထုတ်ရန် ရည်ရွယ်ထားသော အထက်ပါဂျာနယ်များသည် ထုတ်ခွင့်ကျလာသည်နှင့် လုပ်ကိုင်နိုင်ရေးအတွက် လူအင်အား၊ စက်အင်အားများအတွက် ကြိုတင်ပြင်ဆင်မှုများ စတင် လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။ နေ့စဉ် သတင်းစာ ထုတ်လုပ်ခွင့်ကိုလည်း ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ကျလာနိုင်မည်ဟုလည်း သတင်းစာဆရာများက ခန့်မှန်းပြောဆိုနေကြသည်။
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည် ကလည်း ပုဂ္ဂလိက နေ့စဉ်သတင်းစာများကို လာမည့် နှစ်ဆန်းပိုင်းအတွင်း ထုတ်ခွင့် ပေးနိုင်ရန် ပြင်ဆင်နေလျက်ရှိကြောင်း ပြည်တွင်း၊ ပြည်ပ သတင်းဌာနများနှင့် တွေ့ဆုံရာတွင် ပြောဆိုထားသည်။
ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေနိုင်ရေးအတွက် ပြင်ဆင်နေသည့် အထဲတွင် ရန်ကုန်မီဒီယာ ဂရု (ပ်) သည်လည်း အပါအဝင် ဖြစ်ပြီး ၎င်းတို့ အနေဖြင့် ထုတ်ခွင့်ကျလာသည်နှင့် အဆင်သင့် လုပ်ဆောင်နိုင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မီဒီယာဂရု (ပ်) အကြီးအကဲ ဦးကိုကို (စက်မှု) က ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ကတော့ လောလောဆယ် ပိုပြီးတော့ ကျယ်ကျယ် ဝန်းဝန်းရှိတဲ့နေရာကို ရွှေ့ပြီးသွားပြီ၊ ကျနော်တို့မှာ လူအင်အား နည်းတဲ့အခါကြတော့ ဂျာနယ်လစ် အင်အားတွေ ထပ်တိုးရမယ်၊ လူသစ်တွေကိုလည်း သင်တန်းပေးရမယ်၊ ရုံးဖွဲ့စည်းပုံလည်း သတင်းစာတိုက်တတိုက်နဲ့ တူအောင်လည်း စပြောင်းနေတယ်” ဟု ဦးကိုကို (စက်မှု) က ပြောသည်။
ထုတ်ဝေခွင့်ကျလာလျှင် ငွေကြေးတတ်နိုင်သည့် မီဒီယာကြီးများအနေဖြင့် ကိုယ်ပိုင် စက်များဖြင့် ထုတ်လုပ်မည့်သူများရှိသကဲ့သို့ ငွေကြေးအင်အားနည်းသည့် မီဒီယာများအနေဖြင့် ပုံနှိပ်စက်များထံ ငှားရမ်းအပ်နှံ၍ လုပ်ကိုင်ကြသော ပုံစံနှစ်မျိုးဖြင့် လုပ်ဆောင် ကြလိမ့်မည်ဟု သူက ဆက်ပြောသည်။
နိုင်ငံတွင်းရှိ မီဒီယာကုမ္ပဏီများမှာ နေ့စဉ်သတင်းစာ ထုတ်ဝေနိုင်ရေးအတွက် လူအင်အား၊ စာဖတ်သူ အင်အား လုံလောက်မှု မရှိသေးကြောင်း ကမ္ဘောဒီးယားနိုင်ငံတွင် “The Phnom Penh Post” အမည်ရ သတင်းစာနှစ်စောင်ကို အင်္ဂလိပ်ဘာသာနှင့် ဒေသခံ တိုင်းရင်းဘာသာတို့ဖြင့် ထုတ်ဝေနေသော လက်ရှိ မြန်မာတိုင်းမ်ဂျာနယ်ကို တည်ထောင်သူ မစ္စတာ ရော့စ်ဒန်ကလေက သူ၏ဂျာနယ် အင်တာဗျူးကဏ္ဍတွင် ဖြေဆိုထားသည်။
“မရှိဘူး။ လူဦးရေ အနေကျဲသေးတဲ့ နိုင်ငံအတွင်းပိုင်း၊ ကျယ်ပြောလှတဲ့ တိုင်းပြည်အနှံ့ နေရာတွေဆီအထိ အရောက်ပို့ပေးရမယ့် ကြီးမားတဲ့တာဝန်ကြီးကို လုပ်ဆောင်နိုင်ဖို့ ကျနော်တို့ အထဲက ဘယ်သူမှ အဆင်သင့်မဖြစ် ကြသေးပါဘူး။ တကယ်တော့ ရန်ကုန် နေရာအနှံ့တောင် ထိရောက်အောင် မဆောင်ရွက်နိုင်ကြသေးပါဘူး” ဟု ရော့စ်ဒန်ကလီက ဖြေဆိုထားကြောင်း မြန်မာတိုင်းမ် အင်တာနက်စာမျက်နှာတွင် ဖတ်ရှုရသည်။
၎င်းတို့သုတေသန ပြုလုပ်ချက်အရ မြန်မာနိုင်ငံတွင် စာဖတ်သည့် အသက်အရွယ် လူဦးရေ ၃၅ သန်းနှင့် သန်း ၄၀ အကြား ရှိကြောင်း ထိုအထဲက လူ ၁၀၀ တွင် တစ်ယောက် နေ့စဉ် သတင်းစာ ဝယ်ဖတ်မည်ဆိုလျှင် တရက်လျှင် သတင်းစာ စောင်ရေ ၄ သိန်း လိုအပ်မည်ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် သတင်းစာများ ထုတ်ဝေခွင့်ရရှိလာပါက ခက်ခဲကြမ်းတမ်းမှုများဖြင့် ကြုံတွေ့မည်ကို ကြိုသိထားကြောင်း၊ သို့သော် လည်း နေ့စဉ်သတင်းစာ ထုတ်ဝေမှု အတွေ့အကြုံများရှိသည့် မစ္စတာ ရော့စ်ဒန်ကလေက ၎င်းတို့ မြန်မာတိုင်းမ် အနေဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်းပြောဆိုထားသည်။
ထို့ပြင် နေ့စဉ်သတင်းစာများ အရည်အသွေး မြှင့်တင်နိုင်ရန်အတွက် နိုင်ငံခြား မီဒီယာကုမ္ပဏီများနှင့် အတတ်ပညာရှင်များကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း၊ သို့သော်လည်း ကျဉ်းကြပ်နေသည့် သတင်းစာဖြန့်ချိနိုင်မှုအားကြောင့် နိုင်ငံခြား ကုမ္ပဏီများ ဝင်ရောက်လာနိုင်ရန် နည်းပါးသည်ဟု ဆိုသည်။
နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်များ ကျလာပါက လက်ရှိစိုင်းပြင်းနေသော မြန်မာမီဒီယာ ကုမ္ပဏီများအနေဖြင့်လည်း အပြိုင်အဆိုင် ကြိုးပမ်းကြမည် ဖြစ်ပြီး အရည်အသွေးနှင့် အင်အားချို့ယွင်းမည့် ကုမ္ပဏီများမှာ ကျဆုံးသွားနိုင်သည်ဟု ဦးကိုကို (စက်မှု) က ပြောသည်။
ထို့အပြင် လက်ရှိ အပတ်စဉ် ထုတ်နေကြသော သတင်းဂျာနယ်များ အနေဖြင့်လည်း အရည်အသွေးမြှင့်တင်ရန်နှင့် ရေးသားပုံ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ မပြင်ဆင်နိုင်ပါက ရပ်နားရသည်အထိ ဖြစ်သွားနိုင်ကြောင်း သူကဆက်ပြောသည်။
“နေ့စဉ်ထုတ် သတင်းစာတွေ ထွက်လာရင် အခုထုတ်နေတဲ့ သတင်းဂျာနယ်တွေဟာ Breaking News, Hard News ပုံစံတွေနဲ့ ထွက်မယ်ဆိုရင် အလုပ်မဖြစ်တော့ဘူး၊ အဲလိုမဟုတ်ဘဲနဲ့ အပတ်စဉ်ထုတ် သတင်းမဂ္ဂဇင်း ပုံစံနဲ့ သုံးသပ်ချက် ဆောင်းပါးတွေ၊ ဝေဖန်ချက်ဆောင်းပါးတွေ၊ ဒါမှမဟုတ်လည်း ဖြစ်ရပ်တခုကို အကျယ်ချဲ့ပြီး ရေးတဲ့ဟာမျိုးတွေ ပုံစံပြောင်းရင်တော့ ဖြစ်နိုင်တယ်” ဟု ဆိုသည်။
အစိုးရက ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများ ထွက်မလာမီ အချိန်အတွင်း၌ ၎င်းတို့၏ နေ့စဉ်ထုတ်သတင်းစာများကို အရည်အသွေး မြှင့်တင်ရန် ပြင်ဆင်နေပြီဖြစ်သည်။ လက်ရှိ နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာကို ယခုလ ၁၈ ရက်နေ့မှ စ၍ ရောင်စုံဖြင့် ထုတ်ဝေတော့မည်ဟုသိရသည်။
အစိုးရပိုင် ကြေးမုံသတင်းစာမှာ ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်ကြီး တစောင်နှင့် တွဲ၍ နေ့စဉ်သတင်းစာအဖြစ် ထုတ်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကာယကံရှင်များက အတိကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။
အစိုးရအနေဖြင့် ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုလျှင် ၁၉၆၇ ခုနှစ်က မန္တလေး နေ့စဉ်ထုတ် “လူထု” သတင်းစာ ပိတ်ခံရပြီး နောက် နှစ်ပေါင်း ၄၅ နှစ်အကြာတွင် ပြန်လည် အသက်ဝင်လာမည်ဖြစ်သည်။