ရှမ်းပြည်နယ် တောင်ပိုင်း သံလွင်မြစ်ပေါ်ရှိ အာရှတွင် အမြင့်ဆုံးဖြစ်လာနိုင်သော တာဆန်းဆည် မဟာ ရေအားလျှပ်စစ်စီမံကိန်းကို စတင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နှင့် မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ကြားတွင်တည်ရှိပြီး လတ်တလောတွင် China Three Gorges Project Development Corporation (CTGPDC) ကုမ္ပဏီမှ ဝန်ထမ်းများက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ကိုစိုင်းစိုင်းက ဧရာဝတီသို့ ပြောသည်။
“တရုတ်အဖွဲ့တွေက ဆန်းစစ်လေ့လာမှုတွေ လုပ်နေတယ်၊ သူတို့ စီမံကိန်းအတွက် ဒီဇိုင်းအသစ် ပြန်လုပ်ဖို့ရယ်၊ နောက်ပြီးတော့ တရုတ်နယ်စပ်ကနေ လမ်းဖောက်ဖို့အတွက် လာလေ့လာတယ်လို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။
ကိုစိုင်းစိုင်း၏ အဆိုအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှ စတင်၍ ယင်းဒေသအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယင် စီမံကိန်းကြီးကို စတင်ရန် CTGPDC ကုမ္ပဏီ ဝန်ထမ်းများက ကွင်းဆင်းလေ့လာမှုများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း စီမံကိန်းကို သံလွင်မြစ်ပေါ်တွင် တာတမံ နှစ်ဆင့် တည်ဆောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ် ပမာဏ၏ နှစ်ဆကျော်ထုတ်ယူ နိုင်သည်ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစပ်အောင်မြတ်က ပြောကြားကြောင်းလည်း ယခုလ ပထမပတ်ထုတ်က ပေါ်ပြူလာသတင်းဂျာနယ်တွင် ဖော်ပြထားသည်။
“ဒီနေရာမှာ ကျောက်တောင်တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထားကလည်း အနည်းဆုံး နေရာဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာ စစ်အစိုးရက ပထမဦးဆုံး ထိုင်းနိုင်ငံမှ အမ်ဒီအိက်စ် ကုမ္ပဏီ အုပ်စု (MDX Group) နှင့် ရှမ်းပြည်နယ်တွင် တာဆန်းဆည် တည်ဆောက်ရန် ၂၀၀၇ ခုနှစ်တွင် သဘောတူခဲ့သည်။
ထိုအချိန်က MDX Group နှင့် မကျေလည်မှုများ ရှိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ဆိုင်နို ဟိုက်ဒရို၊ တရုတ်နိုင်ငံတောင်ပိုင်း ပါဝါဂရစ် ကုမ္ပဏီ၊ တရုတ် CTGPDC တို့က မြန်မာနိုင်ငံ သံလွင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ရှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) မှ လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းမောင်ကြီးက သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းကြောင့် ရှမ်းတိုင်းရင်းသားများသာမက ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ တိုင်းရင်းသားများ သဘာဝဆိုးကျိုးများ ကြုံရနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ထုံစံအတိုင်း အရင် အတိတ်ကာလကို ပြန်ကြည့်မယ်ဆိုရင် လောပိတ ရေအားလျှပ်စစ် စီမံကိန်းတို့၊ ဇော်ဂျီ ရေအားလျှပ်စစ် စီမံကိန်းတို့ဆိုရင် ဖြတ်သာသွားတယ်၊ မြင်သာမြင် မကြင်ရတဲ့ ဘ၀ အဲဒီလိုမျိုးပေါ့။ အခုလည်း တာဆန်းရေကာတာ စီမံကိန်းလည်း ထင်သာမြင်သာမှု မရှိဘူးဆိုတော့ ကောင်းကျိုးတွေ ခံစားရမယ်လို့ မမျှော်လင့်ပါဘူး” ဟု ၎င်းက ဆိုသည်။
စီမံကိန်းနှင့် ပတ်သက်သည့် အဖွဲ့အစည်းများအနေနှင့် ပြည်သူလူထု၏ ဆန္ဒမပါဘဲ အကောင်အထည် ဖော်ဆောင်ခြင်း မပြုလုပ်သင့်ကြောင်း ဦးစိုင်းမောင်ကြီးက ဆက်ပြောသည်။
ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းနှင့် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ရေးအတွက် အနည်းဆုံး ဒေါ်လာ သန်း ၆၀၀၀ ကုန်ကျမည်ဖြစ်ပြီး ရေကာတာ၏ အမြင့်သည် ၂၂၈ မီတာ ဖြစ်ပြီး အာရှတိုက်တွင် အမြင့်ဆုံးရေကာတာ ဖြစ်မည်ဟု သိရသည်။
မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်၏ မှတ်တမ်းအရ တရုတ်နိုင်ငံရှိ အမြင့်ဆုံးဆည်ဖြစ်သည့် ဧရာမ Three George Dam ထက်ပင် မြင့်ဖွယ် ရှိသည်ဟု သိရပြီး ယင်းဆည်တည်ဆောက်မှုနှင့် ပတ်သက်၍ ဆိုးကျိုးများကို ဒေသခံများအား အသိပေးခြင်း မရှိဟု ဆိုသည်။
၂၀၀၅ ခုနှစ်က စစ်အစိုးရ ထုတ်ဝေသည့် နိုင်ငံတော် ဖံွ့ဖြိုးတိုးတက်မှု မှတ်တမ်းစာအုပ်တွင် “တာဆန်း (သံလွင်) အမည်တွင်မည့် အဆိုပါ မဟာရေအား လျှပ်စစ် စီမံကိန်းကြီးမှ ထုတ်ယူရရှိမည့် လျှပ်စစ်ဓာတ်အား ပမာဏမှာ ၇၁၁၀ မဂ္ဂါဝပ် ဖြစ်ပေသည်” ဟု ဖော်ပြထားသည်။
“သံလွင်မြစ်၏ စွမ်းအားကို အသုံးချ၍ ပြည်ထောင်စုကြီး ထွန်းကားအောင် နိုင်ငံတော်က စွမ်းဆောင်ပေးမည့် မဟာ ရေအား လျှပ်စစ် စီမံကိန်းကြီး ဖြစ်သည်” ဟု ၎င်းစာအုပ်တွင် ရေးထားသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်သော“ဘဝဇစ်မြစ် မပြတ်ရေးအတွက် တင်းခံရခြင်း” (Roots and Resilience) အမည်ရှိ အစီရင်ခံစာတွင် သံလွင်မြစ်ရိုးပေါ်တွင် တည်ဆောက်မည့် တာဆန်း ရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူများ ဆင်းရဲဒုက္ခ ရောက်နေရကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သောနှစ်များကပင် လူဦးရေ တသောင်းခွဲခန့်သည် ၎င်းဒေသမှ ဖယ်ပေးခဲ့ရပြီး အများစုမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
ယခင် စစ်အစိုးရက လက်ထက်၌ တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာ ၇ ခု တည်ဆောက်ရန် လျာထားခဲ့ကြောင်း၊ တရုတ်ကုမ္ပဏီများ အဓိက တာဝန်ယူ ဆောက်လုပ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ပမာဏ ၃၅၆၄၀ မဂ္ဂါဝပ်ထွက်ရှိရန် မျှော်လင့်ထားပြီး အများစုကို တရုတ်သို့ တင်ပို့ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ကချင်၊ ရှမ်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။
ကရင်ပြည်သူ့ပါတီ (KPP) မှ တွဲဖက် အတွင်းရေးမှူး ဦးစောမိုးမြင့်က “ဧရာဝတီကိုပဲ လူတွေက အာရုံစိုက်ကြတယ်၊ သံလွင်ကိုတော့ လူတွေက မေ့နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။