ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်သည့် ဗန်းမော်ခရိုင် မိုင်ဂျာယန်မြို့တွင် ကချင် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အဖွဲ့ ( Kachin International Trade and Culture Exchange Society – KITCES) ရုံးခန်းကို ယနေ့ဖွင့်လိုက်ကြောင်း သတင်းရရှိသည်။
ကချင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ စီးပွားရေး ကိစ္စရပ်များတွင် ကူညီဆောင်ရွက်ရန် ကချင်လုပ်ငန်းရှင်များနှင့် ကချင်ပြည်သူများ ပါဝင်ဖွဲ့စည်ထားကြောင်း သိရသည်။
“ကျနော်တို့ ကချင်တွေက စီးပွားရေး၊ ကုန်သွယ်ရေးမှာ အားအရမ်းနည်းတယ်။ မလုပ်တတ်၊ မကိုင်တတ် ဖြစ်ကြတဲ့ အတွက် နိုင်ငံခြားမှာ ရောက်နေတဲ့ ပညာရှင်တွေရဲ့ လမ်းညွှန်မှုကို ရအောင်လုပ်ပေးမယ်” ဟု KITCES ၏ ဥက္ကဋ္ဌ ဦးဓါမျာမောရှေ (Da Mya Maw She) က ဧရာဝတီသို့ ပြောသည်။
KITCES သည် လူမျိုးရေးခွဲခြားပြီး ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ ကချင်ပြည်နယ်အတွင်းရှိ မည်သည့်တိုင်းရင်းသား လူမျိုးကိုမဆို ကူညီသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
KITCES အဖွဲ့အနေဖြင့် ဘိန်းအစားထိုး စိုက်ပျိုးရေးလုပ်ငန်းများ၊ မူးယစ်ဆေး ပပျောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပြီး ယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရေးနှင့် စစ်ဘေးကြောင့် ရှောင်တိမ်းနေရသော တိုင်းရင်းသား ကလေးငယ်များ၏ ပညာရေးအတွက် အထောက်အပံ့ပေးနိုင်ရန် ငွေကြေးအကူအညီ လိုအပ်ကြောင်း သိရသည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်း KITCES ကို ဖွဲ့စည်းဖွင့်လှစ်ထားသော်လည်း သမ္မတဦးသိန်းစိန် အစိုးရ၏ ကူညီထောက်ပံ့မှုနှင့် အာရုံစိုက်မှုကိုလည်း မျှော်လင့်ပါကြောင်း ဦးဓါမျာမောရှေက ဧရာဝတီသို့ ပြောသည်။
KITCS ရုံးဖွင့်ပွဲကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကချင်တိုင်းရင်းသား ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။
ပြီးခဲသည့် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ကချင်ပြည်နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန်ကြားရှိ ပရန်ငေါန်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာများအတွက် Justice and Negotiation Center (တရားမျှတမှုနှင့် စေ့စပ်ရေးဌာန) အမည်ရှိ ရုံးခန်းတခု ဖွင့်လှစ်ခဲ့သည်။