တောင်ကိုရီးယား နိုင်ငံ၌ ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှု ဖြစ်စဉ်များ ပိုမိုအားကောင်းစေရန်အတွက် တောင်ကိုရီးယားမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်ရန် တိုက်တွန်း ပြောကြား သည်။
ယမန်နေ့က ဆိုးလ်မြို့တွင် ကျင်းပသည့် Myanmar Investment Forum သို့ တက်ရောက် မိန့်ခွန်းပြောကြားရာတွင်လည်း ဦးသိန်းစိန်က နိုင်ငံတကာ ရင်းနှီးးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်သာမဟုတ်ဘဲ ဒီမို ကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်း အထောက်အကူပြုသွားမည် ဖြစ်ကြောင်း၊ တောင် ကိုရီးယားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို နွေးထွေးစွာ ကြိုဆိုကြောင်း ပြောကြားသွားသည်ဟု အစိုးရသတင်းစာ များတွင် ယနေ့ ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောင်ဘက် နှင့်လည်း သမ္မတ အိမ်တော်(Blue House)၌ တွေ့ ဆုံပြီး သဘာ၀ ဓာတ်ငွေ့ ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင် စက်ရုံများ တည်ဆောက်ရေး စသည့် လုပ်ငန်းများ အပါအဝင် ၂ နိုင်ငံ စီးပွားရေး ပိုမို အားကောင်းစေရန် သဘောတူညီမှုများ ပြုလုပ်ကြောင်း သိရသည်။
သို့အတွက်လည်း ၂ နိုင်ငံ ခေါင်းဆောင်များသည် ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးနှင့် ငွေကြေး အကူအညီများ ပါဝင်သော သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးကြသည်။
သမ္မတရုံး ဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဌ ဖြစ်သူ ဦးစိုးသိန်းနှင့် တောင် ကိုရီးယား လုပ်ငန်းရှင်အသင်း တခုဖြစ် သော တောင် ကိုရီးယားနိုင်ငံ ပြည်ပပို့ကုန်ဆိုင်ရာ အဖွဲ့ကြီးတခုဖြစ်သော Kotra က တာဝန်ရှိသူများနှင့်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယား အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့ ပြီး ၎င်းတို့အား မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး၊ မြန်မာ စီးပွားရေး ဖွံ့ဖြိုးမှုများအတွက် ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဖိတ်ခေါ်ခဲ့သည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ဝင်ရောက်လာမယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများမှာ ဖော် ဆောင်ပေးမယ့် အခွင့်အလမ်းတွေကို ထိရောက်စွာ အသုံးချနိုင်အောင် ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကျနော်တို့ရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ အဆင်သင့်ဖြစ်နေအောင် လိုအပ်တဲ့ အကူအညီတွေကို ကိုရီးယားနိုင်ငံ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း အဖွဲ့ချုပ်ဖြစ်တဲ့(Korea Federation of Small and Medium Business- Kbiz) ကေဗစ် ကလည်း ဖော်ဆောင်ပေးနိုင် မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်မိ ပါတယ်”ဟု သမ္မတ ဦးသိန်းစိန် က ဆိုသည်။
အဆိုပါ Kbiz အဖွဲ့သည် တောင်ကိုရီယားနိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ကဏ္ဍတွင် အရေးပါသည့် အဖွဲ့လည်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် တောင်ကိုရီးယား ကုမ္ပဏီပေါင်း ၅၂ ခုက အမေရိကန် ဒေါ်လာ သန်း ၃၀၀၀ ခန့် ရင်းနှီး မြှုပ်နှံထား သည်။
လွန်ခဲ့သည့် သတင်းပတ်ကပင် တောင်ကိုရီးယား ကုမ္ပဏီကြီးတခုက ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၀၀ ရှိ စက်ရုံ တည်ဆောက်သွားရန် သဘောတူ လက်မှတ်ထိုးခဲ့သည်။
”စီးပွားရေး ဝန်းကျင်ကောင်းတခု ရှင်သန်နိုင်စေရန်အတွက် တရားဥပဒေစိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေ ခံ အကျဆုံး ဖြစ်သည်ဆိုသည်ကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နားလည်သဘောပေါက် ထားပါကြောင်း၊ တရားဥပဒေ စိုးမိုး မှု ရှိစေရန် တရားရေးမဏ္ဍိုင်ပြုပြင် ပြောင်းလဲရေးကို အချိန်နှင့် တပြေးညီ ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း”ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောဆိုသည်။
သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောက်ဘက် ၏ ဖိတ်ကြားမှုဖြင့် အောက်တိုဘာ ၇ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ ခရီးစဉ်အတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို အလေးပေး ဆွေးနွေးမှုများ လုပ်ဆောင်ကြောင်း သတင်းများက ဆိုသည်။
တောင်ကိုရီးယား စစ်လက်နက်ပစ္စည်း စက်ရုံသို့လည်း ခရီးစဉ်အတွင်း သွားရောက်ရန်ရှိပြီး ၂ နိုင်ငံ သုတေသန၊ သိပ္ပံ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီယား သတင်းများက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ တောင်ကိုရီးယား ခရီးစဉ်သတင်းများကိုလည်း ယခင် အမေရိကန် ခရီးစဉ်ကဲ့သို့ ပြည်သူများ သိရှိနိုင် ရန် အချိန်နှင့်တပြေးညီ နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းများတွင် ဖော်ပြသည်။