ပါကစ္စတန်နိုင်ငံမှ မှာယူထားသော ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်တွေ့ရှိမှုသည် ဒိုင်းမွန်းစတား ကုမ္ပဏီနှင့် သက်ဆိုင်ခြင်း မရှိသဖြင့် စုံစမ်းစစ်ဆေးမှုများကို ပါကစ္စတန်နိုင်ငံ အာဏာပိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၄ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ဒိုင်းမွန်းစတား ဂျုံစက်ရုံတွင် သီလဝါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် ဂျုံကွန်တိန်နာကို ဖွင့်ဖောက်စဉ် Made in China တံဆိပ်ပါ ရွှေရောင် ပစ္စတိုတလက်နှင့် ကျည်ဆံများ ပါဝင်သော အထုပ် တထုပ်တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် စက်ရုံတာဝန်ရှိသူများက သက်ဆိုင်ရာ အာဏာပိုင်များထံ ဆက်သွယ် အကြောင်းကြားခဲ့ကြောင်း၊ အာဏာပိုင်များက ဌာနပေါင်းစုံ ပါဝင်သော စုံစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပြီး စုံစမ်းခဲ့ကြောင်း၊ လတ်တလောတွင် ယင်း လက်နက်တွေ့ရှိမှုမှာ ဒိုင်းမွန်းစတား ကုမ္ပဏီနှင့် တစုံတရာ ပတ်သက်မှုမရှိကြောင်း ၎င်းကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။
“သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးပြီး ဒီလက်နက်တွေ့ရှိမှုက ကုမ္ပဏီနဲ့ ပတ်သက်မှုမရှိဘူး ဆိုတာကို တရားဝင် သိရတယ်။ ကုမ္ပဏီ ဘက်ကလည်း လက်မှတ်ထိုး ပေးလိုက်တယ်။ သက်ဆိုင်ရာ ဘက်ကတော့ လက်နက်ပါလာတဲ့ ဒေသရင်း နိုင်ငံအထိ စုံစမ်းမှုတွေ ဆက်လုပ်မယ်လို့ ပြောတယ်။ ပြည်တွင်း လမ်းကြောင်းကနေ ပါလာတာ မဟုတ်ဘူး။ ဂျုံစေ့ ကွန်တိန်နာဆိုတာက လမ်းမှာ ဖွင့်ဖောက်လို့ ရတာမျိုး မဟုတ်ပါဘူး” ဟု ဒိုင်းမွန်းစတား ကုမ္ပဏီမှ ဝန်ထမ်းတဦးက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းကမူ ကွန်တိန်နာ အတွင်း လက်နက်တွေ့ရှိမှု သတင်းသည် လုံခြုံရေးနှင့် သက်ဆိုင်နေသောကြောင့် စုံစမ်းစစ်ဆေးမှု ရလဒ် အချက်အလက် များကို ထုတ်ဖော် ပြောဆိုရန် ငြင်းဆိုသည်။
“လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေမှာ တချို့သတင်းတွေက မထုတ်ပြန်တာတွေရှိတယ်” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။
ရန်ကုန် အကောက်ခွန် ဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ဌာနခွဲ (ထုတ်/သွင်း) မှ ညွှန်ကြားရေးမှူးကမူ သီလဝါ ဆိပ်ကမ်းမှ သယ်ဆောင်သွားသော လက်နက်ပါဝင်သည့် ဂျုံစေ့ ကွန်တိန်နာမှာ X-Ray စက် ဖြတ်သန်းခြင်း မပြုနိုင်ခဲ့ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
“လက်နက်ပါတဲ့ ကွန်တိန်နာက X-Ray စက်နဲ့ မစစ်နိုင်ခဲ့ဘူး။ အဲဒီအချိန်က X-Ray စက်ပျက်နေတယ်” ဟု ညွှန်ကြားရေးမှူးက ပြောသည်။
ဒိုင်းမွန်းစတား ကုမ္ပဏီသည် ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ဂျုံစက်ရုံ၊ စားသောက်ကုန် အပါအဝင် စီးပွားရေး လုပ်ငန်းများစွာ လုပ်ကိုင်နေသော ပြည်တွင်း ထိပ်တန်း စီးပွားရေး ကုမ္ပဏီကြီး တခုဖြစ်သည်။