မြန်မာနိုင်ငံတွင် လယ်ယာမြေ သိမ်းဆည်းမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမှု အပါအဝင် လယ်သမားများ၏ အခက် အခဲများကို ကူညီဖြေရှင်းပေးသွားရန် လယ်သမား သမဂ္ဂများ စတင် ပေါ်ပေါက်လာနေကြောင်း သတင်းရရှိသည်။
“တောင်သူလယ်သမား သမဂ္ဂတွေ ဖွဲ့စည်းရေး လုပ်နေတာ အခု တိုင်းအားဖြင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ အခု စစ်ကိုင်းတိုင်း၊ နောက်မွန်ပြည်နယ်ပေါ့။ ပြည်နယ်တခုနဲ့ တိုင်း ၄ တိုင်းမှာ ဖွဲ့စည်းပြီးပါပြီ။ ကျေးရွာ အုပ်စုအဆင့် ၁၂ မြို့နယ်မှာ ဖွဲ့စည်းပြီးပါပြီ”ဟု လယ်သမား အရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးက ဧရာဝတီကို ပြောသည်။
ယခုအခါ ရပ်ကွက်၊ ကျေးရွာ အဆင့် လယ်သမား သမဂ္ဂများ ဖွဲ့စည်းနိုင်ခဲ့ပြီး တချို့မြို့နယ်များမှာ မြို့နယ် အဆင့်သို့ ဆက် လက်ဖွဲ့စည်းရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ တရားဝင် အသင်းမှတ်ပုံတင်နိုင်သည်ထိ ဥပဒေပညာရှင်များနှင့် လက်တွဲကာ လုပ်ဆောင်နေကြကြောင်း၊ ယခုလည်း မုံရွာဒေသရှိ ကျေးရွာ လယ်သမား သမဂ္ဂများဖွဲ့စည်းနေကြောင်း သူက ဆက်ပြောသည်။
လယ်သမား သမဂ္ဂများ ပေါ်ပေါက်ရေးအတွက် မစုစုနွေးအပြင် အခြားသောသူများကလည်း ဦးဆောင် ကူညီပေး နေ ကြကြောင်းလည်း သိရသည်။
ယခုအခါ လယ်သမားများမှာ လယ်သိမ်းခံနေရသည့် အခက်အခဲများစွာ ကြုံနေရကြောင်း၊ ခေတ်အဆက်ဆက် ဖိနှိပ်ခံ ဘဝဖြစ်နေရပြီး ရုန်းမထွက်နိုင်ကြောင်း သို့အတွက် သမဂ္ဂများ ပေါ်ပေါက်ရေး ဝိုင်းဝန်းကူညီပေးနေခြင်းဖြစ်ကြောင်း လယ်သမား သမဂ္ဂများ ဖွဲ့စည်းရေး အကူအညီပေးသူ တဦးဖြစ်သော မုံရွာမြို့နယ် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုသက် ဆွေအေးက ဧရာဝတီကို ပြောသည်။
“တောင်သူ လယ်သမားတွေနဲ့ပတ်သက်တဲ့ ကိစ္စတော်တော်များများမှာ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ အသိပညာ အရလည်း နည်းပါးကြတဲ့ အခါကြတော့ သူတို့ကို အတတ်နိုင်ဆုံး ပညာပေးလုပ်ငန်းတွေနဲ့ အဆင့်ဆင့် အကူအညီ တွေ ပေးသွားနိုင်ဖို့ သူတို့မှာ ကြုံနေတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ သူတို့ဘက်ကနေပြီး မားမားမတ်မတ်ရပ် တည် ကူညီနိုင်ဖို့ ကျနော်တို့က ရည်ရွယ်ပါတယ်” ဟု သူက ဆိုသည်။
ယမန်နေ့ နံနက်က မုံရွာအနောက်ဘက် ချင်းတွင်းမြစ်အနောက်ဖက်၊ နဗူးတော ကျေးရွာမှာ လယ်သမား သမဂ္ဂဖွဲ့စည်း ရေးလုပ်နေကြောင်း၊ လူ ၁၀၀ ဝန်းကျင်လောက်တက်ကြောင်း၊ ဗုဒ္ဓဟူးနေ့ကလည်း ဝက်မှေးရွာနှင့် ဆည်တဲ ကျေးရွာ မှာဖွဲ့စည်းရာ မသွဲ့သွဲ့ဝင်းကို ဝက်မှေးရွာ လယ်သမားသမဂ္ဂ ဥက္ကဌ အဖြစ်၎င်း၊ ကိုမြင့်တင်ကို ဆည်တဲကျေးရွာ ဥက္ကဌ အဖြစ်၎င်း၊ တင်မြှောက်ခဲ့ကြောင်း၊ မနက်ဖြန်မှာ မုံရွာမှာ တောင်သူလယ်သမား ၁၀ ဦး ကော်မတီဖွဲ့ဖြစ်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဝက်မှေးရွာမှ လယ်သမား သမဂ္ဂ ဥက္ကဌအဖြစ် ကျေးရွာမှ ရွေးချယ် တင်မြောက်ခံရသူ မသွဲ့သွဲ့ဝင်းသည် မကြာသေးမီ က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ၎င်းတို့၏ လယ်ယာမြေများသိမ်းဆည်းခံရသည့်အတွက် ဆန္ဒပြ ဦးဆောင်မှုဖြင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူလည်း ဖြစ်သည်။
လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးသည် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ကွန်ယက်များနှင့် လက်တွဲကာ တိုင်းနှင့် ပြည် နယ်များတွင် လယ်သမားသမဂ္ဂများ ဖွဲ့စည်းနိုင်ရေး ကူညီပေးနေလျှက် လယ်သမားများနှင့်ပတ်သက်သည့် ဥပဒေရေးရာ အကြောင်း ဥပဒေပညာရှင်များဖြင့် သင်တန်းများလည်းပေးနေကြောင်း၊ သမဂ္ဂ ပေါ်ပေါက်ရေး ကူညီပေးရာတွင် လည်း တချို့အခက်အခဲ အနည်းငယ် ရှိကြောင်းလည်း သိရသည်။
“အခုလို ဖွဲ့စည်းရာမှာ တချို့နေရာတွေမှာ အဆင်ပြေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ကျမတို့ကို တိုက်ရိုက် ဖိ အား မပေးပေမယ့် သွယ်ဝိုက်တဲ့အနေနဲ့ တောင်သူလယ်သမားတွေကို ဒီသမဂ္ဂအဖွဲ့ထဲ မဝင်ကြဖို့ တဖက်လှည့်နဲ့ ရပ် ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ပြောတာဆိုတာမျိုးတော့ ရှိပါတယ်” ဟု မစုစုနွေးက ဆိုသည်။
ထိုကဲ့သို့ ရပ်ကွက်၊ ကျေးရွာ အဆင့် ဒေသအာဏာပိုင်များ၏ အဟန့်အတားများ ရှိလာသည့်အခါ ထမင်းရှင်အတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့အားလည်း ပူးပေါင်းကူညီရန် တိုက်တွန်းကြောင်း သူ က ဆက်ပြောသည်။
“လယ်သမား အရေးဆိုတာ ထမင်းစားတဲ့ ပြည်သူလူထုတရပ်လုံးနဲ့ ဆိုင်တယ်လို့။ ဒါကြောင့် ကျမ တို့ရဲ့ ထမင်းရှင် တွေကို ကျေးဇူးဆပ်ရမှာ ကျမတို့ရဲ့ တာဝန်လို့၊ အဲဒီတာဝန်နဲ့ ကျမတို့က လယ်သမားသမဂ္ဂတွေဖွဲ့၊ လယ်သမားတွေ အကျိုး လုပ်နေတာ ဘယ်သူကမှ ခိုင်းလို့မှ မဟုတ်ပါဘူးလို့ အဟန့်အတားလုပ်တဲ့ အာဏာပိုင်တချို့ကို ကျမ ဒီလိုပဲ ပြောပြပါတယ်” ဟု သူက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စု လွှတ်တော်က လယ်ယာမြေဆိုင်ရာ ဥပဒေ ကို ၂၀၁၂ ခု မတ် လ ၃၀ ရက် နေ့ ရက်စွဲဖြင့် ပြဌာန်းခဲ့သည်။ ယင်း ဥပဒေတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်၊ အခွင့်အရေး၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ အငြင်းပွားမှု ဖြေရှင်းခြင်းနှင့် အယူခံခြင်း၊ နစ်နာကြေးနှင့် လျော်ကြေးများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် အခန်း ၁၃ ခန်း ပါဝင်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ (ဂ) တွင် “ ပြည်သူ့ အခွင့်အရေး တစ်ရပ်ဖြစ်သည့် အသင်း အဖွဲ့ သို့မဟုတ် အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်ခွင့်” ဆိုသည်ကို ပြဌာန်းထားပြီးဖြစ်သည်နှင့် အညီ ယခုအခါ မြန်မာနိုင်ငံတွင် လယ်သမား သမဂ္ဂများပေါ်ပေါက်ရေး၊ အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကြိုးစားနေ ကြခြင်းဖြစ်သည်။