သမ္မတ ဦးသိန်းစိန် နိုဗဲလ် ငြိမ်းချမ်းရေး ဆုနှင့် လွဲချော်သွားရမှုအတွက် ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းအကြား စိတ်မကောင်း ဖြစ် နေကြပြီး ဆု ရရှိစေလိုကြကြောင်း သိရှိရသည်။
၂၀၁၂ ခုနှစ် အတွက် နိုဗဲလ် ငြိမ်းချမ်းရေး ဆု အား ဥရောပ သမဂ္ဂအဖွဲ့ကို ချီးမြှင့်လိုက်ရာ ခန့်မှန်းခြေ စာရင်းတွင် ပါဝင်နေသော သမ္မတ ဦးသိန်းစိန် ဆုနှင့် လွဲချော်ခဲ့ရမှုအတွက် စိတ်မကောင်းကြောင်း၊ သို့သော် ပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန်မြှင့်ပြီး
ငြိမ်းချမ်းရေး အမှန်တကယ် ရရှိလာပါက ယင်းဆုနှင့် အလှမ်းမဝေးဟု ထင်မြင်ကြောင်း ပြည်တွင်း နိုင်ငံရေးသမားများ က ဧရာဝတီ သို့ ပြောဆိုကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှ ငြိမ်းချမ်းရေးသုတေသန အင်စတီကျူဒ် ၏ နှစ်စဉ်ထုတ်ပြန်နေကျ ဆုရနိုင် ခြေရှိသူ အတိုချုပ်စာရင်းတွင် သမ္မတ ဦးသိန်းစိန် ပါဝင်လာခြင်း ဖြစ်သည်။
“သမ္မတ ဦးသိန်းစိန် နိုဗဲလ်ငြိမ်းချမ်းရေး ဆု အရွေးချယ် မခံရဘူး ဆိုတဲ့အတွက် စိတ်မကောင်းပါဘူး။ ဆန်ခါတင် စာရင်းမှာ ပါလာ တဲ့ အတွက် ဝမ်းသာတယ်။ နိုင်ငံသား တယောက်၊ တိုင်းရင်းသား တယောက်အနေနဲ့ ငြိမ်းချမ်းရေး ဆက်လုပ်သွားရင် သမ္မတကြီး လက်ထက်မှာ ငြိမ်းချမ်းရေးရမယ်လို့ မျှော်လင့်တယ်”ဟု ကချင် တိုင်းရင်းသား ဒေါက်တာ တူးဂျာ က ပြောသည်။
သမ္မတ ဦးသိန်းစိန်သည် ထူးခြားသော ခေါင်းဆောင်တဦးဖြစ်ပြီး သူ၏လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ပေါ်ထွန်း လာကြောင်း၊ ပြုပြင်ပြောင်းလဲမှုများမှာ မြန်ဆန်ပြီး ချီးကျူးစရာကောင်းကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေး မရရှိသေးခြင်း နှင့် ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရှိနေခြင်းက နိုဗဲလ် ငြိမ်းချမ်းရေးဆုအတွက် အဟန့်အတားဖြစ်သည်ဟု ထင်ကြောင်း ၎င်းက ဆို သည်။
“တောင်အာဖရိကမှာဆိုရင် နယ်လ်ဆင် မင်ဒဲလားလည်း ပထမငြိမ်းချမ်းရေးဆု ဆန်ခါတင် စာရင်းမှာပါတယ်။ ဆုမရဘူး။
ဒုတိယ တခေါက် စာရင်းမှာပါတော့မှ ရသွားတယ်”ဟုလည်း ဒေါက်တာ တူးဂျာက ပြောသည်။
ဒေါက်တာ တူးဂျာ သည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်ဟောင်းနှင့် ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) ခေါင်းဆောင် တဦးလည်း ဖြစ်သည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း သမ္မတ ဦးသိန်းစိန် အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက် မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ ၎င်းအနေဖြင့် နိုဗဲလ် ဆုထက် တိုင်းပြည်နှင့် လူမျိုး အကျုးိကိုသာ ဦးထိပ်ထားကြောင်း ဧရာဝတီ သို့ ပြောပြသည်။
“သမ္မတကြီးက သူ့အလုပ်သူ ဆက်လုပ်နေတယ်။ နိုဗဲလ်ဆုတွေ မှန်းပြီး လုပ်တာလည်း မဟုတ်ဘူး။ သူ စပြီး တာဝန်ယူတဲ့အချိန် ကစပြီး ငြိမ်းချမ်းအောင် လုပ်မယ်၊ ဖွံ့ဖြိုးအောင်လုပ်မယ်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်နေတာ။ သူ့ရဲ့နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ်မှာ စေတနာ ထားတာတွေရှိတော့ လူမှုကွန်ရက်တွေပေါ်မှာ ရပါစေဆိုပြီး ဆုတောင်းတာတွေ ဘာတွေရှိတာပေါ့”ဟု ဦးဇော်ဌေး က ပြောသည်။
ပြည်သူများ၏ထောက်ခံမှုနှင့် ယုံကြည်အားကိုးမှုကြောင့် သမ္မတအနေနှင့် ပြုပြင်ပြောင်းလဲမှုများကို နောက်ပြန် မလှည့်တန်း ဆက် လက် လုပ်ဆောင်သွားမည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ကလည်း သမ္မတ ဦးသိန်းစိန် နိုဗဲလ် ဆု ရရှိစေချင်ကြောင်း၊ ခန့်မှန်းခြေ စာရင်းတွင် ပါဝင်သည့်အတွက် ဂုဏ်ယူကြောင်း ပြောဆိုသည်။
“သမ္မတကြီး ဦးသိန်းစိန် ဆု ဆန်ခါတင်စာရင်းမှာ စဉ်းစားခံရတာကို အလေးထားပါတယ်။ ငြိမ်းချမ်းရေး နိုဗဲလ်ဆုအတွက် အနီးစပ် ဆုံး အစဉ်းစားခံရတယ် ဆိုတာက တော်တော်လေးကို မလွယ်တဲ့ကိစ္စပါ။ ဒါပေမယ့် အစဉ်းစား ခံရတာ ဂုဏ်ယူဖို့ ကောင်းပါတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။
ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ(RNDP) ဥက္ကဋ္ဌ လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာ အေး မောင်ကမူ လာမည့်နှစ်များအတွက် သမ္မတ ဦးသိန်းစိန်သည် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရရန် အလားအလာများကြောင်း ပြော သည်။
“ကျနော်တို့ သမ္မတကြီးလုပ်နေတဲ့ ငြိမ်းချမ်းရေးက ဒေသတွင်းငြိမ်းချမ်းရေးကိုလည်း အထောက်အကူပြုတယ်လေ။ အကုန်လုံးငြိမ်း ချမ်းသွားအောင် လုပ်နေတဲ့ သမ္မတကြီး ၂၀၁၃ အတွက် အများကြီး မျှော်လင့်လို့ရတယ်။ ငြိမ်းချမ်းရေးလုပ်တဲ့ လုပ်ငန်းတိုင်းကို ထောက်ခံတယ်။ ငြိမ်းချမ်းမှုလုပ်တယ် ဆိုကတည်းက ရည်ရွယ်ချက်တိုင်း အောင်မြင်အောင် လုပ်ဖို့လိုပါတယ်”ဟု ဒေါက်တာ အေး မောင် က ပြောဆိုသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေးကလည်း သမ္မတ ဦးသိန်းစိန် နိုဗဲလ် ငြိမ်းချမ်းရေး ဆု ခန့်မှန်းခြေ စာရင်းတွင် ပါဝင်နေခြင်းသည် ကမ္ဘာကြီးက ပြုပြင် ပြောင်းလဲရေးသမားများကို မေ့မထားကြောင်း သက်သေပြနေသည်ဟု ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် ဆုရကတည်းက အရမ်းဂုဏ်ယူတယ်။ အခု သမ္မတကြီးက စာရင်းမှာပါတယ် ဆိုကတည်းက ဂုဏ်ယူဖို့ကောင်း ပါတယ်။ ကမ္ဘာကြီးက ပြုပြင် ပြောင်းလဲရေးသမားတွေကို ပစ်မထားဘူးဆိုတာ သက်သေပြတာပဲ။ ပြည်သူ လူထုအကျိုးကို ကြည့်မယ်၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို လုပ်မယ်ဆိုရင် အဲဒီလူကို လူ့အဖွဲ့အစည်းက ပစ်မထားဘူးဆိုတာ နိုဗဲလ် ငြိမ်းချမ်း ရေး ဆု စာရင်းမှာပါတယ် ဆိုတာက သက်သေပြနေပါတယ်။ ရှေ့ဆက်ပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်မယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင် လုပ်တဲ့သူတွေအားလုံးက နိုဗဲလ် ငြိမ်းချမ်းရေးဆုနဲ့ နီးစပ်နိုင်မှာပါ”ဟု ကိုမြအေး က ပြောဆိုသည်။
နိုဗဲလ် ဆု ရွေးချယ်ရေး ကော်မတီ က ၁၉၉၁ ခုနှစ်တွင် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် အဖြစ် မြန်မာနိုင်ငံမှ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။