ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ပြီးဆုံးမှု ၄ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည်တည်ထောင်ရေး ကိစ္စများ ကြန့်ကြာနေသဖြင့် ဒေသခံများအနေဖြင့် ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများ ထိခိုက်မှုရှိနေကြောင်း စုံစမ်းသိရှိရသည်။
အကြမ်းဖက်မှု ပဋိပက္ခများအကြားတွင် ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ အိုးအိမ်များနှင့် ဘင်္ဂါလီ လူမျိုးများ၏ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြန်လည် တည်ဆောက်ပေးမှု နှောင့်နှေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်မှု မရှိသေးခြင်းနှင့် ကျောင်းသားကျောင်းသူများ ကျောင်းပြန်တက်နိုင်ရေး ယုံကြည်မှု တည်ဆောက် မပေးနိုင်ခြင်းတို့အတွက် အခက်ကြုံနေရသည်ဟု သိရသည်။
“တဖက်နဲ့ တဖက် ယုံကြည်မှု မရမချင်း ကလေးတွေ ကျောင်းသွားဖို့ကိစ္စတွေက မဖြစ်နိုင်သေးဘူး။ အစိုးရကလည်း ဒီဟာကို ကျောင်းတက်လို့ရအောင် ဘယ်လိုလုပ်ပေးမယ်ဆိုတာ ဘာမှ မသိရဘူး။ အိမ်တွေ ပြန်မဆောက်ပေးသေးတော့၊ ဒုက္ခသည်တွေက အိမ်ကိုပြန်မလာနိုင်သေးတော့ ဈေးဆိုင်တွေလည်း ပြန်မဖွင့်နိုင်သေးဘူးပေါ့” ဟု မောင်တောမြို့ခံ ဦးအာလူစိန်က ဧရာဝတီသို့ ပြောသည်။
ဇန်နဝါရီလ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၌ အဆောက်အအုံ ၄၈၂၂ လုံး၊ ဗလီ ၁၇ ခု၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်းပျက်စီးသွားခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
ပဋိပက္ခများအကြား ဆုံးရှုံးသွားသောအိမ်များကို အစားထိုးပြန်ဆောက်ပေးရန် အစိုးရက ကတိပြုထားသော်လည်း အိမ်ခြေ ၈၀၀ ခန့် ဆောက်လုပ်ပေးရန် ရှိသည့် မောင်တောမြို့ ရွှေရင်အေးနှင့် ခရေမြိုင်ကျေးရွာတို့တွင် ကျပ် ၁၈ သိန်းမှ ၂၃ သိန်းအကြား တန်သည့် အိမ်အလုံး ၁၀၀ ခန့်သာ ဆောက်လုပ် ပေးနိုင်သေးကြောင်း မျက်မြင်များက ပြောသည်။
ပြည်နယ်အစိုးရ တာဝန်ရှိသူ တဦးက “နေအိမ်ပြန်လည် တည်ဆောက်ရေးကိစ္စတွေက နယ်စပ်ရေးရာကကိုင်တာ။ ဘယ်သူတွေနဲ့ ဘယ်လိုဆောက်မှာ၊ ဘယ်တော့ဆိုတာတွေ ပွင့်ပွင့်လင်းလင်း သိရတာမဟုတ်ဘူး။ အခုဆောက်ထားတဲ့ အိမ်လေးတွေတောင် သေးလွန်းလို့လား မသိဘူး၊ ဟိုတလောက တူရကီက အဖွဲ့တွေလာသွားတုန်းက မေးသွားတယ်။ ဒီဟာက ယာယီတဲ ဆောက်ပေးထားတာလားတဲ့၊ ဒါတွေက ထပ်ရှင်းရဦးမယ်ထင်တယ်” ဟု ပြောသည်။
အစိုးရက ကျောင်းများ ပြန်ဖွင့်ပေးထားသော်လည်း ဒေသတွင်းတွင် တဖက်နှင့်တဖက် ယုံကြည်မှု မရရှိနိုင်ကြသေးသည့်အတွက် ကျောင်းပညာရေးများ နှောင့်နှေးကြန့်ကြာနေကြောင်း၊ ထို့အတူ ကုန်သွယ်စီးပွားရေး လုပ်ငန်းများမှာလည်း ထိခိုက်ဆုံးရှုံးမှုများ ရှိနေဆဲဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
“စီးပွားရေးပိုင်းက တချို့လက်လုပ်လက်စားတွေက ဒုက္ခသည်စခန်းထဲမှာလည်း ရိက္ခာရနေတော့ သိပ်ပြဿနာမရှိဘူး၊ တကယ့် စီးပွားရေး လုပ်နေတဲ့လူတွေမှာကျတော့ သူတို့ဟာတွေက မီးထဲပါသွားတော့ အကုန်လုံး ဆုံးရှုံးသွားတဲ့ အပိုင်းကဏ္ဍမှာဆိုရင် အစကနေပြန်ပြီး တည်ဆောက်ရမှာဆိုတော့ အဲဒီလူတွေအတွက်က အရမ်းကို ဒုက္ခရောက်ကြတာပေါ့” ဟု ဦးအောင်မြကျော်က ဧရာဝတီသို့ ပြောသည်။
စစ်တွေမြို့တွင် အကြမ်းဖက်မှုအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ပြန်လည်တည်ထောင်ရေး လုပ်ငန်းများကို အစိုးရက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ကြေညာခြင်း မရှိသည့်အတွက် ဒုက္ခသည်များအနေဖြင့် ကြိုတင်ပြင်ဆင်နိုင်ရန် အခက်ရှိနေကြောင်း သူက ဆက်ပြောသည်။
အစိုးရဘက်တွင်းလည်း ပြန်လည်တည်ထောင်ရေး ကိစ္စရပ်များတွက် ငွေကြေးအခက်ခဲ ကြုံတွေ့နေကြောင်း ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းပေးထားသော ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောသည်။
“ထောပံ့တဲ့ငွေကြေးကလည်း တဖြည်းဖြည်း နည်းလာတာလည်းပါတယ်။ အစတုန်းကလောက်တော့ မရှိတော့ဘူးပေါ့၊ အဓိက ကတော့ ငွေကြေးရှိမှပဲ ဖြစ်မှာကိုး” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ထို့အပြင် အစိုးရအနေဖြင့် လက်လှမ်းမမီသည့် နေရာများတွင်ရှိနေသော ဒုက္ခသည်များမှာ စားဝတ်နေရေး ကူညီရရှိနိုင်ရန် အခက်ခဲတွေ့နေကြောင်း၊ အဆိုပါ ဒုက္ခသည်များထံသို့လည်း အရောက်ပို့ပေးနိုင်ရန် ကြိုးစားနေကြောင်း သူကဆက်ပြောသည်။
ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းကမူ “ပြန်လည်တည်ထောင်ရေးနဲ့ တည်ဆောက်ရေးကိစ္စတွေမှာ စုံစမ်းရေး ကော်မရှင် ရှိတယ်ဗျ။ ဒီကော်မရှင်ရဲ့ အဖြေတွေက ထွက်လာဦးမှာ။ အဲဒီအခါကျမှ နိုင်ငံတော်က ဒီလိုလုပ်ပါဆိုတဲ့ Road Map တခုတော့ ထွက်လာလိမ့်မယ်။ ကျနော်တို့ ပြည်နယ်အစိုးရရဲ့ သဘောထားတခုတည်းနဲ့ လုပ်လို့မရဘူး။ ဒီမှာဖြစ်နေတဲ့ နှစ်ဖက်လုံးအခြေအနေကို အဝေးကလူတွေက မသိနိုင်ဘူး၊ ဒီမှာလက်တွေ့လုပ်ရတဲ့ လူတွေမှာ တော်တော်ခက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သော မောင်တောမြို့နှင့် ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်တော်တို့တွင် ည ၇ နာရီမှ နံနက် ၅ နာရီ သတ်မှတ်ထားရာမှ ယခုအခါ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ အစိုးရက လျှော့ချပေးလိုက်သော်လည်း နှစ်ဖက် ယုံကြည်မှု နည်းနေသေးသဖြင့် ကူးသန်းသွားလာရေးမှာလည်း ခက်ခဲနေဆဲဟု ဆိုသည်။
“အမျိုးသမီးတွေ ကလေးမွေးလို့၊ တယောက်ယောက် ကျန်းမာရေးမကောင်းလို့ ဆေးရုံသွားချင်တာတို့၊ ဈေးသွားဝယ်ချင်တာတို့ ဆိုရင် သူတို့နားကနေ ဖြတ်မသွားရဲဘူး။ ဟိုတုန်းက ဒီကောင်ပါတယ်ဆိုပြီး ဝိုင်းရိုက်ရင် ခံရမှာ။ သူတို့လည်း အဲလိုပဲ၊ ကျနော်တို့ဘက်ကို လာလို့မရဲကြဘူး” ဟု ဦးအာလူစိန်က ပြောသည်။