နိုင်ငံခြားသား ခံယူထားသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence – PR) ရရှိနိုင်မည့် စနစ်ကို လာမည့် ၃ လအတွင်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။
ယမန်နေ့က နေပြည်တော်တွင် စတင်ကျင်းပသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် ညီလာခံ ၂၀၁၂
အခမ်းအနားကို သမ္မတ ဦးသိန်းစိန်နှင့် အစိုးရဝန်ကြီးအဖွဲ့ လာရောက်ကြစဉ် ဝန်ကြီး ဦးခင်ရီက သတင်းထောက်တချို့ကို
ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“PR စနစ်က ၃ လလောက်ဆိုရင် အကောင်အထည် ပေါ်လောက်ပြီ” ဟု ဦးခင်ရီက ဆိုသည်။
PR စနစ်သည် လတ်တလော အနေအထားတွင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများ၌ ရောက်ရှိ နေထိုင်နေရသော နိုင်ငံခြားသား ခံယူထားသည့် မြန်မာများအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေးအကြံပေး ကောင်စီဝင်နှင့် ငြိမ်းချမ်းရေးအကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
“PR စနစ်က ဝန်ကြီးဦးခင်ရီတင် ပြောတာ မဟုတ်ပါဘူး။ သမ္မတလည်း ပြောတာပါပဲ။ ဦးအောင်မင်းလည်း ပြောတာပါပဲ။ ဒါက ပြောနေတာကြာပြီ။ ဒီအတွက် သူတို့လည်း လေ့လာနေကြပါတယ်။ အဲဒါကတော့ ကျနော်တို့ ရှေ့မှာ လုပ်ထားတဲ့ နိုင်ငံတွေရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို ဝေဖန်ပြီးတော့ လုပ်ဖို့ပါပဲ။ အထူးသဖြင့်တော့ အိန္ဒိယလို နိုင်ငံမျိုးပေါ့။ စင်ကာပူတို့၊ ဗီယက်နမ်တို့ တရုတ်တို့မှာလည်း လုပ်ထားတာရှိတယ်။ လိုအပ်တဲ့ ဥပဒေအနေနဲ့ လုပ်ထုံးလုပ်နည်းတွေ ထွက်မှာပေါ့။ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက လုပ်မှာပါ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ နိုင်ငံခြားသား ခံယူထားသော မြန်မာများ အနေဖြင့် မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားမည်ဆိုပါက နိုင်ငံခြားသားဘဝကို စွန့်လွှတ်ပြီးမှ လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း ဦးခင်ရီ၏ အဆိုအရ သိရသည်။
“ဥပဒေအရ နှစ်နိုင်ငံသား (Dual Citizens) ခွင့်ပြုလို့မရဘူး” ဟု ဦးခင်ရီက ပြောသည်။