ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကျန်မာရေး အကူအညီပေးနေသည့် AZG (Artsen zonder Grenzen) အဖွဲ့ရုံးများ ပြန်ဖွင့်ရေးကို ယင်းအဖွဲ့မှ တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်နေ့တွင် လာရောက်တွေ့ဆုံ ဆွေးနွေးသော်လည်း ပြည်သူအများစုက လက်မခံကြကြောင်း သိရသည်။
မောင်တောမြို့ မြို့မကျောင်းတွင် ပြုလုပ်သည့် ယင်းဆွေးနွေးပွဲတွင် AZG က ရခိုင်များအတွက် ဆေးခန်းနှင့် ဘင်္ဂါလီများအတွက် ဆေးခန်း သီးခြားဖွင့်ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း လက်မခံဘဲ ကန့်ကွက်ခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်သူ မြို့ခံ ဦးမောင်မောင်သိန်းက ပြောသည်။
“သူတို့က ရခိုင်အတွက် ဆေးခန်း၊ ဘင်္ဂါလီအတွက် ဆေးခန်းဆိုပြီး ခွဲခြားဖွင့်ပေးမယ်လို့ ပြောတယ်။ အဲဒါကို တက်ရောက်တဲ့လူတွေက ဒီလိုသာ ခွဲခြားထားမယ်ဆိုရင် မနက်ဖြန်မှာ ကျောင်းတခြား၊ ဆေးခန်းတခြား၊ လမ်းတခြား ဖြစ်လာမယ်။ ဒါဟာ လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ထောက်ပြကြတယ်။ တကယ်လို့ လုပ်ချင်ရင် မြို့နယ်ဆရာဝန်ကြီးရဲ့ အုပ်ချုပ်မှု အောက်မှာသာ လုပ်ကိုင်ရမယ်ဆိုပြီး ပြောလိုက်ကြပါတယ်။ ဒါကို သူတို့က အထက်ကို တင်ပြပေးမယ်လို့ ပြောသွားပါတယ်” ဟု ဦးမောင်မောင်သိန်းက ပြောသည်။
AZG အဖွဲ့သည် နယ်သာလန် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များအတွင်း တီဘီရောဂါ၊ တခြား ကူးစက်ရောဂါ ဖြစ်ပွားနေသူများကို ကုသပေး၊ ဆေးဝါးကူညီပေးနေသကဲ့သို့ ငွေကြေးလည်း အထောက်အပံ့ပေးနေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ AZG တာဝန်ခံ၊ ၎င်း၏ စကားပြန်တဦး၊ ခရစ်ယာန်ဘာသာဝင်တဦး၊ ရခိုင်များဘက်မှ မြို့မကျောင်း ဆရာတော်၊ အောင်ဗလကျောင်း ဆရာတော်၊ အောင်မြေဗောဓိ ဆရာတော်၊ သုံးမိုင် ဆရာတော်နှင့် ရပ်မိရပ်ဖ ၁၀၀ ခန့် တက်ရောက်သည်။
AZG ကို ရုံးပြန်ဖွင့်ရန် လက်မခံလိုခြင်းနှင့် ပတ်သက်၍ အောင်ဗလကျောင်း ဆရာတော်က “AZG ရဲ့ စည်းကမ်းမှာတော့ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ကူညီပေးတယ်ဆိုပြီး ပြောပေမယ့် လက်တွေ့ ကူညီတဲ့အခါ ဘင်္ဂါလီ ၉၀၊ တိုင်းရင်းသားက ၁၀ ယောက်လောက်ပဲ ကူညီဆောင်ရွက်ပေးတာ တွေ့ရပါတယ်။ နောက်လည်း သူတို့ ရုံးပြန်ဖွင့်လာရင် ဒီအတိုင်းပဲ လုပ်ဆောင်သွားမှာကို ဆရာတော်တို့ အပါအဝင် တက်ရောက်တဲ့ လူတွေအားလုံးက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် လက်မခံကြတာ ဖြစ်ပါတယ်” ဟု မိန့်သည်။
AZG သည် ရခိုင်ဒေသတွင် ၁၈ နှစ်ကြာ လှုပ်ရှားခဲ့သော်လည်း ရခိုင်ဒေသခံအများစုက ယင်းအဖွဲ့ကို မသိရှိကြောင်း၊ ရခိုင်လူမျိုးများ၏ အမြင်တွင် AZG သည် မွတ်စလင်များကိုသာ အကူအညီပေးနေသည့် အဖွဲ့ဟု မြင်နေကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
ပြီးခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် AZG ရုံးများ အားလုံး ပိတ်ထားဆဲဖြစ်ပြီး မောင်တောမြို့ ဆွေးနွေးပွဲ ရလဒ်မကောင်းသည့်တိုင် အစိုးရပိုင်းနှင့် အဆင်ပြေအောင် ကြိုးပမ်းနေကြောင်း မောင်တောမြို့ AZG အဖွဲ့ ဝန်ထမ်းတဦးဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။
“ကျနော်တို့ တာဝန်ရှိတဲ့သူတွေကတော့ ပြန်ဖွင့်ဖို့ကိစ္စကို မောင်တောမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် တက်ရောက်တဲ့ လူတွေက လက်မခံဘူး။ လက်မခံပေမယ့် ရုံးတွေ ပြန်ဖွင့်နိုင်အောင်တော့ ကြိုးစားနေကြတယ်။ အခုတော့ ဘယ်နေရာမှ ပြန်မဖွင့်ဖြစ်သေးပါဘူး။ ပြန်ဖွင့်နိုင်အောင်တော့ သူတို့ လုပ်ဆောင်ကြမှာပါ” ဟု ဦးသိန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။
ဇွန်လက စတင်ဖြစ်ပွားသည့် ရခိုင်ပြည်နယ် ပဋိပက္ခတွင် AZG မှ ဝန်ထမ်းတချို့ ပါဝင်ပတ်သက်သည်ဟုဆိုတာ အစိုးရက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။