ပုပ္ပားတောင် ချစ်သူများအဖွဲ့၏ တောင်းဆိုမှုကြောင့် ပုပ္ပားတောင်မကြီးပေါ်မှ သစ်တော ဦးစီးဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့၏ ဖက်စပ် လက်ဖက်စိုက်ခင်းများနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနပိုင် ကျောက်ပန်းတောင်း – မြင်းခြံ ကားလမ်းပေါ်ရှိ ပိုဆိုလန် ဘိလပ်မြေ အစားထိုးစက်ရုံ လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။
ဒေသခံများနှင့် ပုပ္ပားတောင် ချစ်သူ အဖွဲ့ဝင်များက ယာယီရပ်ဆိုင်းခြင်း မဟုတ်ဘဲ အမြဲတမ်း ရပ်နားပေးရန် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ တိုင်ကြားစာများ ပေးပို့ထားရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လာမည့် ဆဋ္ဌမအကြိမ် လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုဆိုလန် စက်ရုံမှ စက်ရုံမှူး ဦးခင်ဌေးကမူ “ကြေးနီတောင်လိုမျိုး စက်ကြီးတွေနဲ့ တူးနေတာမှမဟုတ်တာဗျာ၊ စက်သံတွေဆူတယ် ဆိုရင်လည်း လာကြည့်ကြပါ။ စက်ရုံ ပိတ်ရင် ကျနော်တို့က ဘာမှမဖြစ်ဘူး၊ ဒေသခံတွေပဲ အလုပ်လက်မဲ့ဖြစ်ပြီး ဒုက္ခ ရောက်ကြမှာ” ဟု ပြောသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနပိုင် ပိုဆိုလန်စက်ရုံသည် ဧက ၂၀၀ ခန့် ကျယ်ဝန်းပြီး ကျောက်ပန်းတောင်း – မြင်းခြံ ကားလမ်းမကြီးပေါ်တွင် ရှိကြောင်း၊ ယင်းစက်ရုံက ပုပ္ပားတောင်မကြီးပေါ်မှ ထွက်သော ပိုဆိုလန် (ခေါ်) မီးတောင် ပြာမှုန်များကို တူးယူးပြီး ဘိလပ်မြေ အစားထိုးအမှုန့် ထုတ်လုပ်၍ ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းနှင့် အထက် ပေါင်းလောင်းဆည်တို့အတွက် တင်ပို့ အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစက်ရုံကို ၂၀၀၀ ပြည့်နှစ် ခန့်က စတင်လည်ပတ်ခဲ့ပြီး ဒေသခံ လုပ်သားအင်အား ၁၅၀ ခန့် ဝင်ရောက် အလုပ်လုပ် နေကြသည်။ ၂၀၀၆ ခုနှစ်၌ စက်ရုံကြောင့် ရေကြီးပြီး အနီးအနားရှိ ရွာ ၂ ရွာမှ လူ ၁၇ ဦး သေဆုံးခဲ့သဖြင့် လျော်ကြေး ပေးခဲ့ရဖူးသည်။
ကျောက်ပန်းတောင်းမြို့ခံ အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ မွတ်တားက ပိုဆိုလန် တူးဖော်ရာနေရာမှ ထွက်ရှိသော အမှုန်များသည် ပတ်ဝန်းကျင် ရွာများရှိ ရေတွင်း၊ ရေကန်များသို့ ဝင်ရောက်နေသဖြင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့ နေရာကြောင်း၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားနေရသော လူနာများ ရှိကြောင်း ပြောသည်။
ထို့အပြင် လူစိမ်းများ ဝင်ထွက်သွားလာမှု များပြားလာပြီး ပုပ္ပားတောင်ပေါ်မှာ မျောက်များကို ဖမ်းဆီးစားသောက်ခြင်းများ ပြုလုပ်ကြကြောင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။
“ကမ္ဘာပေါ်မှာ အရှားပါးဆုံး စာရင်းဝင်တဲ့ မျောက်မျက်ကွင်းဖြူက မြန်မာတပြည်လုံး ဒီပုပ္ပား တောင်ပေါ်မှပဲရှိတာ။ ၁၉၈၆ ခုနှစ် အထိကို အကောင် ၁၅၀ လောက်ရှိတာ၊ အခုဆိုရင် ၅၀ လောက်တောင် မကျန်တော့ဘူး၊ မျောက်သားတွေ ချက်စား နေကြတယ်လေ” ဟု သူက ပြောသည်။
ထို့အပြင် သစ်တောဦးစီးဌာနနှင့် တင်ဝင်းထွန်း ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင် နေသော ဧက ၅၀၀ ခန့် ရှိသည့် လက်ဖက် စိုက်ခင်းများကိုလည်း တောင်ပေါ်ရှိ သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးခဲ့ကြကြောင်း၊ ဒေသခံ ရွာသားများ၏ နဂါးမောက်သီး စိုက်ခင်းများလည်း တောင်ပေါ်တွင်ရှိနေပြီး လက်ဖက်နှင့် နဂါးမောက်ပင်များက ရေစုပ်ယူသည့်အတွက် ပုပ္ပား တောင်မကြီးပေါ်တွင် ရှိသော သဘာ၀ ရေထွက်ပေါက် ၁၅၀ ကျော်က ယခုအခါမှာ ၆၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ယခုနှစ် မိုးရာသီ၌ ကျောက်ပန်းတောင်းမြို့နယ် တဝိုက်တွင် မိုးခေါင်ခဲ့ခြင်းကြောင့် မိုးရေ အလုံအလောက် မရရှိခဲ့သည့်အပြင်၊ ရေထွက်ပေါက်များမှ ရေရရှိမှု နည်းလာသောကြောင့် ယခုအခါ ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၂၆ ရွာနှင့် ချောက်မြို့နယ်၊ ရေနံချောင်းမြို့နယ်နှင့် ပုဂံ – ညောင်ဦး တဝိုက်တွင် ရေပြဿနာကြုံ တွေ့နေရသည်ဟု ပုပ္ပားတောင် ချစ်သူများ အဖွဲ့မှ ကိုရဲဝင်းအောင်က ပြောသည်။
ကျောက်ပန်းတောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီက ၁၉၉၀ ခုနှစ်မှ စတင်ကာ ပုပ္ပားတောင် ရေထွက်ပေါက် များက ထွက်ရှိသော ရေများအား ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်း မြို့ကြားတွင်ရှိသော ဆယ်ပေါက် ကျေးရွာတွင် ရေလှောင်ကန် များနှင့် သိုလှောင်ထားပြီး စက်ရေတွင်းများမှ ရသော ရေများအား ပိုက်လိုင်းများကနေ တစ်ဆင့် မြို့ပေါ်သို့ ရေပေးဝေခဲ့သည်။ ရေထွက်ပေါက်များမှ ရေရရှိမှု နည်းလာသဖြင့် ကျောက်ပန်းတောင်းမြို့နှင့် ၄ မိုင်သာဝေးသည့် အင်တောရွာ၌ စက်ရေတွင်းနှင့် ရေလှောင်ကန်များကို ၂၀၁၁ ခုနှစ်၌ ထပ်မံ တူးဖော်ခဲ့သော်လည်း ယခုနှစ်အထိ ပိုက်လိုင်း သွယ်တန်းခွင့် မကျသေးကြောင်း သိရသည်။
တင်ဝင်းထွန်း ကုမ္ပဏီအား ဧရာဝတီမှ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်း လက်ခံဖြေဆိုခြင်း မရှိပေ။ ထို့အတူ ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးမှူးကလည်း ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးအုန်းက ပုပ္ပားတောင်သည် ရေဝေရေလဲ ဒေသဖြစ်ခြင်းကြောင့် ရေထွက်ပေါက်များ ပြန်ပွင့်ကာ စိမ်းလန်းစိုပြေရန်အတွက် ပထမဆုံး အဆင့်အနေဖြင့် ယူကလစ်၊ ရှား၊ မဲဇလီ၊ ထနောင်း၊ ကုကိ္ကု အစရှိ သော ဒေသခံ အပင်များအား တောင်ပေါ်တွင် ပြန်လည်စိုက်ပျိုးသင့်ကြောင်း ပြောသည်။
ပုပ္ပားတောင်ကို ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်၍ သြဂုတ်လ ၂၀ ရက်နေ့က ပုပ္ပားတောင် ချစ်သူများ အဖွဲ့အား သဘာ၀ ပတ်ဝန်းကျင် ပညာရှင်များဖြစ်သော ဦးအုန်းနှင့် ဦးဝင်းမျိုးသူတို့က ဦးဆောင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် အဖွဲ့ဝင်များက မြို့ပေါ်နှင့် တောင်ပေါ်တွင် ရွာသားများနှင့် ပူးပေါင်းပြီး အစည်းအဝေးများ မကြာခဏ ကျင်းပကာ ဒေသခံပေါင်း ၁၀၀ ခန့်ဖြင့် တလလျှင် ၇ ကြိမ်ခန့် တောင်ပေါ်တွင် သစ်တော သန့်ရှင်းရေးများ ပြုလုပ်နေကြပြီး ခုတ်ထွင် ရှင်းလင်း ခံခဲ့ရသော သစ်ပင်များအား ပြန်လည် စိုက်ပျိုးခွင့် ပေးရန် တောင်းဆိုထားကြကြောင်း သိရသည်။